ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ ၂ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒီကနေ့ ဇွန်လ ၂ ရက်နေ့မှာ ကရင်နီ လူ့အခွင့်အရေးအဖွဲ့( KnHRG) ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။
အဆိုပါ သေဆုံးခဲ့သူ ၂ဦး ဟာ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့နဲ့ မေလ ၁၀ ရက်နေ့က ကရင်နီပြည် ဖရူဆို မြို့နယ်အတွင်းမှာ စစ်အုပ်စုတွေကြောင့် သေဆုံးခဲ့တာပါ။

သေဆုံးခဲ့သူ ၂ ဦးလုံးဟာ အမျိုးသားတွေဖြစ်ကြောင်း KnHRG ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“ဟုတ်တယ် သေဆုံး သူ က အမျိုးသား (၂)ဦးလုံးဘဲ၊ တစ်ဦးက ၂၇ နှစ်၊ နောက်တစ်ဦးက (၃၅)နှစ်ဝန်းကျင် ဖြစ်မယ်။”လို့ KnHRG ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဖြစ်စဉ်မှာတော့ မေလ ၇ ရက်နေ့မှာ ဖရူဆိုက အမျိုးသားတစ်ဦး ဝက်စာရှာထွက်ရာကနေ စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ကျန်တစ်ဦးဟာ မေလ ၁၀ ရက်နေ့မှာ စစ်အုပ်စုနဲ့ တွေ့ခဲ့တဲ့ ရွာသားတစ်ဦး ပစ်ခတ်ခံရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။
စစ်ကော်မရှင်တွေက ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့မှာ ဖရူဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းအထိ ဝင်ရောက် လာခဲ့ပြီး ဒေသခံလူထု နဲ့စစ်ဘေးရှောင်တွေ ထပ်မံ စစ်ဘေးတိမ်းရှောင် ခဲ့ကြရတာပါ။
စစ်အုပ်စုကြောင့် အဆိုပါ လူထု သေဆုံးမှုအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁ ဦး၊ လက်နက်ဖြင့် ပစ်ခတ်မှုကြောင့် ၁ ဦး ၊ ဒရုန်းတိုက်ခိုက်မှုကြောင့် ၁ဦး ၊ ဖြစ်စဥ် အသေးစိတ်မသိရှိရသူ ၁ ဦးနဲ့ ဖမ်းဆီးခံရသူ ၅ ဦး အပြင် လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲ တစ်ဦး စုစုပေါင်း အမျိုးသား ၁၀ ဦးလည်း စစ်အုပ်စုကြောင့် ထိခိုက်မှုရှိနေကြောင့် KnHRG အဖွဲ့ဆီကနေ သိရပါတယ်။





