ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ၊ နန်းမယ်ခုံမြို့အတွင်းတစ်နေရာကို ယမန်နေ့ ဇွန်လ ၃ ရက်နေ့မှာ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူတဦးထိခိုက်ခဲ့သလို အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လူထုနေထိုင်တဲ့နေရာမှာ ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
” ဒရုန်းလာကြဲသွားသေးတယ်။ အဖွားတစ်ယောက်တော့ ထိတယ်။ အဲ့နေရာ လာကျဲသွားတဲ့နေရာက လူထုတွေနေတာရှိတယ်လေ။”လို့ ဒေသခံ အမျိုးသားတစ်ဦးကဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ (၂၈) ရက်နေ့မှာလည်း နန်းမယ်ခုံမြို့အနီးရှိ ကျေးရွာတရွာကို စစ်အုပ်စုတပ်က ဒရုန်းနဲ့ ဗုံးကြဲသွားခဲ့ပါသေးတယ်။ အဆိုပါ နေရာမှာတော့ လူထုနေထိုင်မှုမရှိတာကြောင့် ထိခိုက်မှုမရှိပေမယ့် နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ယမန်နေ့က ဒရုန်းနဲ့ ဗုံးကြဲမှုအတွင်း လမ်းမဘေးမှာ ရပ်ထားတဲ့ ကားတစီးကိုလည်း ဒရုန်းဗုံး အစ ထိမှန်ခဲ့ကြောင်းကိုလည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ နန်းမယ်ခုံမြို့အတွင်းကို မကြာခဏ လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်နေတာရှိပြီး နန်းမယ်ခုံမြို့နယ်က ဒေသခံတောင်သူတွေဟာ စားဝတ်နေရေးအတွက် လယ်စပါးကို စိုးရိမ်ပူပန်မှုနဲ့ ပြန်လည်စိုက်ပျိုးနေကြရတယ်လို့လည်း တောင်သူတွေက ကန္တာရဝတီတိုင်း(မ်) ကိုဖြေကြားထားတာရှိပါတယ်။
လက်ရှိ နန်းမယ်ခုံမြို့အတွင်းမှာ နေထိုင်ကြတဲ့ လူထုတွေဟာ စားဝတ်နေရေးအတွက် စိုက်ပျိုးလုပ်ကိုင်ကြတဲ့ တောင်သူတွေသာ ဖြစ်တယ်လို့လည်း ဒေသခံဆီကနေ သိရပါတယ်။





