ကန္တာရဝတီတိုင်း(မ်)
ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ဖားဆောင်းမြို့ကို အပြည့်အဝပြန်လည်ထိန်းချုပ်ပြီး လိုအပ်တဲ့ နယ်မြေရှင်းလင်းရေးကို ဆက်လက်ဆောင်ရွက်နေတယ်လို့ မြို့တွင်းမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံမှတ်တမ်းတွေနဲ့အတူ စစ်ကော်မရှင်ပိုင် သတင်းစာတွေကနေ ထုတ်ပြန်လာပါတယ်။
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အပြင်းအထန် ထိုးစစ်ဆင်နေပြီး လက်ရှိမှာတော့ ဖားဆောင်းမြို့တွင်းက ၎င်းတို့ရဲ့ တပ်စခန်းနဲ့ မြို့တွင်းဧရိယာတချို့မှာသာ ရောက်ရှိနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။
“ဖားဆောင်းမြို့ထဲလောက်ပဲ သူတို့ ပြန်ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရတယ်။ တပ်စခန်းနဲ့ မြို့ဧရိယာ အနီးအနားတွေလောက်မှာ ပြန်ထိန်းနိုင်တယ် ပြောလို့ရတယ်” လို့ သူက ပြောပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ထုတ်ပြန်ချက်အရ ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်ကစပြီး ဘောလခဲ-ထူးချောင်း-ဖားဆောင်း ဆက်သွယ်ရေးလမ်းကြောင်းရဲ့ အနောက်ဘက်ခြမ်းကနေ စတင်ပြီး နယ်မြေရှင်းလင်းရေးကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဖားဆောင်းမြို့အဝင်ဖြစ်တဲ့ နန်းကစ် နဲ့ ပါပုကျေးရွာမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တိ့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။ စစ်ကော်မရှင်ရဲ့ လက်နက်ကြီး ၊ လေယာဉ်ပစ်ကူကြောင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ ဖားဆောင်းမြို့တွင်းကို စစ်ကော်မရှင်တပ်သားတွေက ရောက်ရှိနိုင်ခဲ့ပါတယ်။
စစ်ကော်မရှင်တပ်သားတွေ ဖားဆောင်းမြို့တွင်းကို ရောက်ရှိလာပေမယ့် မြေပြင်မှာ တိုက်ပွဲဖြစ်ပွားနေဆဲလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ရဲ့သတင်းနှင့်ပြန်ကြားရေး တာအယ်စိုး ကပြောပါတယ်။
“လက်ရှိမှာတော့ မြေပြင်မှာ တိုက်ပွဲတွေဖြစ်နေတုန်းပါ” လို့ တာအယ်စိုးက ပြောပါတယ်။
ကရင်နီပြည် ဖားဆောင်းမြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကော်မရှင်တပ်ရင်း နှစ်ခု အနက် ခလရ ( ၁၃၄ ) ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားပြီးနောက် နောက်ဆုံးလက်ကျန် ခလရ ၁၃၅ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အလုံးစုံထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာပါ။
ဖားဆောင်းမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်မရှင်ကလည်း အပြင်းထန် ထိုးစစ်ဆင်ပြီးနောက် မြို့တွင်းထဲ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ဖားဆောင်းမြို့ပေါ်မှာတော့ ဒေသခံတွေ နေထိုင်ခြင်းမရှိဘဲ စစ်ကော်မရှင်တပ်ရင်းသာ ရှိနေတာပါ။ ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ နှစ်ဖက်တိုက်ပွဲ ကြီး ၊ ငယ် ၃၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ စစ်ကော်မရှင်က ဆိုထားပါတယ်။




