ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်က ဒေါပိုရှေ့ကျေးရွာမှာ တပ်စွဲခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့၊ နေ့လည် ၂ နာရီကျော်အချိန်မှာ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ဒေသခံနေအိမ် ၃ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“ရွာထဲ တညဝင်လာပြီး၊ လူနေအိမ်တွေ မီးရှို့သွားတယ်၊ နေအိမ် ၃ လုံးတော့မီးလောင် ပြာကျသွားတယ်” လို့ အဆိုပါ ဒေသခံအမျိုးသားတဦး က ပြောပါတယ်။
အဆိုပါကျေးရွာရှိ ဒေသခံတွေကတော့ စစ်ဘေးတိမ်းရှောင်နေတာ ၃ နှစ်ဝန်းကျင် ရှိနေပြီလို့ ဆိုပါတယ်။
လတ်တလောမှာ ဖရူဆိုမြို့နယ်အတွင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားတာ၊ ကျေးရွာအတွင်း တပ်စွဲနေရာယူတာ၊ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားဆဲဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ကနေ မေလ အတွင်းမှာ ဖရူဆိုမြို့နယ်က ဘူးခူ ၊ ထားလဲ ၊ ပရယ်တော် စတဲ့ကျေးရွာက နေအိမ်စုစုပေါင်း ၈၀ ကျော် ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ဩဂုတ်လအတွင်းမှာလည်း တောင်ယာသွားတဲ့ ဒေသခံတွေ နဲ့ ကျေးရွာတွေအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ၆ လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားပါတယ်။






