spot_img
Homeသတင်းမြန်မာမှာ ကလေးသူငယ် ၆ ဒဿမ ၃ သန်းကျော် ပညာသင်ယူခွင့်ဆုံးရှုံး

မြန်မာမှာ ကလေးသူငယ် ၆ ဒဿမ ၃ သန်းကျော် ပညာသင်ယူခွင့်ဆုံးရှုံး

-

ကန္တာရဝတီတိုင်း (မ်)

အခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြန်မာနိုင်ငံမှာ ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကလေးသူငယ် ၆ ဒဿမ ၃ သန်းကျော် ရှိနေတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP -Myanmar က မနေ့ ဇွန်၂၄ မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

အခုစာသင်နှစ် စစ်အစိုးရကျောင်းတွေမှာ အခြေခံပညာကျောင်းအပ်နှံတဲ့ ကျောင်းသားအရေအတွက်က ၆ ဒဿမ ၇ သန်းရှိပြီး ISP- Myanmar ရဲ့ ဒေတာအရဆိုရင် အရင်စာသင်နှစ်ထက် ကျောင်းသားဦးရေ ၆ သိန်းတိုးလာတယ်လို့လည်း ဆိုထားပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်တွေအရ အခြေခံပညာသင်ယူရမယ့် ကျောင်းနေအရွယ်ဦးရေက ၁၃ သန်းဝန်း ကျင် ရှိရမှာဖြစ်တယ်လို့ ပြောပါတယ်။

တဖက်မှာလည်း ကြားကာလ ပညာရေးအစီအမံကိုဖော်ဆောင်နေကြတဲ့ တော်လှန်ရေးအင်အားစုအသီးသီးတို့ရဲ့ ကျောင်းတွေက ကျောင်းသားတိုင်းအတွက် လက်လှမ်းမမှီနိုင်ဘူးလို့လည်း ISP Myanmar ကဆိုပါတယ်။

ကရင်နီပြည်မှာတော့ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC လက်အောက်က ကျောင်း‌ပေါင်း ၄၇၀ မှာ အရင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တုန်းက ကျောင်းသားဦးရေ ၅၇၀၀၀ ကျော် ကျောင်းတက်ရောက်နိုင်ခဲ့တယ်လို့ဆိုပေမယ့် အခုနှစ် စာသင်နှစ် စာရင်းကိုတော့ မသိရသေးဘူးလို့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အရပ်သားအစိုးရ အာဏာကို သိမ်းယူထားပြီး အသွင်ပြောင်းအစိုးရဖြစ်လာတဲ့ အာဏာသိမ်းခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်ကတော့ ပညာရေးနဲ့ ပတ်သက်ပြီး တိုးတက်ကောင်းမွန်အောင် ပြုလုပ်သွားမယ်လို့ ဆက်တိုက်ပြောထားတာပါ။ ဒါ့အပြင် ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေကို မနှောက်ယှက်ဖို့နဲ့ ပညာရေးအတွက် ငွေကြေး (ဘတ်ဂျတ် ပိုသုံးသွားမယ်လို့လည်း ပြောထားပါတယ်။

ဒါပေမယ့် တော်လှန်ရေးနယ်မြေမှာ ပညာသင်ယူနေကြတဲ့ကျောင်းသားတွေကတော့ ဒေသတွင်း စစ်ရေးအခြေအနေပေါ်မူတည်ပြီး ကျောင်းဖွင့်လှစ်နေကြရပါတယ်။ စာသင်ကျောင်းကိုပစ်မှတ်ထားပြီး စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်း လုံခြုံရေးအရ စိုးရိမ်နေကြရတာပါ။

မြန်မာ့ပညာရေးမှာ ကျောင်းသားတွေက စီးပွားရေးအဆင်မပြေလို့ အိမ်ကိုကူဖို့ ကျောင်းကို စွန့်ခွာရသူ၊ ကျောင်းစရိတ် မတတ်နိုင်လို့ ကျောင်းကိုစွန့်ခွာရသူ၊ စစ်ဘေးပဋိပက္ခကြောင့် ကျောင်းကို စွန့်ခွာရသူ၊ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ကျောင်းကို စွန့်ခွာရသူ စသဖြင့် အများအပြား ရှိနေတယ်လို့လည်း ISP – Myanmar ရဲ့ အစီရင်ခံစာမှာပြောပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ