spot_img
25.2 C
Loikaw
Tuesday 2, December 2025
spot_img
Homeဆောင်းပါး“သံလွင်မြစ် အာဆင်းနစ်အဆိပ်သင့်မှုကို အရေးကြီး ဆောင်ရွက်သင့် “

“သံလွင်မြစ် အာဆင်းနစ်အဆိပ်သင့်မှုကို အရေးကြီး ဆောင်ရွက်သင့် “

-

ကန္တာရဝတီတိုင်း ( မ် )

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ထိစပ်နေတဲ့ သံလွင်မြစ်တစ်လျှောက်က စောင့်ကြည့်ရေးနေရာ ၁၃ ခုမှာ အာဆင်းနစ်ညစ်ညမ်းမှု(အဆိပ်သင့်မှု)ဟာ ဘေးကင်းရေးကန့်သတ်ချက်ထက် ကျော်လွန်နေတာကို ထိုင်းနိုင်ငံရဲ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (PCD) က တွေ့ရှိခဲ့တယ်လို့ ဘန်ကောက်ပိုစ့်က သတင်းဖော်ပြပါတယ်။

PCD ရဲ့ ညွှန်ကြားရေးမှူးချုပ် မစ္စတာ စူရင်း နဲ့အဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နဲ့ ၁၃ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ်က မယ်စရင်း နဲ့ ဆော့မွိုင်း(sop moi) တစ်လျှောက်မှာ ရေ နဲ့ အနည်အနှစ် နမူနာကို စုဆောင်းခဲ့ပြီး ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ အာဆင်းနစ်ပါဝင်မှု သတ်မှတ်စံနှုန်းထက် ကျော်လွန်နေတာကို တွေ့ရှိခဲ့တာပါ။

ထိုင်းရဲ့ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာတာဝန်ရှိသူတွေကို သံလွင်မြစ်က အာဆင်းနစ်သတ္တုဓတ် ပါဝင်နေတာတွေကို တွေ့ရှိရတဲ့အခြေအနေနဲ့ မြစ်အထက်ပိုင်းက ညစ်ညမ်းမှုဖြစ်စေရတဲ့ အရင်းမြစ်ကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုသွားမယ် မစ္စတာ စူရင်းက ပြောကြားတာကို ဘန်ကောက်ပိုစ့်က သတင်းဖော်ပြထားပါတယ်။

အာဆင်းနစ်အဆိပ်သင့်တယ်ဆိုတာ ဘာလဲ

အာဆင်းနစ်ပါဝင်တဲ့ အစားအစာကို စားသုံးမိတာ၊ ရှူရိုက်မိတာ၊ အရေပြားနဲ့ ထိတွေ့တာကနေ အာဆင်းနစ်အဆိပ်သင့်မှုကို ဖြစ်စေတတ်ပါတယ်။

အာဆင်းနစ် က ရေ ၊ မြေဆီလွှာ နဲ့ တချို့သော အစားအစာတွေမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ဒြပ်စင်ဖြစ်ပြီး သတ်မှတ်ပမာဏထက် ကျော်လွန်ပါက အဆိပ်သက်ရောက်မှုဖြစ်စေပြီး ပြင်းထန်တဲ့ နာတာရှည် ကျန်းမာရေးပြဿနာကို ဖြစ်ပေါ်စေပါတယ်။

မြစ်ချောင်းတွေမှာ အာဆင်းနစ်က မြေအောက်ရေမှာ သဘာဝအလျောက်ဖြစ်ပေါ်နေတတ်သလို သတ္တုတူးဖော်ရေးလုပ်ငန်း၊ သတ္တုအရည်ကြိုတဲ့လုပ်ငန်း၊ စက်မှုလုပ်ငန်းတွေကနေ သုံးတဲ့ ဓာတုပစ္စည်းပေါ် မူတည်ပြီး အာဆင်းနစ်အဆိပ်သင့်တာမျိုးလည်း ရှိနေတတ်ပါတယ်။

သံလွင်မြစ်ဖြတ်သန်းစီးဆင်းနေတဲ့ ကရင်နီပြည် ၊ ရွာသစ်မြို့တစ်နေရာက ဆိပ်ကမ်းမြင်ကွင်း

ထိုင်း – ကရင်နီနယ်စပ် မယ်ဟောင်ဆောင်ခရိုင် အတွင်းက သံလွင်မြစ်တစ်လျှောက်က နေရာတွေမှာ မြစ်ရေကို စမ်းသပ်ကြည့်တဲ့အခါ ဓတ်ခွဲစမ်းသပ်ချက်အရ အာဆင်းနစ်ပါဝင်မှုဟာ ရေတလီတာမှာ ၀.၀၁ မီလီဂရမ်စံနှုန်း ထက်ကျော် လွန်နေတာကိုတွေ့ရှိရပြီး တနေရာမှာတော့ ၀.၀၅ မီလီဂရမ်ထက် ကျော်လွန်တဲ့ ခဲညစ်ညမ်းမှုကို တွေ့ရှိခဲ့သလို မာကျူရီပါဝင်မှုမှာတော့ ဘေးကင်းရေးကန့်သတ်ချက်အတွင်း ရှိနေတာကို ဘန်ကောက်ပို့စ်ဌာနတွေက ဖော်ပြပါတယ်။

မြစ်ချောင်းတွေမှာ ပုံမှန်ထက် အာဆင်းနစ်ပါဝင်မှု များနေတာဟာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင် ဖြစ်နိုင်တယ်လို့ သံလွင်မြစ်အာဆင်းနစ်အဆိပ်သင့်နေတဲ့အပေါ် ကန္တာရဝတီတိုင်း ( မ် ) ရဲ့ မေးမြန်းမှုကို Insight Research Corner ရဲ့ ဒါရိုက်တာ ဒေါက်တာလွင်လွင်ဝေက ကောက်ချက်ချပါတယ်။ ဒေါက်တာလွင်လွင်ဝေဟာ သဘာဝပတ်ဝန်းကျင်အရေးကို နှစ်ပေါင်း ဆယ်စုနှစ်ကျော် ဆောင်ရွက်လာသလို သုတေတီတစ်ဦးလည်း ဖြစ်ပါတယ်။

“သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ဖြစ်လာတဲ့ မြစ်ချောင်းညစ်ညမ်းမှုပေါ့ ဒီမြစ်ရေကတဆင့် အာဆင်းနစ်ပါဝင်မှု များနေတဲ့ ကိစ္စရပ်က လူတွေရဲ့ဖန်တီးမှုကြောင့် ဖြစ်တယ်။ အဓိက ဓတ်သတ္တု တူးဖော်ရေး လုပ်ငန်းတွေကြောင့် ဖြစ်တယ်။” လို့ ဒေါက်တာလွင်လွင်ဝေက ဆိုပါတယ်။

ထိုင်းနိုင်ငံက တာဝန်ရှိသူတွေကတော့ အာဆင်းနစ်အဆိပ်သင့်နေတဲ့ သံလွင်မြစ်က ငါးတွေကို မစားဖို့ ၊ ရေကို မသုံးဖို့ တားမြစ်ချက်ထုတ်ထားသလို နယ်နမိတ်ချင်းထိစပ်နေတဲ့ ကရင်နီပြည်က သံလွင်မြစ်ကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်လို့ ဒေါက်တာလွင်လွင်ဝေက မှတ်ချက်ပြုပါတယ်။

မြစ်ရေညစ်ညမ်းနေတာကြောင့် သက်ဆိုင်ရာ အစိုးရက စစ်ဆေးဖို့ လိုအပ်သလို သဘာဝပတ်ဝန်းကျင်စစ်ဆေးမှုလို့ ပြောတဲ့ Environment Monitoring (ပတ်ဝန်းကျင်စောင့်ကြည်ခြင်း ) ၊ ရေရဲ့အရည်အသွေးကို ပြန်စစ်ဆေးတာကို လုပ်ဆောင်သင့်ပြီး အဆိပ်သင့်မှုကြုံတွေ့နေရပြီဆိုရင် ကာကွယ်ထိန်းသိမ်းဖို့ ၊ အာဆင်းနစ်အဆိပ်သင့်မှုဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ စဉ်းစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

သံလွင်မြစ်က ဟိမဝန္တာတောင်ပိုင်းကနေ တရုတ်ပြည်ကိုဖြတ်သန်းစီးဆင်းလာပြီး မြန်မာနိုင်ငံတွင်းရှိ ရှမ်းပြည်နယ်၊ ကရင်နီပြည်၊ မွန်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ် တကြောကို ဖြတ်သန်းလာပြီး သမုဒ္ဒရာထဲကို စီးဝင်တဲ့ အာရှရဲ့ ဒုတိယအရှည်ဆုံးမြစ် ဖြစ်ပါတယ်။

ထိုင်းသတင်းတွေအရ နယ်စပ်မြို့ မယ်ဟောင်ဆောင်မြို့နယ်ထဲက သံလွင်မြစ်ထဲ အာဆင်းနစ်အဆိပ်သင့်တာဟာ အဲ့ဒီမြစ်ရေက မြန်မာဖက်ခြမ်းကနေ လာတာဖြစ်တယ်လို့ ပြောဆိုထားတာလည်း ရှိပါတယ်။

“သတ္တုတူးဖော်ရေးလုပ်ငန်းတွေကနေ မြစ်ရေကိုညစ်ညမ်းတာမျိုး ဖြစ်တယ်ဆိုရင် ဒီမြစ်က ၂နိုင်ငံ ထိစပ်နေတာမျိုးဆိုရင် ဒီမြစ်က Turn Border Issue လိုမျိုးဖြစ်တာပေါ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ပြဿနာတရပ်ဖြစ်တယ်ပေါ့။ အဲ့တော့ ၂နိုင်ငံအနေနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ တာဝန်ရှိတာမျိုးဖြစ်တယ်။ ဒါပေမယ့် သတ္တုတူးဖော်ရေးလုပ်ငန်းတွေကိုတော့ သတ်မှတ်ဖို့လိုအပ်တယ်။ ဘယ်ကုမ္ပဏီတွေက လုပ်ဆောင်နေလဲ မြစ်ကြောင်းတစ်လျှောက်မှာပေါ့ ညစ်ညမ်းနေတယ်လို့ပြောတဲ့ ဒေသရဲ့ Up River မြစ်အပေါ်ပိုင်းပေါ့။ အပေါ်ပိုင်း မြစ်ကြောင်းတစ်လျှောက်မှာ ဘယ်လိုသတ္တု တူးဖော်ရေးလုပ်ငန်းရှိတယ်ဆိုတာကိုတော့ သတ်မှတ်ဖို့လိုအပ်တယ်။”လို ဒေါက်တာလွင်လွင်ဝေက သုံးသပ်ပြောဆိုပါတယ်။

အဆိပ်သင့်အာဆင်းနစ်ကို သုံးစွဲမိပါက ရေရှည်မှာ ဘယ်လို အကျိုးသက်ရောက်စေနိုင်သလဲ

သံလွင်မြစ်က ကရင်နီပြည်က ဖားဆောင်း ၊ ရှားတော ( ဆိုမိုဖေစိုးလေး ) ၊ ဘောလခဲ ( ရွာသစ်မြို့ ) မြို့နယ်တွေကို ဖြတ်သန်းစီးဆင်းပါတယ်။

သန်းခေါင်စာရင်းအရ ဘောလခဲ မြို့နယ် ရွာသစ်မြို့မှာ လူဦးရေ ၁၅၀၀ ဝန်းကျင် ၊ ဖားဆောင်းမြို့နယ်မှာ ၅၀၀၀ ကျော် ၊ ရှားတောမှာ ၂၀၀၀ ကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ကရင်နီပြည်က သံလွင်မြစ်ဘေးတစ်လျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံတချို့က သံလွင်မြစ်ကို အမှီသဟဲပြုပြီး အသက်မွေးဝမ်းကြောင်းပြုနေကြပါတယ်။
အထူးသဖြင့် ငါးဖမ်းတာ၊ တောင်ယာ နဲ့ သီးနှံစိုက်ပျိုးလုပ်ကိုင်တာ ၊ သယ်ယူပို့ဆောင်ရေးလုပ်တာ စတာတွေက လုပ်ကိုင်ကြပါတယ်။

ကရင်နီပြည် ၊ ရွာသစ်မြို့က သံလွင်မြစ်ကိုအမှီပြုပြီး လုပ်ကိုင်စားသောက်ကြတဲ့ ဒေသခံတွေကတော့ အာဆင်းနစ်အဆိပ်သင့်မှုအကြောင်းကို မသိရှိရသလို အာဆင်းနစ်အဆိပ်သင့်မှုနဲ့ ပါတ်သတ်ပြီး အသိမရှိကြဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ရွာသစ်မြို့ရဲ့ဒေသခံတချို့ကို မေးမြန်းကြည့်ရာမှာတော့ ယခုနောက်ပိုင်း သံလွင်ရေကိုသောက်တဲ့အခါ ဝမ်းလျှောတာ၊ ငါးကြီးကို စားတဲ့အခါ မူးနှောက်တာ၊ အော့အန်တဲ့သူ ဖြစ်ဖူးတယ်လို့ ပြောဖူးပါတယ်။ သို့ပေမယ့် တချို့ဒေသခံတွေကလည်း ငါးစားတာဖြစ်စေ၊ ရေသောက်ဖြစ်တာ ခန္ဓာကိုယ်က တုန့်ပြန်မှုမရှိဘူးလို့ ဆိုပါတယ်။

“သံလွင်မှာ ဖြစ်တဲ့ အာဆင်းနစ်အကြောင်းကိုလည်း မသိကြဘူး ပြောပြတဲ့သူလည်း မရှိနေဘူးပေါ့။”လို့ ရွာသစ်ဒေသခံတစ်ဦးက ပြောပါတယ်။

အာဆင်းနစ်အဆိပ်သင့်မှုဟာ ရက်ပိုင်းအတွက် ရောဂါလက္ခဏာပြတာ မရှိဘဲ သုံးစွဲမိတဲ့ ရေ ၊ အစားအစာကနေတဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး သုံးစွဲမိတဲ့ အနည်းအများပေါ် မူတည်ပြီး ၅နှစ်ကနေ ၁၅နှစ် ၊ ၁၅ နှစ် ကြာမှသာ ရောဂါလက္ခဏာပြတတ်တာပါ။

အာဆင်းနစ်က ဓတ်သတ္တုဖြစ်တာကြောင့် ရေတိုအနေနဲ့ အစာအိမ် အူလမ်းကြောင်း ထိခိုက်တာကို ဖြစ်စေတတ်ပြီး ရေရှည်အနေနဲ့ ကင်ဆာ ၊ အရေပြား ပြဿနာ ၊ ကျောက်ကပ် ၊ ဆီး ၊ နဲ့ပါတ်သက်တဲ့ ရောဂါတွေကိုဖြစ်ပွားစေနိုင်တဲ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေဟာ အဆိပ်သင့်အာဆင်းနစ်မြစ်ရေထဲက ငါးကို စားမိပါက မွေးဖွားလာတဲ့ကလေး ညဏ်ရည်ဖွံ့ဖြိုးမှုနှေးကွေးစေတာ ဖြစ်နိုင်ပါတယ်။

လူတစ်ဦးမှာ အာဆင်းနစ်အဆိပ်သင့်မှု ပမာဏ ဘယ်လောက်ရှိလဲဆိုတာ သိချင်ရင် ဆံပင်ကို ခွဲခြမ်းစိတ်ဖြာ စမ်းသပ်ပါက သိနိုင်ပါတယ်။ ဒါကတော့ ရေရှည်မှာဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေပါ။

“ဒီတိုင်းပြည်ရဲ့တည်ဆောက်ရေး ၊ လုပ်အားစွမ်းအင်တွေကို ထိခိုက်တာမျိုး ဖြစ်စေနိုင်တယ်။ အဲ့တော့ ဓတ်သတ္တု အဆိပ်သင့်တာက အရေးကြီးတယ်။ ဒါတွေကို ဖြေရှင်းဆောင်ရွက်သင့်တယ် တာဝန်ယူဆောင်ရွက်သင့်တယ်လို့မြင်တယ်။”လို့ ဒေါက်တာလွင်လွင်ဝေက ဆိုပါတယ်။

သံလွင်မြစ်ကို ရေကြောင်းခရီးသွားလာနေတဲ့ စက်လှေတစ်စီးကို မြင်တွေ့ရစဉ်

အာဆင်းနစ်အဆိပ်သင့်မှုတွေက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့်လား

မြန်မာနိုင်ငံဖက်ခြမ်းက မြေရှား၊ ရွှေတွင်း တူးဖော်မှုတွေကြောင်း ချင်းရိုင်ခရိုင် ၊ နမ့်ခုတ်မြစ် နဲ့ မယ်ဆိုင်ချောင်းတွေမှာ အဆိပ်သင့်မှုဖြစ်ပွားနေပြီး အဲ့ဒါကြောင့် ထိုင်းနိုင်ငံထဲကို စီးဝင်နေတဲ့ သံလွင်မြစ်နဲ့ သောင်ရင်းမြစ် ဆုံရာနေရာကို ထိုင်းနိုင်ငံ ၊ ချင်းမိုင်တက္ကသိုလ်ရဲ့ သုတေသနဌာနက သံလွင်မြစ်ရေအဆိပ်သင့်နေတာကို စစ်ဆေးခဲ့တယ်လို့ DVB သတင်းတပုဒ်က ဖော်ပြပါတယ်။

ISP Myanmar ရဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ အစီရင်ခံစာအရ ၂၀၂၅ခုနှစ် ကိုးလအတွင်း မြန်မာကနေ တရုတ်နိုင်ငံကို မြေရှားတင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၆၂၄ သန်းရှိခဲ့ပါတယ်။ မြေရှားသတ္တုတူးဖော်တာကို မြန်မာနိုင်ငံအထက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) က ထိန်းချုပ်နယ်မြေတွေနဲ့ တရုတ်ကုမ္ပဏီတွေက ဆောင်ရွက်ကြတယ်လို့ ISP က ပြောထားပါတယ်။ အဲ့ဒီသတ္တု တူးဖော်မှုကနေ ဓာတုအညစ်အကြေးတွေကို မြစ်ချောင်းတွေဆီ စွန့်ထုတ်နေတယ်လို့လည်း ဆိုပါတယ်။

ကရင်နီပြည်နဲ့ ပြည်နယ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာလည်း သတ္တုတူးဖော်ရေး အနည်းဆုံး ၂၆ နေရာရှိပြီး မြစ်တစ်လျှောက်မှာ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေ မြင့်တက်လာနိုင်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ( SHRF) က အစီရင်ခံထားပါတယ်။

ကရင်နီပြည်က မြစ်တွေမှာ အသေးစား တူးဖော်ထုတ်လုပ်နေတာ ပြဿနာမရှိဘဲ ဆယ်စုနှစ်ကျော် လည်ပတ်နေပြီး သံလွင်မြစ်ရေ ညစ်ညမ်းတာက အထက်ပိုင်း ရှမ်းပြည်ဖက်က သတ္တုတူး တူးဖော်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ကရင်နီပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ဘီထူးက ထိုင်း မီဒီယာတွေကို ဖြေဆိုထားပါတယ်။

ကရင်နီပြည်က မြေယာနဲ့ သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက်တဲ့အဖွဲ့တွေကတော့ နိုင်ငံချင်းထိစပ်နေတဲ့မြစ်ရေ ညစ်ညမ်းမှုအပေါ် သံလွင်မြစ်ဖြတ်သန်းစီးဆင်းနေတဲ့ နိုင်ငံတွေက တာဝန်ယူဆောင်ရွက်သင့်နေပြီလို့ ထောက်ပြကြပါတယ်။

Kayah Earthrights Action Network – KEAN ရဲ့ တာဝန်ခံတစ်ဦးက “ကျနော့်အမြင်အရ ဒီ issue က နိုင်ငံရေးအရ အရေးပါတဲ့ issue တစ်ခုဖြစ်တယ်။

ကျနော်တို့ ကရင်နီကတော့ ဒီကိစ္စမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါချင်ပါလိမ့်မယ်။ သို့သော် ဒါကို အဓိက တိုက်ရိုက်ဖြစ်စေတဲ့ တရုတ်နိုင်ငံ အပိုင်းက သံလွင်မြစ်ရေ အရည်အသွေးရော သံလွင်မြစ်ထဲကို ညစ်ညမ်းစေတဲ့ တရုတ်စီးပါးရေးလုပ်ငန်းတွေရဲ့ တာဝန်ယူတာဝန်ခံမှုမရှိတဲ့ အပိုင်းကိုလည်း ပထမဆုံး ဖော်ထုတ်ဖို့လိုမယ်ထင်ပါတယ်။” လို့ ပြောပါတယ်။

သံလွင်မြစ်ဖြတ်သန်းစီးဆင်းတဲ့ ကရင်နီ ၊ ကရင်က သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ အခုလို သံလွင်မြစ်ရေ ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး လူထုကို အသိပညာပေးကိစ္စတွေ၊ သတ္တုတူးဖော်တဲ့ ကိစ္စတွေကို အရေးယူဖို့ တောင်းဆိုမှု စတာတွေကို ပူးပေါင်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ