Homeသတင်းအချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဖရူဆို စစ်ဘေးရှောင်တွေ သိုလှောင်တဲ့စပါးတွေ မိုးစိုပျက်စီး

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဖရူဆို စစ်ဘေးရှောင်တွေ သိုလှောင်တဲ့စပါးတွေ မိုးစိုပျက်စီး

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မတ်လဒုတိယပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေကြောင့် ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေ သိုလှောင်ထားတဲ့ စပါးတွေ မိုးစိုးပြီး ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

မတ်လ ၁၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို မိုးသီးကြွေတာ ၊ လေပြင်းတိုက်ခိုက်တာတွေကြောင့် စစ်ဘေးရှောင်တွေ တနိုင်တပိုင် စိုက်ပျိုးထားတဲ့ စပါးတွေကို သိုလှောင်ထားတဲ့နေရာ မိုးစိုသွားတယ်လို့ ပြောပါတယ်။

“ခန့်မှန်းခြေကတော့ ၉ အိမ် ၊ ၁၀ အိမ်ကျော် လောက်ပေါ့နော၊ မိုးစိုကုန်တာ နေတော့ ပြန်လှန်းနေကြရတယ်” လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ လုံခြုံရေး အခြေအနေကောင်းတဲ့အခါမျိုးမှာ ရပ်ရွာကနေအိမ်မှာ ပြန်လည်နေထိုင်ကြပြီး စပါးတွေကို တောင်ယာခင်း ၊ စစ်ရှောင်စခန်းအနီးအနားမှာ သိုလှောင်ထားတာပါ။ ကျေးရွာနဲ့ စပါး သိမ်းဆည်းထားတဲ့နေရာက အလှမ်းဝေးတာကြောင့် မိုးရွာသွန်းတဲ့ချိန် ပြန်လည်သိမ်းဆည်းဖို့ အချိန်မမှီတော့တဲ့အတွက် မိုးစိုသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေရဲ့ မိုးစိုပျက်စီးသွားတဲ့ စပါးအိတ်ရေ ၁၀၀ ကျော်ရှိပြီး စပါးကို နေပြန်လှန်း၊ အခြောက်ခံထားရတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် အခက်အခဲကြားကနေ စပါးစိုက်ပျိုး၊ ရိတ်သိမ်းထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ယခုမတ်လအတွင်း ကရင်နီပြည်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းလျက်ရှိသလို စစ်ရှောင်စခန်းတချို့မှာ ရေကြီးတာ ၊ စာသင်ကျောင်းဆောင် ပျက်စီးတာ၊ လေပြင်းတိုက်ခိုက်တာကြောင့် အမိုးလွှင့်စင်သွားတဲ့အတွက် တဲအိမ် အမိုးကာလိုအပ်နေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ