ကန္တာရဝတီတိုင်း(မ်)
ခြစ်ခြစ်တောက် ပူပြင်းနေတဲ့ နေ့လယ်ခင်းလေးအတွင်း သိပ်မကြာခင်မှာပဲ မိုးတိမ်တွေဖုံးပြီး မိုးခြိမ်းသံတွေနဲ့အတူ လေပြင်းလည်း စတင်ပါလာပါတော့တယ်။
တချို့စစ်ရှောင် မိသားစုတွေကတော့ ဓားတွေဝှေ့ရမ်းပြီး တာလပတ်မိုးကာတွေမိုးထားတဲ့ ဝါးတဲအိမ်ကို ပတ်နေကြပါတယ်။ တချို့တွေမှာတော့ အိုးခွက်ကို အသံကျယ်နိုင်သလောက်ကျယ်ရောက် ထုရိုက်နေကြပါတယ်။
ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သူတို့တဲအိမ်တွေ လေပြင်းထဲ ပါမသွားဖို့ အကာအကွယ်ပေးနိုင်တယ်လို့ ယူဆကြတာပါ။ ဒေသတွင်း ယုံကြည်ထားကြတဲ့ ဓလေ့တစ်ခုလည်း ဖြစ်ပါတယ်။ ဒီထက်ပိုပြီးတော့ သူတို့မတတ်နိုင်ကြတော့တာလည်း ပါပါတယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်ဆောင်တာကတော့ အကာကွယ်မပေးနိုင်ခဲ့ပါဘူး။
လေပြင်းနဲ့အတူ မိုးတွေ ရွာပြီး အရှိန်လျော့သွားတဲ့ အခါမှာပဲ မိုးတွေယိုနေတဲ့ တဲအိမ်ကလေး တလုံးအောက်မှာ နှီးတွေ အသည်းအသန် ဖျာနေတဲ့ ဒေါ်နဲမယ်ကို တွေ့ရတာပါ။
သူမရဲ့ တဲအိမ် အမိုးအကာဟာ လေးပြင်းအဝှေ့မှာ ပါသွားလုနီးပါး ဖြစ်နေခဲ့တာပါ။ နောက်ထပ် လေပြင်းတစ်ခု ထပ်မလာခင် အချိန်တိုအတွင်းမှာပဲ ပြန်လည်တည်မြဲအောင် ချည်နှောင်နိုင်ဖို့ နှီးတွေကို အသည်းအသန် ဖျာနေတာပါ။
“မိုးကာတွေလည်း မကောင်းတော့ဘူး။ လူကြီးတွေနား အမြဲတောင်းရတော့ အားနာတယ်။ မတောင်းလည်း ကျမတို့ အိပ်စရာမရှိဘူး” လို့ဒေါ်နဲမယ်က ပြောပါတယ်။
သူမတို့ အိမ်ဟာ အခုလိုလေပြင်းကြောင့် ပျက်စီးမှု ဖြစ်ရတာဟာ ဒီနှစ်နွေရာသီအတွင်း တတိယ အကြိမ်ထိ ရှိနေပါပြီ။ လေပြင်းတိုက်ခတ်မှုကြောင့် သူမတို့ တဲအိမ်အပါအဝင် စစ်ရှောင်စခန်းက တဲအိမ် တော်တော်များများက ပျက်စီးသွားခဲ့ရတာပါ။
“အလှူရှင်တွေက မိုးကာ လာပေးတာလည်း များပြီ။ တခါလာလည်း မိုးကာ နှစ်ခါလာလည်းမိုးကာ။ အားနာပေမယ့်လည်း မတတ်နိုင်တော့ဘူးကော။ သူတို့လာပေးတိုင်း ကျမတို့ ယူတယ် ပြန်ဆောက်တယ် ဒီလို ပြန်ဖြစ်တယ် ။ ဘယ်လို လုပ်ရမလည်း မသိတော့ဘူး” လို့ ဒေါ်နဲမယ်က ဆိုပါတယ်။
ဒေါ်နဲမယ်ဟာ မိသားစု ၄ ယောက်နဲ့ အတူ ဘောလခဲ ကနေ အဆိုပါစစ်ရှောင်စခန်းကို လာရောက်တိမ်းရှောင်နေတာ ၃ နှစ်ကျော် ရှိနေပါပြီ။ လက်ရှိမှာတော့ သူမတို့ မိသားစုဟာ စစ်ဘေးနဲ့ စားဝတ်နေရေး ဝမ်းစာအတွက် ရုန်းကန်နေရတဲ့အပြင် သဘာဝဘေးကိုလည်း ရင်ဆိုင်နေရတာပါ။
သူမရဲ့ တဲအိမ်နဲ့ မလှမ်းမကမ်း တနေရာမှာလည်း မိုးရေထဲမှာ ပစ္စည်းတွေ လိုက်လံသိမ်းဆည်းနေသူ တစ်ဦးကတော့ စစ်ရှောင်အမျိုးသားတစ်ဦးဖြစ်တဲ့ ဦးစိုးရယ်ပါ။
“စစ်ပွဲတွေကြောင့် ထွက်ပြေးရတာ ဒီလိုတွေ ဖြစ်ကုန်ပြီကော။ အကုန်လုံး က ဒုက္ခတွေ ကြီးပဲ။ ဝမ်းစာအတွက် ရှာရတာက တမှောက်၊ အိုးအိမ်တွေ တည်ဆောက်ရတာကလည်း ခက်ခဲ။ ဆောက်ပြီးရင်လည်း ခုလိုပဲ ပြိုလှဲပျက်စီးတယ်။“လို့ ဦးစိုးရယ်က ပြောပါတယ်။
လေပြင်းလာပြီးနောက် သည်းကြီးမည်းကြီးရွာနေတဲ့ မိုးရေတွေအောက်မှာ ကျန်းမာရေး ထိခိုက်မှာကို သတိမမှုနိုင်ကြတော့ပဲ လေပြင်းကြောင့် လေထဲပါသွားတဲ့ သူတို့ ရဲ့ တနေ့သာ အသုံးအဆောင် ပစ္စည်းတွေကို ပြန်လည် သိမ်းယူနေကြတာပါ။
မိုးတွေရွာရင် မိုးလုံလေလုံနဲ့ အိမ်ကလေးအောက်မှာ အေးချမ်းစွာ အနားယူရမယ့်အစား သူတို့တွေမှာတော့ မိုးယိုနေတဲ့ အပေါက်တွေကို လိုက်လံဖာထေးသူတွေ၊ ပစ္စည်းတွေကို မိုးမစိုရလေအောင် ရွေ့ပြောင်းနေသူတွေနဲ့ ကိုယ်စီအလုပ်ရှုပ်နေကြပါတယ်။ မိုးတိတ်တာကို မစောင့်နိုင်တော့တာကြောင့် သူတိုရဲ့ ခန္နာကိုယ်တခုလုံးလည်း စိုရွဲကြကုန်ပါပြီ။
သူတို့ တဲအိမ်တွေကို လေပြင်းထဲ ပါမသွားလေအောင် နေအိမ်တွေကို ခိုင်ခံ့တဲ့ အိမ်အဖြစ် ဆောက်လုပ်ထားချင်ကြပေမယ့် ငွေကြေးမတတ်နိုင်တာကြောင့် ဝါးတဲအိမ်တွေနဲ့သာ အနိုင်နိုင် ဆောက်လုပ်နေထိုင်ကြတာပါ။
တချို့မိသားစုတွေရဲ့ တဲအိမ်တွေဆိုရင် လေပြင်းကြောင့် အမိုးမိုးထားတဲ့ မိုးကာစတွေဟာ သစ်ပင်ပေါ်အထိတောင် သွားချိတ်နေတဲ့အထိပါပဲ။
“ ဒီတလုံး ဆိုရင် ၂ ခါ ပျက်ပြီ။ ဒီဘက်တလုံး ကတော့ ၃ ခါရှိပြီ။ ဟိုဘက်နားက တလုံးဆိုရင် သူ့ရဲ့မိုးကာ တွေ သစ်ပင်ပေါ်ထိတောင် ရောက်ကုန်တယ်။ သူ့ဟာက အောက်ခံတွေ က သွတ်ကြိုးတွေနဲပဲ ပတ်တော့ လေပြင်းရင် ကြိုးက ပျက်တယ်လေ။ အဆင်မပြေဘူး။ အချင်းချင်း ကြည့် ရင် သနားစရာတွေ ကြီးပဲ။ သူ့ကို သွားကူမယ်ဆိုရင် နောက်မှာ ကိုယ့်ဟာကလည်း ပျက်စီးနေပြီ။ မကူနိင်တော့ ကိုယ်ဟာကို ပြန်လုပ်ရတယ်။” လို့ ဦးစိုးရယ်က ပြောပါတယ်။
ဒီနှစ် မဟာသင်္ကြန်ကာလ ပြီးတဲ့နောက်ပိုင်းမှာတော့ အခုလို လေပြင်းတိုက်ခိုက်မှုတွေ၊ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေ မကြာခနဖြစ်နေတာကြောင့် ကရင်နီစစ်ရှောင်တွေ ဒုက္ခရောက်နေကြတာပါ။
ယခုအချိန်ထိသိထားတဲ့ စာရင်းတွေအရ စစ်ရှောင် တဲအိမ် ၅၀ နဲ့အထက် ပျက်စီးသွားခဲ့ရပြီး အရေးအပေါ် အမိုးအကာတွေလည်း လိုအပ်နေတာကို တွေ့ရတာပါ။
တချို့မိသားစုတွေကတော့ နီးစပ်ရာမှာ တောင်းယူလို့ရနေပေမဲ့ တချို့တွေမှာတော့ အလှူရှင် အဖွဲ့အစည်းတွေဆီကို အရေးပေါ် အကူအညီ တောင်းခံစာတွေကို ပေးပို့တောင်းဆိုနေကြပါတယ်။
ဒေါနဲမယ် တို့ နေထိုင်နေတဲ့ စစ်ရှောင်စခန်းမှာ ကလေးငယ်တွေကို ပညာတွေ သင်ကြားပေးနေတဲ့ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ကိုရယ်ကတော့ သူရဲ့ စစ်ရှောင်စခန်းက တဲအိမ်တွေ ပျက်စီးသွားကြောင်း အခုလို ပြောဆိုသွားပါတယ်။
“တော်တော်များများတော့ အိမ်တွေပျက်စီးသွားတာ မျိုးတွေ ဖြစ်တယ်။ တချို့ခါကျတော့လည်း အိမ်တလုံးလုံး လှန်သွားတာ မျိုးတွေဖြစ်တယ်။ တော်တော်လေး ပျက်စီးသွားတာကို တွေ့ရတယ်။ လုံးဝ မဖြစ်ရင်တော့ မိုးတွေ ယိုသွားတဲ့ အနေအထားမှာ ရှိတယ်။ လေက တအားကြမ်းတော့လေ” လို့ ကိုရယ်က ပြောပါတယ်။





