spot_img
Homeဆောင်းပါး“အာဟာရပြည့်ဖို့ထက် ဗိုက်ဝဖို့ ပိုအရေးကြီးလာတဲ့ စစ်ရှောင်မိသားစုများ”

“အာဟာရပြည့်ဖို့ထက် ဗိုက်ဝဖို့ ပိုအရေးကြီးလာတဲ့ စစ်ရှောင်မိသားစုများ”

-

ကန္တာရဝတီတိုင်း(မ်)

“ဒီနေ့ ဘာဟင်းချက်မလဲ” ဆိုတဲ့ မေးခွန်းထက် “ဒီနေ့ ကလေးတွေကို ဗိုက်ဝအောင် ဘယ်လိုကျွေးမလဲ” ဆိုတဲ့ မေးခွန်းက စစ်ရှောင်ဘဝကို ဖြတ်သန်းနေရတဲ့ မိဘတွေအတွက် ပိုအရေးကြီးလာနေပါတယ်။

ကလေးတွေကို အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးချင်ပေမဲ့ လက်တွေ့မှာတော့ တနေ့တာ စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့တောင် ခက်ခဲနေပါတယ်။ ဆီ၊ ဆား၊ ငရုတ်သီးလို အခြေခံ စားသောက်ကုန်တွေကိုတောင် အမြဲတမ်း မဝယ်နိုင်တဲ့အခြေအနေတွေကြားမှာ ကရင်နီပြည်က စစ်ရှောင်မိသားစုတွေဟာ ကလေးတွေရဲ့ အာဟာရအတွက် စိုးရိမ်ပူပန်နေကြရပါတယ်။

“အာဟာရပြည့်ပြည့်ဝဝ ကျွေးချင်တာပေါ့။ ဒါပေမဲ့ မကျွေးနိုင်ဘူး။ အသားဆိုရင် တနှစ်မှ နှစ်ခါ၊ သုံးခါလောက်ပဲ ဝယ်ကျွေးနိုင်တယ်။”လို့ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ဒေါ်ဆူးမြာက သူမရဲ့ သားငယ်လေးနှစ်ဦးကို အာဟာရပြည့်ဝအောင် မကျွေးနိုင်တဲ့ အခြေအနေကို ပြောပြပါတယ်။

အိမ်ထောင်တခုမှာ မီးဖိုဆောင်တာဝန်ကို အမျိုးသမီးတွေသာ ယူရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိပေမဲ့ လက်တွေ့မှာတော့ ဒီတာဝန်ကို ဒေါ်ဆူးမြာတို့လို အမျိုးသမီးတွေက အဓိက ထမ်းဆောင်နေကြရပါတယ်။ ဒါကြောင့်လည်း နောက်တနေ့အတွက် ဘာချက်ရမလဲ၊ ကလေးတွေကို ဘာကျွေးရမလဲဆိုတဲ့ ပူပန်မှုတွေကို အမျိုးသမီးအများစုက နေ့စဉ်ရင်ဆိုင်နေကြရတာပါ။

ဒေါ်ဆူးမြာတို့ မိသားစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် နေရပ်ကိုစွန့်ခွာကာ နေရာ ၃ နေရာအထိ ရွှေ့ပြောင်းတိမ်းရှောင်ခဲ့ရပါတယ်။ ရှမ်းပြည်တောင်ပိုင်း၊ ရေဖြူကျေးရွာကနေ တိမ်းရှောင်လာတဲ့ ဒေါ်ဆူးမြာမှာ ခင်ပွန်းဖြစ်သူနဲ့ အသက် ၁၃ နှစ်၊ ၉ နှစ်အရွယ် သားနှစ်ဦး ရှိပါတယ်။

စစ်ရှောင်ဘဝရဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကြားမှာ ဒေါ်ဆူးမြာအတွက် စိတ်ပူရဆုံးအရာက သားနှစ်ယောက် အာဟာရပြည့်ဝစွာ စားသောက်နေရရဲ့လား ဆိုတာပါ။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ကလေးတွေအတွက် လိုအပ်တဲ့အာဟာရကို ပြည့်ပြည့်ဝဝရရှိစေဖို့ထက် တနေ့တာ ဗိုက်ဝဖို့ကိုသာ ဦးစားပေး ဖြေရှင်းနေရပါတယ်။

ဒေါ်ဆူးမြာတို့ မိသားစုလိုပဲ စစ်ရှောင်စခန်းအတွင်းက မိသားစုအများအပြားလည်း အလားတူ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။ တဖက်မှာလည်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်လာတာ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကုန်စည်ပြတ်လပ်တာ တွေကိုလည်း ကြုံတွေ့နေကြရပါတယ်။

ဒါကြောင့် နေ့စဉ်စားသောက်ဖို့အတွက် သဘာဝကပေးတဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေ၊ တနိုင်တပိုင် စိုက်ပျိုးထားတဲ့သီးပင်စားပင်တွေ စတဲ့အစားအစာတွေကို ခူးယူစားသောက်ရင်း ဝမ်းရေးကို ဆက်လက်ဖြေရှင်းနေကြရပါတယ်။

“လုံးဝအဆင်မပြေတော့လည်း မတတ်နိုင်ဘူးပေါ့။ ဒီလိုပဲ ဖြစ်သလို နေရတာပေါ့။”လို့ ဒေါ်ဆူးမြာက စစ်ရှောင်ဘဝရဲ့ အဆင်မပြေမှုတွေကို ပြောပြနေပါတယ်။

သူမရဲ့ နေ့စဉ်ဘဝကတော့ မနက်စာနဲ့ ညစာအတွက် ထမင်းချက်ပြီးတာနဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ တောင်ယာခင်းကို သွားရပါတယ်။ အဲဒီတောင်ယာခင်းကလည်း ရွာခံမိသားစုတစုဆီကနေ ငှားရမ်း စိုက်ပျိုးထားတာဖြစ်ပြီး ထွက်ရှိလာတဲ့သီးနှံတွေကိုပဲ မိသားစုရဲ့ အဓိကဝင်ငွေနဲ့ စားဝတ်နေရေး အတွက် အားထားနေရပါတယ်။

ဒါပေမဲ့ တောင်ယာကထွက်ရှိလာတဲ့သီးနှံတွေဟာ မိသားစုစားဝတ်နေရေးကို အပြည့်အဝ မထောက်ပံ့နိုင်တာကြောင့် သားနှစ်ယောက်ကို အာဟာရပြည့်ဝအောင် မကျွေးနိုင်ပါဘူး။ လက်ရှိမှာတော့ အာဟာရပြည့်ဖို့ထက် ဗိုက်ပြည့်ဖို့က ပိုအရေးကြီးနေပါတယ်။

“ရွာမှာနေရင်တော့ တပတ်တခါ မဟုတ်ရင်တောင် ရက်တိုင်း ကိုယ်ကြိုက်တာ ကိုယ်စားလို့ရတယ်။ ကလေးတွေကိုလည်း မုန့်တွေ၊ အကြော်တွေလည်း ဝယ်ကျွေးနိုင်သေးတယ်။ အခု စစ်ရှောင်ရတော့ မုန့်တောင် မကျွေးနိုင်တော့ဘူး။ တခါတလေ ကျွေးနိုင်ရင်တောင် ‘၁,၀၀၀ ကျပ်ဖိုးပဲ ယူနော်’ လို့ပဲ ပြောနိုင်တော့တယ်။”လို့ သူမက ပြောပါတယ်။

ကလေးတွေရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တဲ့အခါတိုင်း ဒေါ်ဆူးမြာတယောက် စိတ်မကောင်း ဖြစ်ရပါတယ်။ သားတွေ မုန့်တောင်းစားတဲ့အခါမျိုးမှာ အိမ်နီးချင်းတွေဆီက ၁,၀၀၀ ကျပ်၊ ၂,၀၀၀ ကျပ်၊ တခါတရံ ၅,၀၀၀ ကျပ်အထိ ချေးယူပြီး မုန့်ဝယ်ကျွေးရတဲ့ အခြေအနေတွေလည်း ရှိခဲ့ဖူးပါတယ်။

“ကိုယ့်သားသမီးကို စိတ်ချမ်းသာစေချင်တယ်။ စားဝတ်နေရေး အဆင်ပြေပြီး လုံလောက်ရင် ရပြီ။”လို့ သူမရဲ့ ရိုးရှင်းတဲ့ ဆန္ဒကို ပြောပြပါတယ်။

ဒေါ်ဆူးမြာလိုပဲ အသက် ၂၃ နှစ်အရွယ် မော်ဖရေမြာကလည်း စစ်ရှောင်ဘဝကို ၅ နှစ်တာ ဖြတ်သန်းလာသူတဦးပါ။ သူမမှာ အသက် ၈ လအရွယ် ရင်သွေးငယ်တဦး ရှိပါတယ်။ သားဦးဖြစ်တာကြောင့်လည်း ကလေးငယ် ကျန်းကျန်းမာမာနဲ့ အာဟာရပြည့်ဝစွာ ကြီးပြင်းလာဖို့ကိုသာ သူမ အမြဲမျှော်လင့်နေပါတယ်။

မော်ဖရေမြာရဲ့ ရင်သွေးငယ်ဟာ မိခင်နို့ရည် သောက်နေရဆဲဖြစ်သလို ဖြည့်စွက်စာတွေပါ စတင်ကျွေးနေရပြီ ဖြစ်တာကြောင့် ကလေးအတွက် အာဟာရဓာတ် ပြည့်ဝဖို့ လိုအပ်ပါတယ်။ တဖက်မှာလည်း မိခင်ဖြစ်သူကိုယ်တိုင်က နို့တိုက်ကျွေးနိုင်ဖို့ အာဟာရရှိရှိ စားသုံးဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ စားဝတ်နေရေးတောင် ကျပ်တည်းနေတဲ့ စစ်ဘေးရှောင်ဘဝမှာ မိခင်နဲ့ ကလေးနှစ်ဦးစလုံးအတွက် အာဟာရပြည့်ဝစွာရရှိနိုင်ဖို့က အခက်အခဲတခု ဖြစ်နေပါတယ်။ မော်ဖရေမြာကတော့ ရင်သွေးငယ် ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့ကို ဦးစားပေးသွားမယ်လို့ ပြောပါတယ်။

“ကလေးနဲ့ပတ်သက်ရင် အဓိက ကျန်းမာရေးပဲပေါ့။ အခက်အခဲဆုံးက ငွေကြေးပဲ။” လို့ မော်ဖရေမြာက ပြောပါတယ်။

စစ်ဘေးရှောင်ဦးရေ နှစ်သိန်းဝန်းကျင်ရှိနေတဲ့ ကရင်နီပြည်မှာလည်း ကလေးတိုင်း အာဟာရ ပြည့်ဝအောင် စားသောက်နိုင်တဲ့အခြေအနေ မရှိကြပါဘူး။

“တချို့ကလေးတွေဆို ဟင်းက ရာသီပေါ်ရှိတာကိုပဲ ဆက်တိုက်စားရတယ်။ ပိန္နဲသီးပေါ်ချိန်ဆို ရက်တိုင်း ပိန္နဲသီး၊ ပဲသီးပေါ်ချိန်ဆို ပဲသီး၊ မျှစ်ပေါ်ချိန်ဆိုလည်း မျှစ်ပဲ စားရတာမျိုးတွေ ရှိတယ်။”လို့ စစ်ရှောင်စာသင်ကျောင်းတကျောင်းရဲ့ ကျောင်းဆရာမတဦးက ပြောပါတယ်။

အဆိုပါ ကျောင်းဆရာမဟာ နေ့စဉ်ကလေးတွေနဲ့ ထိတွေ့နေရသူဖြစ်တာကြောင့် သူတို့ရဲ့ စားသောက်မှုပုံစံနဲ့ အာဟာရရရှိမှု အခြေအနေတွေကို အနီးကပ် မြင်တွေ့နေရသူ ဖြစ်ပါတယ်။ သူမကိုယ်တိုင်ကလည်း ကလေးနှစ်ယောက်ရဲ့ မိခင်တဦး ဖြစ်ပါတယ်။

အစားအစာတွေကို သင့်တင့်မျှတအောင် မစားနိုင်တာကြောင့် ကလေးတချို့မှာ အာဟာရချို့တဲ့ တဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ သူမက ဆိုပါတယ်။

“နည်းနည်းတော့ ရှိတယ်ပေါ့၊ အာဟာရနည်းတဲ့ ကလေးတွေ။ လုံးဝပြင်းပြင်းထန်ထန် အာဟာရ ချို့တဲ့တာတော့ မတွေ့သေးဘူး။”လို့ ပြောပါတယ်။

စစ်ရှောင်စခန်းအတွင်းက ကလေးတွေရဲ့ နေ့စဉ်ဘဝကို မြင်တွေ့နေရတဲ့ သူမအနေနဲ့ ကိုယ့်ကလေးတင် မကဘဲ အခြားကလေးတွေရဲ့ အခြေအနေကိုပါ မြင်နေရတဲ့အခါ မိခင်တဦးအနေနဲ့ စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ဘဝ ကြာရှည်လာတာနဲ့အမျှ မိသားစုတွေအတွက် ကလေးတွေရဲ့ အာဟာရကို ဖြည့်ဆည်းပေးနိုင်ဖို့ ပိုမိုခက်ခဲလာနေပါတယ်။ ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာချိန်မှာ မိသားစုဝင်ငွေတွေက လိုက်မီနိုင်ခြင်းမရှိတာကြောင့် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ဝယ်ယူကျွေးမွေးဖို့ ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ CDM ဒေါက်တာရဲဇော်ကတော့ လက်ရှိအခြေအနေမှာ ကလေးငယ်တွေအပြင် သက်ကြီးရွယ်အိုတွေပါ အာဟာရချို့တဲ့မှုရဲ့ သက်ရောက်မှုကို ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ စစ်ရှောင်ဘဝကြောင့် စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံတွေ ပြောင်းလဲသွားတာဟာ လူတွေရဲ့ ကျန်းမာရေးအပေါ် ရေရှည်သက်ရောက်မှု ရှိနေတယ်လို့ သူက သုံးသပ်ပါတယ်။

“ဖြစ်သလိုနေကြရတာကိုး။ အာဏာသိမ်းပြီးနောက် တောထဲတောင်ထဲမှာ နေရတဲ့အခါ ဖြစ်သလိုနေ၊ ဖြစ်သလိုစားရတော့ အာဟာရမပြည့်ဝတာ၊ ကိုယ်ခံအားကျတာတွေ ဖြစ်လာတယ်။ အဲဒါတွေက ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်နိုင်တဲ့ အဓိကအကြောင်းရင်းပဲ။ ကိုယ်ခံအားကောင်းနေရင် ရောဂါပိုးဝင်လာရင်တောင် တော်ရုံတန်ရုံ ကာကွယ်နိုင်ပေမယ့် ကိုယ်ခံအားမကောင်းတော့ ရောဂါဖြစ်ဖို့ ပိုလွယ်သွားတယ်။” လို့ ဒေါက်တာရဲဇော်က ပြောပါတယ်။

UNICEF ရဲ့ ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက် ကလေး ၄၁၀,၀၀၀ နဲ့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေဟာ အာဟာရချို့တဲ့မှု (acute malnutrition) ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

အဲဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်မှာ အသားဟင်းကို တနှစ်မှာအကြိမ်အနည်းငယ်သာစားနိုင်တဲ့ မိသားစုတွေ၊ ရာသီပေါ် အစားအစာတွေကို ရှာဖွေစားသောက်ရင်း နေ့ရက်တွေကို ဖြတ်သန်းနေတဲ့ မိသားစုတွေ ရှိနေပါတယ်။

၅ နှစ်ကျော် ကြာလာတဲ့ စစ်ရေးပဋိပက္ခနဲ့ စားဝတ်နေရေး အခက်အခဲတွေကြားမှာ ကလေးတွေရဲ့ အာဟာရ ပြည့်ဝနိုင်ဖို့ဟာ ဒေါ်ဆူးမြာ မိသားစုနဲ့အတူ စစ်ရှောင်မိသားစုတွေအတွက် ဆက်လက်ရင်ဆိုင် နေရအုံးမယ့်စိန်ခေါ်မှုတခု ဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ