ကန္တာရဝတီတိုင်း(မ်)
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်လာနိုင်တဲ့ စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစိုးရရုံးဝန်ထမ်းတွေကို အပတ်စဥ် ဗုဒ္ဓဟူးနေ့မှာ နေအိမ်ကနေပဲ ရုံးလုပ်ငန်းတွေ လုပ်ကိုင်ကြဖို့ကို စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ် ၂၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
အဲဒီကြေညာချက်က မတ်လ ၂၅ ရက်နေ့မှာ စတင် အသက်ဝင်မှာဖြစ်ပြီး နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့လည်း စစ်ကော်မရှင်က ကြေညာချက်မှာပြောထားပါတယ်။
ဒါက စက်သုံးဆီရှားပါးမှုကို ကာကွယ်မယ့် စစ်ကော်မရှင်နဲ့ ဒုတိယ အစီအမံတစ်ခုဖြစ်လာပါတယ်။ အလားတူပဲ မြန်မာနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ လောင်စာဆီချွေတာရေးနဲ့ ရုံးတွင်းလျှပ်စစ်သုံးစွဲမှုလျှော့ချရေးအတွက် ရည်ရွယ်ပြီး အစိုးရဝန်ထမ်းတွေကို နေအိမ်ကနေပဲ အလုပ်လုပ်ဖို့ အစိုးရက ညွှန်ကြားထားပါတယ်။
မြန်မာပြည်မကနေ လောင်စာဆီ အဓိကတင်သွင်းနေကြရတဲ့ ကရင်နီပြည်မှာလည်း ဆီပြတ်လပ်မှုတွေကို ရင်ဆိုင်လာနေရပြီး နောက်ပိုင်း ဓာတ်ဆီကို အကန့်အသတ်နဲ့ရောင်းချလာနိုင်တယ်လို့ ဆီကုန်သည်တချို့က ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေမှာတော့ လောင်စာဆီ အစီအမံနဲ့ပတ်သက်ပြီး လူထုဝန်ဆောင်မှုမပြတ်အောင် စီမံထားတာတွေရှိပေမယ့် အသေးစိတ်ကို ပြောလို့မရသေးဘူးလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
“ဌာနတွေ။ နောက် ဝန်ဆောင်မှုတွေမပြတ်အောင်ပေါ့နော့။ ပြည်သူ့ ဝန်ဆောင်မှုမပြတ်လပ်အောင် လိုအပ်တဲ့အစီမံကတော့ ရှိတယ်ဆိုတာကတော့ ပြောလို့ရတယ်။ ဒါပေမယ့် အားလုံး ပြည်သူလူထုတစ်ယောက်ချင်းစီအတွက်ကို အာမခံချက်ရှိလားလို့ပြောရင်တော့ နိုင်ငံတကာအစိုးရကလည်း ဒီပြဿနာကိုလည်း ရင်ဆိုင်နေရတော့ အဲကြောင့်မို့လို့ ကျနော်တို့ကတော့ သေချာတာတစ်ခုကတော့ ဆီဝယ်ယူတင်သွင်းတဲ့နေရာမှာ ကျနော်တို့က အစိုးရသဏ္ဌာန်အနေနဲ့ ဝယ်ယူတင်သွင်းလို့မရတဲ့အတွက်ကြောင့်မို့လို့ လူထုတစ်ယောက်ချင်းစီရဲ့ လောင်စာဆီသုံးစွဲမှုကိုတော့ ကျနော်တို့က ဖြည့်ဆည်းပေးနိုင်မှာမဟုတ်တာတော့ ဒါတော့ အမှန်တရားကိုတော့ လက်ခံထားတယ်ပေါ့နော” လို့ ဦးဗညားကပြောပါတယ်။
ကရင်နီပြည်မှာ တိုက်ပွဲတွေကြောင့် ဆီပြတ်လပ်မှု၊ ကုန်စည်စီးဆင်းမှု ပြတ်လပ်မှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပေမယ့် အခုတခါ လောင်စာဆီရရှိမှုအခက်အခဲက နိုင်ငံတကာစစ်ရေးအခြေနေအပေါ်မှာ မူတည်နေတာကြောင့် ဘယ်လောက်ရှည်ကြာနိုင်မလဲဆိုတာ ခန့်မှန်းရခက်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
စစ်ကော်မရှင်က အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံ၊ လောင်စာဆီ တင်ပို့မှု ရပ်တန့်သွားရာကနေဖြစ်ပေါ်လာတဲ့ လောင်စာဆီပြတ်လပ်မှုကို ကာကွယ်တဲ့အနေနဲ့ စုံဂဏန်းနဲ့ စတဲ့ ယာဥ်နံပါတ်ပိုင်ရှင်တွေက စုံရက်တွေမှာ မောင်းနှင်ဖို့၊ မ ဂဏန်းနဲ့စတဲ့ ယာဥ်နံပါတ်ပိုင်ရှင်တွေက မ ရက်တွေမှာပဲ မောင်းနှင်ဖို့ကိုလည်း ညွှန်ကြားထားခဲ့တာပါ။





