spot_img
Homeသတင်းဖရူဆိုမှာ စစ်ရှောင်စခန်းထိ စစ်ကော်မရှင်စစ်ကြောင်း ရောက်ရှိလာ၊ စစ်ရှောင်တဲအိမ်တွေကို မီးရှို့ခဲ့ကြောင်းဆို

ဖရူဆိုမှာ စစ်ရှောင်စခန်းထိ စစ်ကော်မရှင်စစ်ကြောင်း ရောက်ရှိလာ၊ စစ်ရှောင်တဲအိမ်တွေကို မီးရှို့ခဲ့ကြောင်းဆို

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂ နာရီဝန်းကျင်အချိန်မှာ စစ်ရှောင်စခန်းတနေရာကို ရောက်ရှိလာပြီး စစ်ရှောင်တဲအိမ်တွေ၊ ယာဉ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

“သူတို့(စစ်ဘေးရှောင်) က ဒီတိုင်းပဲ ပြေးသွားလိုက်တယ်၊ ဘာမှမပါတော့ဘူးပေါ့၊ ဘာပစ္စည်းမှလည်းမပါကြဘူးပေါ့၊ (စစ်ကော်မရှင်တပ်က) ဆိုင်ကယ်၊ ထော်လဂျီတို့ မီးရှို့ကုန်တယ်”လို့ စစ်ဘေးရှောင် တစ်ဦးက ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ မီးရှို့မှုကြောင့် စစ်ရှောင်စခန်းအတွင်းက လူနေတဲအိမ် တဝက်နီးပါး လောင်ကျွမ်းပျက်စီးခဲ့တယ်လို့လည်း ဆိုထားပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတဲ့အချိန်မှာတော့ စစ်ရှောင်လူထုတွေ ထိတ်လန့်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရပြီး ပစ္စည်းယူချိန် မရခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ရှောင်စခန်းဆီကို ရောက်ရှိလာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ လူနေတဲအိမ်မီးရှို့တာအပြင် အချိန်မီထွက်ပြေး တိမ်းရှောင်နိုင်ခြင်း မရှိသူတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ လွတ်မြောက်လာတဲ့ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။

“စစ်သားတွေ ရိုက်ပြီး လမ်းဘေးပစ်ထားတာမျိုးလည်း ရှိတယ်” လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီး၊ ရိုက်နှက်ခံရသူဦးရေကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ယခုရက်ပိုင်းအတွင်း ဖရူဆိုမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးတာတွေ ခပ်စိပ်စပ်ရှိလာတာကြောင့် ကျေးရွာခံနဲ့ စစ်ဘေးရှောင်တွေဟာ လုံခြုံရေး စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ တခြားနေရာကို ထပ်မံတိမ်းရှောင်နေရပြီး နေရာထိုင်ခင်းအတွက် အကူအညီရရှိထားပေမယ့် စားနပ်ရိက္ခာလိုအပ်မှုရှိနေသေးတယ်လို့ ဆိုပါတယ်။

“ဒီနေ့ ကယ်ဆယ်ရေးတွေ လုပ်တာမျိုးရှိတော့ နည်းနည်းဘေးကင်းပြီးလို့ ပြောလို့ရတယ်၊ စားဝတ်နေရေးပိုင်းတော့ လိုသေးတယ်”လို့ စစ်ရှောင်တစ်ဦးက ဆိုပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ အဆိုပါစစ်ရှောင်စခန်းမှာ အိမ်ခြေ ၆၈ အိမ်ရှိပြီး လူဦးရေ ၃၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ