spot_img
Homeသတင်းစစ်ရေးအခြေအနေကြောင့် မိုးဗြဲဒေသခံတချို့ စိုက်ခင်းများချန်ရစ်ကာ တိမ်းရှောင်နေရ

စစ်ရေးအခြေအနေကြောင့် မိုးဗြဲဒေသခံတချို့ စိုက်ခင်းများချန်ရစ်ကာ တိမ်းရှောင်နေရ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လတတိယပတ်ကစလို့ စစ်အုပ်စုတပ်က လက်နက်ကြီး၊ ဒရုန်းတွေကို မကြာခဏ အသုံးပြုပစ်ခတ်နေတာကြောင့် လွယ်ဝိုင်းကျေးရွာနဲ့ အနီးအနားက ဒေသခံတွေဟာ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ချန်ရစ်ပြီး တိမ်းရှောင်နေရတယ်လို့ မိုးဗြဲဒေသခံတွေက ပြောပါတယ်။

“လွယ်ဝိုင်းဆိုထားခဲ့ရတာ ပိုများတယ်။အခုတောင်မှ စိုက်ထားပြီးတာတောင်မှ ပြန်လာမလုပ်ရဲကြဘူးလေ။‌ တောင်ယာစပါးတို့ဆို ဆေးပြန်လာဖြန်းရမှာ ပြန်လာမဖြန်းရဲကြဘူးလေ။ ချုံထူကုန်ပြီ ဒီတိုင်းချန်ထားတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

လတ်တလောမှာတော့ စိုက်ပျိုးထားတဲ့ သီးနှံခင်းတွေကို ပေါင်းလိုက်တာ၊ ခြံရှင်းတာတွေအတွက် နေ့စားအလုပ်သမားတွေ ငှားရမ်းဖို့ ကြိုးစားနေပေမယ့် လုံခြုံရေးအန္တရာယ်ကြောင့် လာရောက်လုပ်ကိုင်သူ မရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် မိုးဗြဲမြို့အတွင်းမှာလည်း နေ့စဉ် လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရသလို ကျေးရွာရှိရာဘက်ကိုလည်း ဒရုန်းတွေနဲ့ ကင်းထောက်ပျံသန်းနေတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာနဲ့ တောင်ယာခင်းအနီးမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းအန္တရာယ်တွေ ရှိနေပေမယ့် စိုးရိမ်စိတ်တွေနဲ့ပဲ စားဝတ်နေရေးအတွက် မဖြစ်မနေ စိုက်ပျိုးလုပ်ကိုင်နေရသူတွေ ရှိတယ်လို့ ဆိုပါတယ်။

“ကြောက်တော့ ကြောက်တာပေါ့။ ဒါ‌ပေမယ့် စားဖို့လို‌‌တယ်ကာ အခက်ခဲတော့ရှိတာပဲ။ မလုပ်ရင်လဲ နောက်နှစ်ဆို ဘာစားမတုန်း။‌အဲ့ကြောင့်လုပ်ရတာ‌‌ပေါ့” လို့ စိုက်ပျိုးတောင်သူတဦးက ပြောပါတယ်။

မိုးဗြဲမှာတော့ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်အုပ်စု‌တပ်တို့ မကြာခဏ ထိတွေတိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ နယ်မြေစစ်ရေးအခြေအနေကြောင့် မိုးဗြဲမြို့အနောက်ဘက်ခြမ်းက လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေနဲ့ ခေါင်းစံလမ်းကို လုံခြုံရေးအရ မသွားလာဖို့ မိုးဗြဲ PDFကလည်း အသိပေးထားပါတယ်။

မိုးဗြဲမြို့အနောက်ခြမ်းက ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် စပါးနဲ့ ပြောင်းကို အဓိက စိုက်ပျိုးကြတယ်လို့ သိရပါတယ်။ စစ်ရေးအခြေအနေပေါ် မူတည်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကို စောင့်ကြည့် လုပ်ကိုင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ