spot_img
Homeသတင်းကရင်နီဒုက္ခသည်စခန်း(၁)မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အဖြစ်များ၊ တစ်ရက်လျှင် လူဦးရေ ၈၀ ဝန်းကျင် ဆေးခန်းလာပြ

ကရင်နီဒုက္ခသည်စခန်း(၁)မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အဖြစ်များ၊ တစ်ရက်လျှင် လူဦးရေ ၈၀ ဝန်းကျင် ဆေးခန်းလာပြ

-

ကန္တာရဝတီတိုင်း (မ်)

ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ အဖြစ်များနေပြီး တစ်ရက်ကို ဆေးခန်းလာရောက်ပြသသူ လူဥှီးရေ ၅၀ ကနေ ၈၀ ဝန်းကျင်အထိ ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာ နှာစေး၊ ချောင်းဆိုးနဲ့ လည်ချောင်းနာတာတွေ အဖြစ်များနေပြီး အသက် ၁၅ နှစ်အောက် ကလေးတွေမှာ ပိုမိုဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“ တစ်ရက်ကို ပျမ်းမျှဆိုလို့ရှိရင် ၅၀ နဲ့ ၈၀ အကြား ရှိတာပေါ့နော။ ရာသီအလိုက်ဖြစ်တဲ့ ရောဂါများတဲ့ အချိန်ဆိုရင်တော့ ၁၀၀ နီးပါးလောက်တော့ ရှိတယ်။ အခုလောလောဆယ် အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာတာတွေ ပိုဖြစ်များတယ်။ ဒုတိယကတော့ အရေပြား ရောဂါပေါ့နော။” လို့ ကျန်းမာရေးဌာနရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ နော်ခူဖောက ပြောပါတယ်။

ဇူလိုင်လနဲ့ ဩဂုတ်လ ပထမပတ်အထိ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) နဲ့ (၂) မှာ ဆေးခန်းလာရောက်ပြသသူ စုစုပေါင်း ၃,၂၇၄ ဦးရှိပြီး အဲဒီထဲမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာဖြစ်ပွားသူ ၈၂၆ ဦးနဲ့ အရေပြားရောဂါဖြစ်ပွားသူ ၄၀၀ ဦး၊ လက်ရှိ ဆေးခန်းမှာ ကုသမှုခံယူနေသူ ၇၀ ဦး ရှိတယ်လို့ ပြောပါတယ်။

အဆိုပါရောဂါတွေဟာ ရာသီအလိုက် ဖြစ်ပွားတတ်တဲ့ ရောဂါတွေဖြစ်ပြီး မိုးရာသီကာလမှာ ပိုမိုဖြစ်ပွားလာတာလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။

ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်တွေအတွက် အမေရိကန်နိုင်ငံကနေ ကျန်းမာရေးဝန်ဆောင်မှု ရန်ပုံငွေ ရပ်နားပြီးနောက် ဆေးခန်းမှာကျန်ရှိတဲ့ ဆေးဝါးနဲ့ ဆေးဖက်ဆိုင်ရာပစ္စည်းတွေကိုသာ အသုံးပြုနေရတာကြောင့် ဆေးဝါးပြတ်လပ်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။

“ကျန်တဲ့ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ တခြားသောဆေးဝါးမဟုတ်တဲ့ ပစ္စည်းတွေကလည်း ကူညီတဲ့အဖွဲ့တွေက မရှိတော့ဘူးပေါ့နော။ သိုလှောင်ခန်းထဲမှာ ကျန်တဲ့ဆေးတွေနဲ့ ကျမတို့ဆက်ပြီး အသုံးပြုနေတယ်။ အခုတော့ ဆေးတွေက ပြတ်တောက်တာမျိုးဖြစ်လာတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ဆေးဝါးတွေအပြင် ပတ်တီး၊ ဆေးထုပ်အိတ်၊ အပူချိန်တိုင်းစက်နဲ့ အခြားဆေးဖက်ဆိုင်ရာသုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ