spot_img
Homeသတင်းကရင်နီပြည်က မြို့နယ် ၃ ခုကို စစ်အစိုးရက အရေးပေါ်အခြေအနေ ကြေညာ

ကရင်နီပြည်က မြို့နယ် ၃ ခုကို စစ်အစိုးရက အရေးပေါ်အခြေအနေ ကြေညာ

-

ကန္တာရဝတီတိုင်း (မ်)

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က ကရင်နီပြည်အတွင်း ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ် တို့ကို ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့မှာ ရက်ပေါင်း ၉၀ အရေး‌ပေါ်အခြေအနေအဖြစ် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။

ကရင်နီပြည်က မြို့နယ် ၃ ခုအပါအဝင် ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း အသီးသီးက မြို့နယ်ပေါင်း ၆၀ ကို ရက်ပေါင်း ၉၀ အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်တာပါ။

အဲ့ဒီမြို့နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတာဝန်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က အာဏာလွှဲပြောင်းထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လုပ်ပိုင်ခွင့် အပ်နှင်းထားလိုက်ပါတယ်။

အရေးပေါ်အခြေအနေမှာ ပါဝင်တဲ့ မြို့နယ်တွေက စစ်အစိုးရ ထိန်းချုပ်နယ်မြေ မဟုတ်ဘဲ နွေဦးတော်လှန်ရေးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ ဖြစ်တာကို တွေ့ရပါတယ်။

တဖက်မှာလည်း သမ္မတ အာဏာယူထားတဲ့ အာဏာသိမ်းခေါင်းဆောင်က သူတို့ရဲ့ ထိန်းချုပ်နယ်မြေမှာ အခြေခံလူမှုစီးပွားတွေဖြစ်တဲ့ ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ပွဲလမ်းသဘင် တွေကို ပြန်လည်ဖော်‌ဆောင်နေပါတယ်။

“ပြည်သူတွေက အခက်အခဲ မျိုးစုံကြုံနေရတဲ့အချိန်မှာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာ ဟန်ပြပေါ့နော။ အေးအေးချမ်းချမ်းနေလို့ ရတယ်ဆိုတာမျိုးကို စစ်ကောင်စီဖက်က တောက်လျှောက် ဝါဒဖြန့်နေတာရှိတယ်ပေါ့နော။ အဲတော့ စစ်ကောင်စီ အုပ်ချုပ်မှုအောက်မှာ ပြန်နေမလား ဆိုတဲ့ မေးခွန်းကတော့ ရေတိုအရ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ပြန်နေရင်တော့ ရေတိုအရ အဆင်ပြေနိုင်တယ်။ အထူးသဖြင့် ကိုယ့်ရဲ့ လယ်တွေ ပြန်လုပ်လို့ရမယ်။ မီးရှိတဲ့ ရပ်ကွက်တွေမှာ မီးပြန်သုံးလို့ရနိုင်မယ်။ စသဖြင့်ပေါ့။ ဒါပေမဲ့ အဲ့ဒါတွေက ရေတိုအဆင်ပြေမှုတွေပဲဖြစ်တယ်။ အဲ့တော့ စစ်ကောင်စီအောက်ကို ပြန်ဝင်လိုက်တာနဲ့ စစ်ကောင်စီရဲ့ မတရားတဲ့ ဥပဒေ၊ မတရားတဲ့ အမိန့်တွေ အမျိုးမျိုးပေါ့ ဖိနှိပ်ချုပ်ချယ်မှုတွေအားလုံးကို ပြန်ပြီးတော့မှ ခံစားရမှာဖြစ်တယ်” လို့ စစ်အုပ်စု အုပ်ချုပ်ရေးလက်အောက်က မြို့နယ်အခြေအနေနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ကန္တာရဝတီတိုင်း ( မ် ) ကို အခုလိုပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အုပ်စုက တော်လှန်‌ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေကို စစ်အုပ်ချုပ်ရေး မကြာခဏ ကြေညာလေ့ရှိပါတယ်။ တဖက်မှာလည်း နိုင်ငံရေးအရ ၂၀၂၅ခုနှစ် အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရသစ်အပြောင်းအလဲကြောင့် ၂၀၂၆ ခုနှစ်မှာ စစ်‌‌ရေးအခြေအနေ ပိုရှုပ်ထွေးလာနိုင်တယ်လို့လည်း တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပြောဆိုကြပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ