Homeဆောင်းပါး“ရှေ့တန်းအပြန် အားလပ်ရက်မှာ ဆံသဆိုင်လေးနဲ့ ဝမ်းစာကျောင်းတဲ့ ရဲဘော် T.စိုင်း”

“ရှေ့တန်းအပြန် အားလပ်ရက်မှာ ဆံသဆိုင်လေးနဲ့ ဝမ်းစာကျောင်းတဲ့ ရဲဘော် T.စိုင်း”

-

ကန္တာရဝတီတိုင်း(မ်)

“၁၀ ရက် ၁၅ ရက် တခါ ကာကင်းသွားရတယ်။ ရှေ့တန်း ချေမှုန်းရေး ရဲဘော် အနေနဲ့ပေါ့နော်။ ပြီးရင် ပြန်လာနားတဲ့ရက်တွေမှာ ကိုယ့်ရဲ့ ဆိုင်လေးနဲ့ တနိုင်တပိုင် ပြန်ဖွင့်တယ်” လို့ ရဲဘော် တီစိုင်းက ပြောပါတယ်။

ရဲဘော်T. စိုင်းပြောတဲ့ သူ့ရဲ့ ဆိုင်လေးကတော့ ဆံသဆိုင်( ဆံပင်ညှပ်ဆိုင်) ပါ။

ရဲဘော်ဖြစ်တဲ့အလျောက် ကရင်နီပြည်ရဲ့ ရှေ့တန်း စစ်မျက်နှာပြင်မှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်တိုက်ခိုက်တဲ့ အချိန်တွေရှိသလို အားလပ်ရက်တွေမှာ မိသားစု အတွက် ဆံပင်ညှပ် ရင်း ဝမ်းစာရေးကို ရှာဖွေပေးနေသူပါ။ အသက်ကတော့ ၃၅ နှစ်ရှိနေပါပြီ။

တော်လှန်ရေး ကာလ အချိန်ကြာပြီဖြစ်လို့ ကရင်နီပြည်သူတွေဟာ ဝမ်းစာရေးအတွက်အစစ အရာရာ စိန်ခေါ်မှုတွေနဲ့ကြုံတွေနေကြတာပါ။ စစ်အာဏာရှင်ကို အသက်ပေးတိုက်ခိုက်တွန်းလှန်နေကြတဲ့ ရဲဘော်တီစိုင်းတို့လိုလူငယ်တွေမှာ လစာမရှိ ဝင်ငွေရလမ်းမရှိပါဘူး။ ဒါကြောင့်လည်း ဒီစိန်ခေါ်မှုတွေက ပိုကြီးမားပါတယ်။

ဒါ့ကြောင့်လည်း သူဟာ သူတတ်ကြွမ်းခဲ့တဲ့ ဆံပင်ညှပ်ပညာလေးနဲ့ မိသားစုဝင်ငွေလေးရအောင် ကြံဆရပါတယ်။

လူတွေရဲ့ ဒုတိယ မျက်နှာပေါ်လာအောင် ဖန်တီးပေးတဲ့ T.STAR စိုင်း(T.စိုင်း) ဆိုတဲ့ ဆံသ ဆိုင်လေးကို ကရင်နီပြည်တွင်း တနေရာမှာ တနိုင်တပိုင် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

“ဆံပင်ညှပ်တယ်။ အမဲရောင်ဆိုးပေးတယ်။ ဆံပင်ဖြူနေတဲ့ သူတွေ အတွက်ပေါ့။ နားလည်းဖောက်တယ်။ ပုံမှန်ရှိတဲ့ ရက်တွေဆို ၆ သောင်းခွဲလောက်အထိရတယ်” လို့ ရဲဘော် T.စိုင်းက ပြောပါတယ်။

တချို့ရက်တွေမှာလည်း ဧည့်သည်မရှိလို့ တနေကုန် ထိုင်စောင့်နေခဲ့ရတဲ့ ရက်တွေလည်း မနည်းလှပါဘူး။

ရှေ့တန်းက ပြန်လာပြီး ရဲဘော်ရဲဘက်တွေ နားနေတဲ့ အချိန်မှာတော့ သူဟာ မိသားစုအတွက် တတ်နိုင်တဲ့ဘက်ကနေ ဝန်တခုကို ကူထမ်းနေတာပါ။

ပုံမှန် ဆံသဆိုင်လေးဆိုပေမဲ့ စစ်ကော်မရှင်တပ်ရဲ့ ခြိမ်းခြောက်မှု ရန်ကနေလည်းမလွတ်ကင်းခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ သူ့ရဲ့ ဆံသဆိုင်လေးဟာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာခံခဲ့ရပါတယ်။ သူ့ရဲ့ ဆံသဆိုင်လေးကို လူတွေအတော်လေးသတိထားမိလာချိန်မှာပဲ အခုလို ပစ်ခတ်ခံရတာပါ။

“စစ်တပ်ရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျနော့် ဆိုင် ထိသွားတယ်။ နောက်တခါ ထပ်ပစ်တော့လည်း ထပ်ထိတယ်။ ကျနော် ဆံပင်ညှပ်ဆိုင်နဲ့ ဆိုင်သေးသေး တဆိုင်ပေါ့။ နှစ်ဆိုင်စလုံး ကပ်ရပ်ဆိုတော့ နှစ်ဆိုင် စလုံးတော့ ပျက်ဆီးသွားတယ်” လို့ ရဲဘော် T.စိုင်းက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဆိုင်ငယ်လေး ကြေမွပျက်စီးသွားခဲ့ပြီး မိသားစုဝမ်းစာရေးကို ပံ့ပိုးနိုင်မှုကလည်း ရပ်တန့်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူရဲ့ ဆံသ ဆိုင်လေးကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် ၁ နှစ်နီးပါး ကြာအောင် အချိန်ယူခဲ့ရပါတယ်။

စစ်တပ်အာဏာ မသိမ်းယူခင်ကတော့ ရဲဘော် T.စိုင်းက သာမာန်အစိုးရဝန်ထမ်းတဦးပါ။ ဝန်ထမ်း အလုပ်ကို လုပ်ကိုင်ရင်းနဲ့ အားလပ်ရက်တွေမှာ ဆံပင်ညှပ် ပညာရပ်ကို သင်ယူခဲ့တာ ဖြစ်ပါတယ်။

လူတွေ ရဲ့ ဒုတိယမျက်နှာကို ပုံဖော်ပေးနိုင်တဲ့ ဆံသအလုပ်ဟာ သူ့ရဲ့ ဝါသနာတခု ဖြစ်သလို ဘော်လုံးကန်တာ ခြင်းခတ်တာတွေကိုလည်း ဝါသာနာကြီးသူ တဦး ဖြစ်ပါတယ်။

“ဘော်လုံးကန်တာ ခြင်းလုံးခတ်တာ အရမ်းဝါသနာပါတယ်။ နောက်ပိုင်းတွင်မှာ ဖူဆယ်ကွင်းတွေ ဘာတွေ ရှိလာတော့ နေ့တိုင်း လိုလိုပဲ ကန်တယ်။ မကန်ရတဲ့ရက်ဆို သိပ်မရှိလိုဘူး။” လို့ အာဏာမသိမ်းခင်က လုပ်ခဲ့ရတဲ့ သူရဲ့ ဝါသနာတွေနဲ့ ပါတ်သက်ပြီး ရဲဘော်တီစိုင်းက ပြောပါတယ်။

စစ်တပ် အာဏာကိုသိမ်းယူလိုက်တဲ့ ၂၀၂၁ နောက်ပိုင်းမှာတော့ အပျော်တမ်း ဝါသနာ နဲ့ အတူ ဝန်ထမ်း ဘဝကိုလည်း စွန့်လွတ် ထားခဲ့တာပါ။

“တော်လှန်ရေးဘက်ကို ရွေးချယ်ခဲ့တယ်ဆိုတာက သူများ ကောင်းတဲ့ဘက် အမှန်တရားဘက်ကို ရွေးချယ်တယ်ဆိုတာပဲ သိခဲ့တယ်။ ဂဃနဏတော့ မလေ့လာ မလိုက်စားခဲ့မိဘူး။ ဒါပေမယ့် တော်လှန်ရေးလုပ်ရင်းနဲ့ တော်လှန်ရေးက ဘယ်လိုလည်း နိုင်ငံတကာတွေ က ဘယ်လိုမျိုးလုပ်လည်း ဆိုတာကို တဖြည်းဖြည်းနဲ့ နားလည်လာတယ်” လို့ ရဲဘော်T.စိုင်းက ပြောပါတယ်။

သူဟာ နိုင်ငံရေး စိတ်ဝင်စားသူတဦး မဟုတ်သလို နိုင်ငံရေးကိုလည်း နားလည်တတ်ကျွမ်းတဲ့သူ မဟုတ်ပါဘူး။ သို့ပေမယ့် သူနေထိုင်ခဲ့တဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့တွင်း တနေရာမှာ ယခင်က စစ်တပ် ပေါ်တာ ဆွဲတာတွေ ၊ ရွာသူရွာသားတွေကို အနိုင်ကျင့် ဆက်ဆံနေတာတွေကို ငယ်စဉ်ဘဝက မြင်တွေ့ လာခဲ့သူ တဦးပါ။

စစ်တပ်ရဲ့ မတရားတဲ့လုပ်ရက်တွေ နည်းလမ်းတွေကို နာကျည်းတဲ့စိတ်နဲ့ တော်လှန်ရေးလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေး အပေါ် ထားတဲ့ သူ့ရဲ့ ခံယူချက်ကိုလည်း အခုလိုပဲ ပြောဆိုသွားပါတယ်။

“တော်လှန်ရေးကို ကျနော် ဘယ်တော့မှ စိတ်မပျက်ဘူး။ ဒီတော်လှန် ကျနော်တို့ နိုင်မှ ဖြစ်မယ်။ နိုင်ကိုနိုင်ရမယ် အမြဲတွေးတယ်။ စိတ်ထဲမှာလည်း အမြဲရှိတယ်”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ