spot_img
Homeသတင်းမြန်မာ့ လူဦးရေ ၁၂ သန်းကျော်က ဆာလောင်မွတ်သိပ်မှုဒဏ်ရင်ဆိုင်နေရ

မြန်မာ့ လူဦးရေ ၁၂ သန်းကျော်က ဆာလောင်မွတ်သိပ်မှုဒဏ်ရင်ဆိုင်နေရ

-

ကန္တာရဝတီတိုင်း (မ်)

‌မြန်မာနိုင်ငံဟာ ပျှမ်းမျှအားဖြင့် လူ ၄ ယောက်မှာ ၁ ယောက်နှုန်း ဒါမှမဟုတ် လူဦးရေ ၁၂ ဒဿမ ၄ သန်းလောက်က ဆာလောင်မွတ်သိပ်မှုဒဏ်ကို လတ်တလော ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က မေ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လောင်စာစျေးနှုန်းတွေ မြင့်တက်လာမှုကြောင့် နဂိုကတည်းက ရုန်းကန်နေကြရတဲ့ မြန်မာပြည်သူတွေကို အခြေခံစားသောက်ကုန်တွေ ဝယ်ယူစားသောက်ဖို့ လက်လှမ်းမမီနိုင်တော့တဲ့ အခြေအနေကို တွန်းပို့နေတယ်လို့လည်း ထုတ်ပြန်ချက်မှာပြောပါတယ်။

ကမ္ဘာ့အရှေ့အလယ်ပိုင်းက စစ်ပွဲကြောင့် စားသောက်ကုန်၊ စက်သုံးဆီစျေးနှုန်းတွေလည်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆမတန်မြင့်တက်လာပြီး မြန်မာလူထုတွေက နေ့စဥ်ရပ်တည်ရှင်သန်ရေးမှာ စိန်‌‌ခေါ်မှုတွေ ပိုရှိလာနေတယ်လို့လည်း WFP ကထုတ်ပြန်ချက်မှာပြောပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျမ်းမျှအားဖြင့် စားသောက်ကုန်စျေးနှုန်းက ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ပြောထားပါတယ်။

လူမှုစီးပွားရေးအခြေအနေကတော့ ကျသထက် ကျလာနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က သတိပေးထားပါတယ်။ ကရင်နီပြည်မှာလည်း အခြေခံစား‌သောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စျေးနှုန်းတွေမြင့်တက်လာမှုကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင်လူထုတွေမှာ အကြပ်အတည်းပိုကြုံလာရတယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“အရင်တုန်းက အမဲသားတစ်ခါဝယ်ရင် ၈၀၀၀ ‌လောက်ပေးရတယ်။ ၉၀၀၀ တန်တွေလည်း ရှိတယ်။ အဲတာ အစိတ်သားလောက်ရှိ မလားမသိဘူး။ ၉၀၀၀ တန် အမဲသားတွေရှိတယ်ပေါ့နော။ ဝယ်နေကြအဲတာက တစ်နပ်စာရတယ်။ ဒါပေမဲ့ အခုက တစ်နပ်စာဆိုတဲ့ ၉၀၀၀ တန်က အခုဆို ၁၂,၀၀၀ ဖြစ်သွားပြီ။ အစိတ်သားလောက်ရှိတယ်ဆိုတဲ့ အသားတစ်ခုက တစ်နပ်စာရှိတယ် ဆိုပေမဲ့ အဲမှာ ၃၀၀၀ လောက်တော့ပါသွားပြီ” လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးက လက်ရှိမှာ ကုန်စျေး ၃၈ ရာခိုင်နှုန်းမြင့်တက်လာပြီး နိုင်ငံတစ်ဝှမ်း ကုန်စျေးအမြင့်ဆုံးဒေသဖြစ်လာပြီး ကရင်ပြည်နယ်မှာ ၃၂ ရာခိုင်နှုန်း နဲ့ ရခိုင်ပြည်နယ်တို့မှာ ၃၁ ရာခိုင်နှုန်း အသီးသီး ကုန်စျေးမြင့်တက်လာကြတယ်လို့ WFP ကပြောပါတယ်။

ကုန်စျေးနှုန်းမြင့်တက်လာမှု၊ အလုပ်အကိုင်ရှားပါးမှုတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ လာမယ့် ၂၀၂၇ နှစ်ထဲမှာတော့ စားနပ်ရိက္ခာ အကြပ်အတည်း ပိုမိုဆိုးရွားလာစေနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ တပါတည်းပြောထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ