Homeသတင်းလွိုင်ကော်မြို့က စစ်ဘေးရှောင်တွေကို စစ်ကော်မရှင်က ထောက်ပံ့ငွေ ပေးပေမယ့် အားလုံးမရ

လွိုင်ကော်မြို့က စစ်ဘေးရှောင်တွေကို စစ်ကော်မရှင်က ထောက်ပံ့ငွေ ပေးပေမယ့် အားလုံးမရ

-

ကန္တာရဝတီတိုင်း ( မ် )

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့မှာ ဒေသတွင်းတိုက်ပွဲ အခြေအနေတွေကြောင့် နေရပ်စွန့်ခွာရတဲ့ ဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုနဲ့ ပြည်သူလူထုတွေအတွက် စစ်ကော်မရှင်က ၅ ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ပြောဆိုထားပေမယ့် မြေပြင်မှာ အမှန်တကယ် မရရှိတဲ့ စစ်ဘေးရှောင်တွေလည်း ရှိတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့က ပြည်နယ်ခန်းမမှာ ပေးအပ်ခဲ့တဲ့ ၅ ကြိမ်မြောက် ထောက်ပံ့ငွေပေးတွေကို စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ်က ပေးအပ်တာဖြစ်ပြီး တာဝန်ရှိတဲ့ ကိုယ်စားလှယ်တွေက လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။

“ကျမတို့ ရောက်ကတည်းတော့ မရသေးဘူး။ ဧည့်စာရင်းတိုင်တာ ၃ လ ပြည့်တဲ့သူတွေကိုပဲ ပေးမယ် ပြောတယ်။ ခု ၆ လလောက်ရှိ နေပေမယ့်လည်း မရသေးပါဘူး။”လို့ ဖားဆောင်းမြို့ကနေ လွိုင်ကော်မြို့ကို စစ်ဘေးတိမ်းရှောင်နေတဲ့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကော်မရှင်က ၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ စတဲ့ သုံးလအတွက် ထောက်ပံ့ငွေ ပေးအပ်ရာ အိမ်ထောင်စု ( ၅၄၇၁ ) စု၊ လူဦးရေ ( ၁၈၆၄၂ ) ဦးတို့အတွက် ရန်ပုံငွေကျပ်သန်း ၉၆၅ ဒသမ ၅၂၀ ကို ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

လူတဦးကို ကျပ် နှစ်သောင်းနှုန်းနဲ့ သုံးလစာ ၆သောင်းစီ ပေးအပ်ပေမယ့် လွိုင်ကော်မြို့ထဲ စစ်ဘေးရှောင်တချို့ မရရှိကြဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ထောက်ပံ့ငွေကို စစ်ကော်မရှင်လက်အောက်က ဝန်ထမ်းအသိုင်းအဝန်း ၊ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေ၊ မိသားစုတွေကိုသာ ဦးစားပေးတယ်လို့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

“လွိုင်ကော်မြို့ထဲနေသူတွေက မရဘူး။ တကယ်တော့ ကျနော်တို့လည်း စစ်ဘေးသင့်ပဲလေ။ အဓိကတော့ ဝန်ထမ်းတွေ နဲ့ သူတို့နဲ့နီးစပ်သူတွေကို ဦးစားပေးတာပါ”လို့ လွိုင်ကော်မြို့ခံ အမျိုးသားတဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ၊ စက်တင်ဘာလအတွင်းက မြို့တွင်းတိုက်ပွဲတွေကြောင့် ပျက်စီးခဲ့ရတဲ့ လွိုင်ကော်မြို့ပေါ် ရပ်ကွက်က နေအိမ် ၆၀၀ လုံး အတွက် စစ်ကော်မရှင်ကနေ ထောက်ပံ့ငွေ ပေးခဲ့ပေမယ့် အားလုံးမရရှိခဲ့ဘူးလို့ နေအိမ်ပျက်စီးသွားတဲ့ မြို့ခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့တွင်းမှာ ၂၀၂၃ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တစ်လေးလုံး စစ်ဆင်ရေးအတွင်း မြို့နေလူထုတွေ အများစု တိမ်းရှောင်ခဲ့ကြပေမယ့် လက်ရှိမှာတော့ ပြန်လာနေထိုင်သူတွေ များပြားလာတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ