spot_img
Homeဆောင်းပါးအယ်လ်နီညို၏ သက်ရောက်မှုများနှင့် ကြိုတင်ပြင်ဆင်သင့်သည့် အချက်များ

အယ်လ်နီညို၏ သက်ရောက်မှုများနှင့် ကြိုတင်ပြင်ဆင်သင့်သည့် အချက်များ

-

ကန္တာရဝတီတိုင်း(မ်)

အယ်လ်နီညိုဆိုတာ အစွန်းရောက်သဘာဝဘေးတခုဖြစ်ပြီး အလွန်ပူနွေးခြောက်သွေ့တဲ့ ဖြစ်စဉ် တခုလို့ အကြမ်းဖျင်းမှတ်သားနိုင်ပါတယ်။ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ ရေမျက်နှာပြင်မှာ ပင်လယ်ရေ အပူချိန် မြင့်တက်လာတဲ့အခါ အယ်လ်နီညိုဖြစ်စဉ်ကို ဖြစ်ပေါ်စေတာပါ။

ပစိဖိတ်သမုဒ္ဒရာအတွင်း ကုန်သည်လေတွေက ပူနွေးတဲ့ပင်လယ်ရေကို အရှေ့ဘက်မှ အနောက်ဘက်သို့ ရွှေ့ပြောင်းတိုက်ခိုက်ရာကနေ ကမ္ဘာ့ရာသီဥတုကို အကျိုးသက်ရောက်စေတဲ့ ရာသီဥတုဖြစ်စဉ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ တောင်အမေရိကန်ငါးဖမ်းသမားတွေက ဒီရေပူစီးကြောင်း တွေကို “အယ်လ်နီညို” လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။

ယေဘုယျအနေနဲ့ နှစ်နှစ်ကနေ ငါးနှစ် (သို့မဟုတ်) ငါးနှစ်ကနေ ခုနစ်နှစ်အတွင်းတကြိမ် အယ်လ်နီညို ဖြစ်စဉ် ဖြစ်ပေါ်တတ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ နှစ်နှစ် သုံးနှစ်အတွင်းလည်း ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ အဆိုပါရေပူစီးကြောင်းဟာ ရက်သတ္တပတ်အနည်းငယ်ကနေ တလ (သို့မဟုတ်) တလထက်ပိုပြီး ကြာမြင့်တတ်ပါသေးတယ်။

ယခုနှစ် ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းမှာ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ရှိတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ဧပြီ ၂၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ ပုံမှန်အယ်လ်နီညိုထက် “စူပါအယ်လ်နီညို” ဖြစ်နိုင်ခြေ ရှိတယ်လို့တောင် ခန့်မှန်းထားတာပါ။

အယ်လ်နီညိုရာသီဥတုက ဘယ်လို သက်ရောက်မှုတွေကို ကြုံရနိုင်လဲ

မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ မိုးရာသီကိုရောက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အယ်လ်နီညိုရာသီ ဥတုဖြစ်စဉ်ရှိတဲ့အတွက် မိုးရွာနေရင်တောင်မှ အပူချိန်က ပိုပြီးမြင့်တက်နိုင်ပါတယ်။ အယ်လ်နီညို ဖြစ်စဉ် နောက်ဆက်တွဲအနေနဲ့ နိုင်ငံတဝန်းမှာ အပူချိန်တွေ မြင့်တက်တာ၊ မိုးခေါင်တာနဲ့ ရေရှားတာ တွေ ဖြစ်နိုင်ပါတယ်။

ဒီလိုမိုးခေါင်ရေရှားတာတွေကြောင့် သောက်သုံးရေ ရှားပါးလာတာ၊ စိုက်ပျိုးရေး ထိခိုက်တာ၊ လျှပ်စစ် ဓာတ်အားအသုံးပြုမှု မြင့်တက်တာ၊ အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်တာ၊ တောမီးနဲ့ မီးလောင်မှုအန္တရာယ်တိုးလာ တာတွေလည်း ဖြစ်နိုင်ပါတယ်။

တဖက်မှာလည်း အချိန်တိုအတွင်း မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။

ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲ

၁၉၉၇၊ ၉၈ ခုနှစ်တွေမှာ ဖြစ်ခဲ့တဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်က မှတ်တမ်းတင်ထားသမျှထဲမှာ အဆိုးရွားဆုံး အပြင်းထန်ဆုံးဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ အယ်လ်နီညိုလည်း မြန်မာနိုင်ငံမှာ စံချိန်တင်မီးလောင်ကျွမ်းမှုတွေ၊ ပူပြင်းခြောက်သွေ့တာနဲ့ တိုက်ရိုက်ဆက်စပ်သောရောဂါတွေ၊ သောက်သုံးရေရှားပါးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အခုနောက်ပိုင်းတော့ သိပ္ပံပညာရှင်တွေနဲ့ မိုးလေဝသပညာရှင်တွေက အယ်လ်နီညိုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပိုပြီးတိတိကျကျ ခန့်မှန်းလာနိုင်ပါတယ်။ တဖက်မှာလည်း ရာသီဥတုပြောင်းလဲမှုတွေ အတွက် ကြိုပြီးတော့မှ ပြင်ဆင်နိုင်ရေး ကြိုးပမ်းနေကြတာပါ။

အယ်လ်နီညိုကြောင့် ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေကို ကြိုတင်ပြင်ဆင်ဖို့ ရေကို ချွေတာသုံးစွဲဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ ရေကို ကြိုတင်သိုလှောင်ထားတာ၊ အစားအသောက်တွေကြိုတင် စုဆောင်းထားတာတွေလည်း လုပ်ဆောင်သင့်ပါတယ်။

အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်လာတဲ့အခါ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ်ရေဓာတ်ဆုံးရှုံးခြင်း၊ အပူဒဏ်ခံရခြင်းနဲ့ မောပန်းနွမ်းနယ်လွယ်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ နေပူထဲမှာ အလုပ်လုပ်ရသူတွေကတော့ အပူချိန် မြင့်တက်မှုရဲ့ အန္တရာယ်ကို ပိုမိုခံစားရနိုင်တာကြောင့် အထူးသတိထားသင့်ပါတယ်။

ဒါ့အပြင် နေပူထဲကို ထွက်ရမယ်ဆိုရင် နေရောင်ခြည်ဒဏ်ကာကွယ်ပေးနိုင်တဲ့ နေရောင်ကာခရင်မ် (Sunscreen) ကို ပုံမှန်လိမ်းပေးသင့်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ ခန္ဓာကိုယ်မှာ ရေဓာတ်မလျော့နည်းစေဖို့ ရေကို လုံလောက်စွာ မကြာခဏသောက်ပေးဖို့ ဖြစ်ပါတယ်။

အပူချိန်မြင့်တက်လာတဲ့အခါ မီးလောင်မှုအန္တရာယ်လည်း ပိုများလာနိုင်တာကြောင့် မီးဘေးကြိုတင် ကာကွယ်ရေးအစီအမံတွေကို ပြင်ဆင်ထားသင့်ပါတယ်။ မီးအသုံးပြုရာမှာ သတိထားဆောင်ရွက်ဖို့နဲ့ မီးငြှိမ်းသတ်ရေးပစ္စည်းတွေကို အဆင်သင့်ထားရှိဖို့လည်း လိုအပ်ပါသေးတယ်။

ဒါ့အပြင် ရာသီဥတုမတည်ငြိမ်မှုကြောင့် နေရာအချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ မှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ရေစီးရေလာကောင်းမွန်အောင် ရေမြောင်းတွေ ရှင်းလင်းထားတာနဲ့ ရေထွက်ပေါက်လမ်းကြောင်းတွေကို ကြိုတင်စီမံထားတာကလည်း အရေးကြီးပါတယ်။

ကရင်နီမှာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ တောင်သူတွေအတွက်ကတော့ မိုးခေါင်ဒဏ်ကို ပိုမို ခံနိုင်ရည်ရှိတဲ့ သီးနှံမျိုးတွေကို ပြောင်းလဲစိုက်ပျိုးသင့်၊ မသင့် ကြိုတင်ချင့်ချိန်စဉ်းစားဖို့ လိုပါတယ်။

လယ်ယာမြေအတွင်း ရေအသုံးပြုမှုကို ထိရောက်စွာ စီမံခန့်ခွဲပြီး စိုက်ပျိုးရေးအတွက် ကြိုတင် တွက်ချက်ပြင်ဆင်ထားဖို့လည်း အရေးကြီးပါတယ်။ မျိုးစေ့၊ ဓာတ်မြေဩဇာနဲ့ အခြားလိုအပ်တဲ့ စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်းတွေကိုလည်း ကြိုတင်စုဆောင်းပြင်ဆင်ထားမယ်ဆိုရင် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်မှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ