spot_img
13.3 C
Loikaw
Tuesday 16, December 2025
spot_img
Homeအင်တာဗျူးအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး‌နေ့မှာ လူငယ် နဲ့ အဖွဲ့အစည်းတာဝန်ရှိသူတချို့ရဲ့ စကားသံများ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး‌နေ့မှာ လူငယ် နဲ့ အဖွဲ့အစည်းတာဝန်ရှိသူတချို့ရဲ့ စကားသံများ

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ကရင်နီပြည်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းနဲ့ လူငယ်တချို့ရဲ့ စကားသံတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

မော်ဖရေမြာ (အမျိုးသမီးအစည်းအရုံး KNWO – ဥက္ကဌ )

မော်ဖရေမြာ (အမျိုးသမီးအစည်းအရုံး KNWO – ဥက္ကဌ )

“အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့မှာ ကရင်နီပြည်နယ်နဲ့ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ပြည်သူတွေရဲ့အသက်၊ အခွင့်အရေးကို ထိန်းသိမ်းကာကွယ်ရန် ၊ လူမျိုးအလွှာပေါင်းစုံ၊ ထိလွယ်သောအုပ်စုရဲ့ အသံတူ ပါဝင်မှုအလွန် အရေးကြီးနေပါတယ်။ လူသားအပေါင်းအပါးက ရရှိသင့်တဲ့ အခွင့်အရေးတွေကို သတိရစေတဲ့နေ့သော်လည်းကောင်း၊ ကရင်နီပြည်သူလူထု အထူးသဖြင့် အမျိူးသမီး သက်ကြီးရွယ်အို၊ ကလေးငယ်တွေက စစ်ရဲ့ ရာဇဝတ် အပြစ်မဲ့တွေ အကြမ်းဖက်တိုက်ခိုက်ခံရနေတုန်း။ အိမ် ၊ မြေ စွန့်ခွာသူတွေလည်း များပြားနေဆဲဖြစ်တယ်။ ယခုအချိန်ထိ ရပ်တန့်ခြင်း မရှိတာကြောင့် ထူးထူးခြားခြား သတိရစေတယ်။ အာဏာရှင် မည်သူ့ကိုမဆို အကြမ်းဖက်သုံးစွဲမှုအားလုံးကို တင်းတင်းကြပ် ကန့်သတ်ပြီး ပြည်သူလုံခြုံရေး၊ ညှိနှိုင်းဆွေးနွေးနိုင်တဲ့ အေးချမ်းမြေငယ်တစ်ခုဆီကို ရောက်ရှိနိုင်ရေး အလွာပေါင်းစုံလူထုအားလုံး အတူတကွ ပါဝင်ကြဖို့ စုစည်းကြဖို့အရေးကြီးပါတယ်။ ဂျဲန်ဒါ ၊ လူတိုင်းရဲ့ ညီမျှခွင့်၊ ညီညွတ်လေးစားမှု နဲ့ ဥပဒေအောက်မှာ ကာကွယ်ခံစားရခွင့်တွေကို လေးစားဆောင်ရွက်တဲ့ နိုင်ငံဖြစ်လာနိုင်ဖို့ ယနေ့ကစပြီး တာဝန်ယူခြင်းမှ အပြစ်မဲ့ လူ့အခွင့်အရေးချိူးဖောက်မူ ခံရသူတိုင်းမရှိရေးကို အားလုံး ဥပဒေအကာအကွယ် အောက်ကနေ ပြည်သူတရပ်လုံး အမြန်ဆုံးခံစားရနိင်ပါစေ”

မော်ထျိုးမိုး (ကရင်နီ လူငယ်အမျိုးသမီးတစ်ဦး)

မော်ထျိုးမိုး (ကရင်နီ လူငယ်အမျိုးသမီးတစ်ဦး)

“လူ့အခွင့်အရေးဆိုတာက စာရွက်ပေါ်မှာပဲ မရှိဘဲနဲ့ပေါ့နော် လက်တွေ့အကောင်အထည်ဖော်၊ လက်တွေ့ ခံစားရရှိတဲ့ အရာ ဖြစ်သင့်တယ်လို့ ထင်တာပေါ့နော်။ စာရွက်ပေါ်ပဲရှိပြီး လက်တွေ့မခံစားရဘူးဆို အဓိပ္ပါယ်မရှိဘူး။ လူငယ်တစ်ယောက်အနေနဲ့ တခြား နိုင်ငံက လူ့အခွင့်အရေး အပြည့်အဝ ရတဲ့ နိုင်ငံတွေ လူ့ဂုဏ်သိက္ခာရှိရှိနဲ့ လွတ်လွတ်လပ်လပ်ပြောဆိုခွင့်၊ သင်ယူခွင့်ရတဲ့ နိုင်ငံတွေဆို အရမ်းအားကျတာပေါ့နော်။ ဘာဖြစ်လဲဆိုရင် တစ်ဖက်မှာက ကိုယ့်နိုင်ငံက လုံးဝကို လူ့အခွင့်အရေး ချိုးဖောက် ခံနေရတာပေါ့။ အကြမ်းဖက်မှုတွေ ၊ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်တွေ မရဘူး။ ကြောက်ရွံ့နေရတယ်။ ဒါ့အပြင် လုံလုံခြုံခြုံ နေထိုင်ခွင့်တွေမရှိဘူး။ အသက်ရှင် ရပ်တည်ဖို့တောင်မှ မလုံခြုံဘူးပေါ့နော်။ ဆိုတော့ ဒီလို အခြေအနေမျိုးမှာ တစ်ဖက်က လူ့အခွင့်အရေး အပြည့်အဝရတဲ့ နိုင်ငံဆို သိပ်အားကျတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ကိုယ့်နိုင်ငံကျ‌တော့ ဝမ်းနည်းစရာကောင်းတယ်။ ဆိုတော့ ဒီလူ့အခွင့်အရေးနေ့မှာ ဘာမျှော်လင့်လဲဆိုရင် ကျမတို့ အမြဲမျှော်လင့်နေတဲ့ ငြိမ်းချမ်းခြင်းတို့ တရားမျှတခြင်းတို့ ခွဲခြားဆက်ဆံခြင်းကင်းတဲ့အရာ ဒါတွေက ကျမတို့ အမြဲမျှော်လင့် အိမ်မက်မက်နေတဲ့ အရာ ဖြစ်တယ်ပေါ့နော်။ ဒီအရာတွေကို အိမ်မက်အနေနဲ့ မဟုတ်တော့ပဲ လက်တွေ့ခံစားချင်တယ်ပေါ့နော်။”

ခါးရယ် ( ကရင်နီ လူငယ် အမျိုးသားတစ်ဦး)

ခါးရယ် ( ကရင်နီ လူငယ် အမျိုးသားတစ်ဦး)

“လူ့အခွင့်အရေးနေ့ ပြောသာပြောတာ ကျနော်တို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ မညီတာတွေများနေပြီ။ လူ့အခွင့်အရေးဆိုတာ ကမ္ဘာမှာပဲရှိတယ်။ မြန်မာမှာ မရှိဘူးလို့ အဲ့လိုခံစားမိတယ် မြန်မာနိုင်ငံသားဖြစ်ရတာ။ အခုလို လူ့အခွင့်အရေးနေ့ကို မသိလိုက်ရတဲ့အခြေအနေတွေ၊ ကိုယ့်အခွင့်အရေး ချိုးဖောက်ခံရတာတွေ မသိလိုက်ရတာတွေ အများကြီးရှိတယ်။ ပြီးတော့ ချိုးဖောက်ခံရတဲ့ အသက်အရွယ်အမျိုးမျိုးပေါ့နော် သူ့ ကဏ္ဍအမျိုးမျိုး ချိုးဖောက်ခံရတာရှိတာပေါ့နော်။ ဒါပေမဲ့ လုံးဝ ထိထိရောက်ရောက် အရေးယူပေးတာမျိုးမရှိဘူး။ ပြောရမယ်ဆိုရင် မဆိုင်ဘူးကွာ လူ့အခွင့်အရေးနဲ့ ကျနော်တို့ မြန်မာနိုင်ငံသားက မဆိုင်သလိုပဲ။”

KNYO လူငယ်တစ်ဦး

“ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ မိမိရဲ့ အခွင့်အရေးကိုတန်ဖိုးထားပြီး တစ်ပါးသူရဲ့ အခွင့်အရေးကိုလေးစားပြီး လူ့အခွင့်အရေးချိုးဖောက်မူတစ်စုံတစ်ခုဖြစ်ပွားရင် အသံတိတ်မနေပါနဲ့။ လူထုတစ်ရပ်လုံးအကြောက်တရားဖြင့် အုပ်ချုပ်မူအောက်မှာ ရုန်းထွက်နိုင် ကြပါစေ။”

ကိုပုလုံး (ကရင်နီ လူငယ်အမျိုးသားတစ်ဦး)

ကိုပုလုံး (ကရင်နီ လူငယ်အမျိုးသားတစ်ဦး)

“လူ့အခွင့်အရေးဆိုတာနဲ့ ကျနော်တို့ လူသားတိုင်းက မွေးဖွားလာခါစကတည်းက ရရှိတဲ့ အခြေခံအခွင့် အရေး တစ်မျိုးဘဲပေါ့နော်။ ကျနော်တို့လူမျိုးရေး၊ ဘာသာရေးဘဲဖြစ်ဖြစ်၊ နိုင်ငံရေးဘဲ ဖြစ်ဖြစ် ကျနော်တို့ လူသားတိုင်းက ကျနော်တို့ညီညီမျှမျှနဲ့ ကျနော်တို့ခွဲခြားဆက်ဆံခြင်းမခံရဘဲ ကျနော်တို့ ရသင့်တဲ့ အခွင့်အရေးတစ်မျိုးပေါ့နော်။ ပြီးတော့ အခုအခြေအနေကြောင့် အခြေနေအရဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာဆို ဒီစစ်အာဏာရှင်ကြောင့် ကျနော်တို့ရဲ့ အသက်အိုးအိမ်စည်းစိမ် ပေါများစွာ ကျနော်တို့ ပျက်စီးဆုံးရှုံးနေရတာတွေ အများကြီးခံစားနေရတယ်။ အဲ့ကြောင့်မို့ ကျနော်တို့ ဒီသူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ဆက်လက်ပြီး ကျနော်တို့မခံစားရအောင် ကျနော်တို့ ဒီသူတို့ ရွေးကောက်ပွဲ ပြုလုပ်မယ့် သူတို့စစ်အာဏာရှင် ပြုလုပ်မယ့်ရွေးကောက်ပွဲကို ကျနော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်။”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ