Homeသတင်းဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် စပါးကြိတ်ခနှုန်း မြင့်တက်

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် စပါးကြိတ်ခနှုန်း မြင့်တက်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စက်သုံးဆီဈေးမြင့်တက်လာတာနဲ့အတူ ဆန်စက်တွေမှာ စပါးကြိတ်ခနှုန်းလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဒီဇယ်ဈေးပေါ်မူတည်ပြီး ကြိတ်ခတွေ အလိုလိုတက်လာကြတော့တာပဲ ကြိတ်ခအနည်းဆုံးကတော့ ၅၀၀၀ ကနေ ၈၀၀၀ ထိတက်လာတော့တာပဲ”လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အခုလို စပါးကြိတ်ခနှုန်း မြင့်တက်လာတဲ့အတွက် ငွေကြေးအခက်အခဲရှိတဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေအတွက် သယ်ယူပို့ဆောင်ရေးစရိတ်အပြင် စပါးကြိတ်ခအတွက်ပါ ကုန်ကျစရိတ် ပိုများလာတယ်လို့ ဆိုပါတယ်။

“အခက်တွေ့တာကျတော့အများကြီးရှိပါတယ်။ တချို့ကျတော့ ကြိတ်စားဖို့စပါးတောင်မရှိဘူး။ စပါးရှိပြန်တဲ့သူကျတော့လည်း ဆီဖိုးမရှိလို့ ဆိုင်ကယ်တွေနဲ့မသယ်ပို့နိုင်ကြတော့လို့ လူနဲ့ပဲပို့ရတာရှိပါတယ်။ ကြိတ်ခမပြောသေးနဲ့ ပို့ဖို့ကတည်းကမတတ်နိုင်တဲ့သူရှိနေကြတယ်”လို့ အဆိုပါဒေသခံတဦးက ဆက်ပြောပါတယ်။

စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲလာတာနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးတွေ ယခင်ကထက် ကျပ် ၃,၀၀၀ ဝန်းကျင် မြင့်တက်လာတာကြောင့် ဆန်စက်တွေအနေနဲ့ စပါးကြိတ်ခကို မြင့်တင်လိုက်ရတာဖြစ်တယ်လို့ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ဟိုးအရင်ကဆို ၃ပုံးအိတ်ဆို ၁အိတ်မှ ၁၀၀၀ ပဲယူတယ်။ နောက်အခုကျတော့ ၃ပုံးအိတ်ကို ၃၀၀၀ နှုန်း၊ ၄ပုံးအိတ်ကို ၄၀၀၀ နှုန်း အဲ့လိုမျိုးယူမှရတော့တယ်” လို့ သူက ပြောပါတယ်။

စက်သုံးဆီဈေး အတက်အကျပေါ်မူတည်ပြီး စပါးကြိတ်ခနှုန်းလည်း အပြောင်းအလဲရှိတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ဒုတိယပတ်ကစပြီး ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ဓာတ်ဆီတစ်လီတာကို ကျပ် ၈,၀၀၀၊ ၉,၀၀၀ နဲ့ ဒီဇယ်တစ်လီတာကို ကျပ် ၈,၅၀၀ ကနေ ၉,၀၀၀ အထိ ရောင်းချနေတယ်လို့ စက်သုံးဆီရောင်းချသူတွေထံကနေ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ဆန်တစ်အိတ် စပါးကြိတ်ခနှုန်းက ကျပ် ၄,၀၀၀ ကနေ ၈,၀၀၀ အထိရှိပြီး နေရာဒေသအလိုက် ဈေးနှုန်းကွာဟမှုရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ