spot_img
Homeသတင်းကရင်နီပြည်ရဲဌာနက ၆ လအတွင်း အမှုပေါင်း ၆၀ ကျော်ကို အရေးယူဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးမှု အများဆုံးဖြစ်

ကရင်နီပြည်ရဲဌာနက ၆ လအတွင်း အမှုပေါင်း ၆၀ ကျော်ကို အရေးယူဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးမှု အများဆုံးဖြစ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ပြည်ထဲရေးဌာနအောက်က ရဲဌာနခွဲ (KSP) မှာ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ (၆) လတာကာလအတွင်း အမှုပေါင်း (၆၀) ကျော်ကို အရေးယူဆောင်ရွက်ခဲ့ပြီး အဲ့ဒီထဲ မူးယစ်ဆေးဝါးအမှုက အများဆုံးဖြစ်တယ်လို့ IEC ရဲ့ ၆ လတာ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရပါတယ်။

၆ လအတွင်း မူးယစ်ဆေးဝါးမှု ၂၇ မှုနဲ့ အများဆုံးဖြစ်ပြီး ရာဇသတ်ကြီးဥပဒေအရ အရေးယူတဲ့တခြားမှု ၁၄ မှု၊ မုဒိမ်းမှုနဲ့ အမျိုးသမီးများအပေါ် ကျူးလွန်မှု ၇ မှု၊ ခိုးမှု ၄ မှု၊ စစ်တပ်နဲ့ ပတ်သက်တဲ့အမှု ၃ မှု၊ နာကျင်စေမှု ၃ မှုနဲ့ လူသတ်မှု ၂ မှု ၊ လိမ်လည်မှု၊ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု၊ ယာဉ်တိုက်မှုနဲ့ ကလေးသူငယ်အပေါ် ကျူးလွန်မှု စတဲ့အမှုတွေ တစ်မှုစီရှိပြီး စုစုပေါင်း ၆၃ မှု ရှိပါတယ်။

ဒါ့အပြင် အစီရင်ခံစာအရ KSP အဖွဲ့ဝင်တွေ အသုံးပြုနိုင်တဲ့ နည်းဥပဒေတွေကို ထွက်ရှိအောင်လုပ်ဆောင်ခဲ့တာ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်ဝေငှမှု (၂) ကြိမ် နဲ့ လူထုတွေ့ဆုံပွဲ (၄၇) ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ လူထုတွေ့ဆုံပွဲမှာ ဒေသခံပြည်သူ (၃,၃၄၉) ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ကရင်နီပြည်ရဲဌာနခွဲ (KSP) မှာတော့ ပြည်နယ်ရုံးချုပ် (၁) ရုံး၊ ဒုရဲမှူးရုံး (၂) ရုံး၊ မြို့နယ်ရုံး (၇) ရုံး၊ နယ်မြေရဲစခန်း (၁၃) စခန်း၊ ရဲဂိတ် (၁၃) ခု၊ နယ်မြေကင်း (၁၁) ခုနဲ့ ယာဉ်ထိန်းရုံး (၁) ရုံး ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ