ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်နယ်မှာ စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ လူထုအများစုအတွက် “လုံခြုံရေး” ဆိုတာ အမြဲတမ်း ဦးစားပေးဖြစ်နေပါတယ်။ တိုက်ပွဲတွေကြား၊ လက်နက်ကြီး/ငယ် ပစ်ခတ်မှုတွေ၊ လေကြောင်းရန်၊ ဒရုန်းရန်နဲ့ မြေမြုပ်မိုင်းရန်တွေကနေ အသက်ဘေးလွတ်ဖို့က အဓိကပါ။
ဒီလိုဦးစားပေးအရာတွေအတွက် ရုန်းကန်နေရင်းနဲ့ ကျန်တဲ့မသိသာတဲ့ အရေးကိစ္စတွေက လူထုတွေရဲ့ ဘဝထဲကို တဖြည်းဖြည်းအမြစ်တွယ်လာပါတယ်။ ဒီအရေးကိစ္စတွေထဲက တခုကတော့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အရေပြားရောဂါပါ။
ဒီအရေပြားရောဂါကတော့ အသက်အန္တရာယ်ကို ချက်ချင်းမထိခိုက်စေနိုင်တာကြောင့် အရေးမစိုက်ဖြစ်သလောက်ပါပဲ။
ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ အနာဖြစ်ခြင်းတွေဟာ ကရင်နီဒေသရှိ စစ်ရှောင်စခန်းတွေမှာ နေ့စဉ်တွေ့နေရတဲ့ ကျန်းမာရေးပြဿနာတရပ်ဖြစ်ပါတယ်။

စစ်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာရတဲ့ အစောပိုင်းကာလမှာ စစ်ရှောင်အများစုဟာ တဲအိမ်ကို အမိုးအကာအပြည့်အစုံနဲ့ လုံခြုံစွာ နေထိုင်နိုင်ခြင်း မရှိခဲ့ကြပါဘူး။ မြေကြီးပေါ် သစ်ရွက်ခင်း၊ တာလပတ်မိုးကာများကို အသုံးပြုပြီး ယာယီအနေဖြင့် နေထိုင်အိပ်စက်ခဲ့ရကြတာ ဖြစ်ပါတယ်။
ဒီလိုနေထိုင်မှုအခြေအနေတွေကြောင့် မသန့်ရှင်းတဲ့မြေသား၊ ပိုးမွှားများနဲ့ တိုက်ရိုက် ထိတွေ့ရပြီး အရေပြားပြဿနာများ စတင် ဖြစ်ပေါ်လာရခြင်း ဖြစ်တယ်လို့ ဒေသခံများက ဆိုပါတယ်။ ဒါ့အပြင် နေရာအတည်မကျမီ ကာလအတွင်း ရေမချိုးနိုင်ခြင်း၊ တကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်ဖို့ အခြေအနေ မရှိခဲ့ခြင်းများကလည်း အကြောင်းရင်းတရပ် ဖြစ်ပါတယ်။
စစ်ရှောင်စခန်းတွေမှာ ယာယီတဲအိမ်များနဲ့ နေထိုင်ခွင့်ရရှိလာပြီးနောက်ပိုင်းမှာတောင် သန့်ရှင်းတဲ့ရေကို လုံလောက်စွာ သုံးစွဲနိုင်ခြင်း မရှိတာ၊ တကိုယ်ရေသန့်ရှင်းရေးအတွက် လိုအပ်တဲ့ အထောက်အပံ့ ပစ္စည်းများမရရှိတာတွေကြောင့် အရေပြားပြဿနာများဟာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာတာ ဖြစ်ပါတယ်။
အရေပြား ပြဿနာအတွက် ဆေးဝါးတွေလိုအပ်ချက်တွေ ရှိနေမြဲ
လက်ရှိမှာ တနှစ်အောက် ကလေးငယ်များအပါအဝင် လူကြီး၊ လူငယ် အများအပြားမှာ အရေပြားရောဂါများ ဖြစ်ပွားနေကြပြီး ကုသဖို့ ဆေးဝါးမလုံလောက်တဲ့အတွက် အကူအညီ တောင်းခံနေရတာကတော့ ဆိုမိုဖေစိုးလေး (ရှားတောမြို့နယ်) အတွင်းက ဒေသခံ စစ်ရှောင်လူထုတွေ ဖြစ်ပါတယ်။
အထူးသဖြင့် ကိုယ်တိုင် တကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့ ကလေးငယ်တွေမှာ အရေပြားရောဂါ ပိုမိုပြင်းထန်လာနေပြီး မျက်နှာ၊ လက်၊ ခြေ အစရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကတဆင့် ခန္ဓာကိုယ်တခုလုံးကို ပျံ့နှံ့လာနေတယ်လို့ ဆေးကုသပေးနေသူတွေက ပြောပါတယ်။ ဒါ့အပြင် ကူးစက်မှုနှုန်းကလည်း မြန်တယ်လို့ ဆိုထားပါတယ်။
ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်မှာ ဆေးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦးကတော့ “ဆရာဝန်မရှိတာက အခက်ခဲဆုံး စိန်ခေါ်မှုပဲ။” လို့ ပြောပါတယ်။
ဒီအရေပြားပြဿနာဟာ နွေမှာပိုမိုအဖြစ်များလာကြတဲ့အတွက် ဆေးဝါးအကူအညီလည်း အရေးတကြီး လိုအပ်နေကြပါတယ်။
အရေပြားပြဿနာက အသက်အရွယ်မရွေး ဖြစ်ပွားနေ
ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ ရှိတဲ့ မိခင်တဦးကတော့ သူမကိုယ်တိုင် အရေပြားယားနာပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ သူမလို ကလေးငယ်ရှိတဲ့မိခင်တွေဟာလည်း ဒီပြသနာကို ဖြေရှင်းနိုင်ဖို့ မိခင်နဲ့ တိုက်ရိုက်ထိတွေ့မှုကိုရှောင်ရှားနေရပါတယ်။ ကလေးငယ်တွေကို တခြားသူတွေနဲ့ ထိန်းခိုင်းနေရပြီး မိခင်နို့မဟုတ်တဲ့ နို့ဘူးကို တိုက်ကျွေးနေရတယ်လို့ဆိုပါတယ်။
“လူကြီးတွေအနေနဲ့ဆိုရင်တော့ အလုပ်လုပ်ရတဲ့ အခါတွေ၊ ကလေးကြည့်ရတဲ့ အခါတွေမှာဆိုရင် အခက်ခဲတွေ့ရတာပေါ့ဆရာမ။ အဲ့ဒီယားတဲ့အချိန်မှာ အထူးသဖြင့်ကျမတို့ နို့တိုက်မိခင်တွေဆိုလို့ရှိရင် ပိုဆိုးတယ်။ ကလေးငယ်တွေကို ကူးမှာတအားကြောက်လို့လေ။” လို့ နို့တိုက်မိခင် တဦးက ပြောပါတယ်။
ယခင်ကလည်း ကျောင်းတက် ရာသီမှာ ကူးစက်ပျံ့ပွားလာရင် ကျောင်းပိတ်လိုက်ရတာလည်း ရှိခဲ့ပါတယ်။ ဒီအရေပြား ရောဂါဟာ စတင်စစ်ရှောင်ကတည်းက လူထုအကြား ဖြစ်ပွားနေတာဖြစ်ပြီး အခုဆိုရင် လေးနှစ်ထဲ ဝင်လာပါပြီ။

“အဲ့ဒီဟာက တလနှစ်လ အဲ့လိုဖြစ်တာမဟုတ်ဘူး။ ဖြစ်တာကြာပြီ။ စစ်ရှောင်စ ကတည်းက အခုထိပဲ။ ဖြစ်လိုက်သက်သာလိုက် အဲ့လိုပဲ။ အခုလိုမျိုး နွေရာသီဝင်ပြီဆို အဆိုးဆုံးဖြစ်တယ်။ လာမယ့်ရက်ပိုင်းအတွင်းဆို အများကြီး ဖြစ်လာကြတော့မှာ။ နှစ်တိုင်း နွေရာသီဆို ပိုပြီး အဖြစ်များကြတယ်လေ။ ကျနော်တို့ ဆေးလည်းမလုံလောက်တော့ဘူး။ အခုစပြီး အဖြစ်များနေကြပြီ။ အဲ့ကြောင့် ကျနော်တို့ အကူအညီလိုနေတာ။” လို့ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်မှာ အရေပြား ပြဿနာကို ဆေးကုသပေးနေသူ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်မှာ ဆေးခန်းလာရောက်ပြသသူ တနေ့ကိုလူဦးရေ သုံးဆယ်ကျော် ရှိပြီး အဲ့ဒီအထဲမှာ လေးဦးဟာ အရေပြားပြဿနာကြောင့် ရောက်လာတယ်လို့ ဆိုပါတယ်။
အလားတူပဲ ဒီးမော့ဆိုမြို့နယ်(ရှေ့ ) မှာလည်း ကလေးငယ်တွေအပါအဝင် လူကြီး၊ သက်ကြီးရွယ်အိုတွေဟာ အရေပြားယားယံတဲ့ ပြသနာနဲ့ ကြုံနေရပြီး ကိုယ်ခံအားကောင်းသူ၊ တကိုယ်ရေသန့်ရှင်းမှု နိုင်နင်းသူတွေမှာတော့ သက်သာပေမဲ့၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုမိုအဖြစ်များနေတယ်လို့ ဆိုပါတယ်။
ဒီပြဿနာဟာ စစ်ဘေးရှောင်ပြီးနောက် ကြုံတွေ့လာကြရတဲ့ အခြေအနေတခုပါ။ ပွေး၊ ယားနာ၊ ရေကျောက် စတဲ့လက္ခဏာတွေလိုဖြစ်ပွားနေတဲ့ အရေပြားပြဿနာကို အများဆုံး ကြုံတွေ့နေကြရပါတယ်။ ဒီပြဿနာဟာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့သူတွေပဲ မဟုတ်ဘဲ ရှေ့တန်းမှာ ကင်းစောင့်နေရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမှာလည်း ရင်ဆိုင်နေကြရပါတယ်။
အရေပြားပြဿနာက ဖြေရှင်းဖို့ လွယ်ကူနိုင်မလား။
တကိုယ်ရေသန့်ရှင်းမှုဟာ ကျန်းမာရေးအတွက် အရေးကြီးတယ်ဆိုပေမဲ့ ကရင်နီပြည်က စစ်ဘေးရှောင် အများစုအတွက်တော့ နေ့စဉ်စားရမယ့်အစားအစာရဖို့ပဲ ရုန်းကန်နေရတဲ့ ဘဝအောက်မှာ သန့်ရှင်းတဲ့ရေ၊ ဆပ်ပြာ၊ အဝတ်အစားလျှော်ဖို့ ဆိုတာတွေဟာ ဦးစားပေးအခြေအနေမှာ မရှိနိုင်သေးပါဘူး။ အထူးသဖြင့် ကရင်နီပြည်က မြို့နယ်တော်တော်များများဟာ နှစ်စဉ်ရေရှားပါးတဲ့ ပြဿနာကို ယခင်ကတည်းက ကြုံတွေ့နေရတာပါ။
“သန့်ရှင်းဖို့” မစဉ်းစားနိုင်ခင် “အသက်ရှင်ဖို့” ကိုသာ ဦးစားပေးရတဲ့ အခြေအနေကြောင့် အရေပြားပေါ်မှာဖြစ်တဲ့ ယားနာမှုကို လူထုတွေကြား ပြောဆိုမှုတွေ နည်းပါတယ်။
ဒါပေမဲ့လည်း အရှင်းမပျောက်နိုင်တဲ့ ဒီအရေပြားရောဂါတွေဟာ လူထုအကြား ဖြစ်မြဲ၊ ဖြစ်ဆဲ ဖြစ်နေကြပါတယ်။
အခုဖြစ်ပွားနေတဲ့ အရေပြားပြဿနာတွေဟာ ရောဂါတရပ်အနေနဲ့သာမဟုတ်ပဲ စစ်ပွဲကြောင့်၊ အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ လူ့ဘဝ အခြေခံအခွင့်အရေးတွေ လျော့နည်းသွားခြင်းကို ထင်ဟပ်ပြသနေတဲ့ သက်သေအထောက်အထားတရပ်လို့လည်း ဆိုနိုင်ပါတယ်။
ဒါကိုဖြေရှင်းဖို့က သန့်ရှင်းမှုအကြံဉာဏ် တခုတည်းနဲ့ မလုံလောက်တော့ဘဲ၊ သန့်ရှင်းတဲ့ရေနဲ့ ဆေးဝါးအပါအဝင် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှသာ အဲ့ဒီသက်ရောက်မှုကို လျော့နည်းစေနိုင်မှာပါ။ ဒီလိုအပ်ချက်တွေ ရှိနေသေးသရွေ့ ကရင်နီမှာ အသားအရေအပေါ် “စစ်” ရဲ့ သက်ရောက်မှုကလည်း ဆက်လက်နက်ရှိုင်းနေဦးမှာပါပဲ….။




