spot_img
Homeသတင်းStarlink မူဝါဒပြောင်းလဲမှုကြောင့် ဒီးမော့ဆိုအနောက်ဘက်ခြမ်းက အင်တာနက်ဆိုင်တချို့မှာ GB နဲ့ ဝယ်သုံးနေရ

Starlink မူဝါဒပြောင်းလဲမှုကြောင့် ဒီးမော့ဆိုအနောက်ဘက်ခြမ်းက အင်တာနက်ဆိုင်တချို့မှာ GB နဲ့ ဝယ်သုံးနေရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ Starlink ကုမ္ပဏီရဲ့ မူဝါဒပြောင်းလဲမှုတွေကြောင့် Starlink အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်တချို့မှာ အရင်လို နာရီနဲ့ ဝယ်သုံးလို့မရတော့ဘဲ ဒေတာပမာဏ GB အလိုက် ဝယ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။

“အဓိကက နာရီနဲ့ ရောင်းတဲ့ချိန်မှာ လာသုံးတဲ့သူတွေက ဇာတ်ကားဒေါင်းတာတို့၊ ဗီဒီယိုကြည့်တာတို့များတော့ ဒေတာတွေက အသုံးများသွားတယ်ပေါ့။ အဲ့လိုများတော့ စတားလင့်ဖက်ကနေပြီး သူတို့ ပေါ်လစီနဲ့ မညီဘူး။ ဒေတာ အများကြီး သုံးပိုင်ခွင့်မရှိဘူး။အဲ့လို ဒေတာအများကြီးသုံးတဲ့စက်က လိုင်းတွေကို လုပ်နှေးတာတို့ ပိတ်ချလိုက်တာတို့ ပလန်တွေ ဘာတွေ ပြောင်းခိုင်းတာပေါ့ စတားလင့်ဖက်က။ အဲ့ဒါကြောင့် စတားလင့်ဖွင့်တဲ့သူတွေက သူတို့စက်ပိတ်အောင် သူတို့စက်က policy (မူဝါဒ)နဲ့အညီ ဆက်သုံးလို့ရအောင် သူတို့က နာရီနဲ့ ပေးမသုံးတော့ပဲ GB နဲ့ ပြောင်းပြီး ရောင်းကြတယ်ပေါ့” လို့ စတားလင့်ဝန်ဆောင်မှုပေးနေသူတဦးက ဆိုပါတယ်။

လက်ရှိမှာ Starlink ဒေတာအနည်းဆုံး 1 GB ကို ကျပ် ၁,၀၀၀ ဝန်းကျင်ကနေ စတင်ရောင်းချနေပြီး အများဆုံး 10 GB အထိ ဝယ်ယူသုံးစွဲနိုင်တဲ့ package တွေရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်၊ နေရာဒေသအသီးသီးမှာတော့ ဈေးနှုန်းတွေ ကွာခြားမှုရှိတယ်လို့ ဝန်ဆောင်မှုပေးသူတွေက ပြောပါတယ်။

“တော်တော်များများ ရောင်းတာ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ အများအားဖြင့်တော့ 1 Gb ကိုတစ်ထောင်ပေါ့။သုံးရင်သုံးသလောက်ကုန်မှာပေါ့။အကယ်၍ သူက တစ်ရက်ကို 1 Gbလာက်ပဲ သုံးတယ် ထားပါတော့ တစ်လဆို Gb 30 ဆို သုံးသောင်း အဲ့လောက်ဖြစ်သွားမှာပေါ့” လို့ စတားလင့် ဝန်ဆောင်မှုပေးသူတဦးက ဆိုပါတယ်။

အရင်လို နာရီအလိုက် ဝယ်ယူသုံးစွဲလို့မရတော့ဘဲ GB အလိုက် ဝယ်သုံးရတာကြောင့် အင်တာနက်အသုံးပြုသူတွေအတွက် ကုန်ကျစရိတ် ပိုများလာနိုင်တယ်လို့လည်း ဝန်ဆောင်မှုပေးသူတွေက ဆိုပါတယ်။

ကရင်နီပြည်က တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေတွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသခံတွေဟာ ဆက်သွယ်ရေးအတွက် Starlink အင်တာနက်ကို အဓိကအားထား အသုံးပြုနေကြရပါတယ်။ အင်တာနက်ကို သတင်းအချက်အလက် ရယူတာ၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်တာ၊ စီးပွားရေး ၊ အလုပ်နဲ့ ပညာရေးဆိုင်ရာကိစ္စတွေ ဆောင်ရွက်တာတွေအတွက်လည်း အသုံးပြုနေကြတာပါ။

“အခု ကျမတို့ သုံးတဲ့ ဒေတာ တနာရီကို ၅၀၀ ကျပ်ပေါ့ အပြောင်းအလဲတော့မရှိသေးဘူး။ အင်တာနက်က အမြဲတမ်းလည်း မသုံးနိုင်ဘူးပေါ့ အရေးကြီးတဲ့ချိန် ဆက်သွယ်ဖို့လောက်ပဲသုံးတယ်။ အရင်ကတော့ တလလုံးကိုမှ ကျပ် ၄၀၀၀၀ ၊ ၅၀၀၀၀ ကျတယ်။ ခုကျတော့ တနာရီစာလောက်ပဲ ဝယ်တာများတယ်။ မူဝါဒအပြောင်းအလဲကြောင့်ဆိုပြီး ဆိုင်တွေဖက်ကလည်း ၁ နာရီ ၊ ၂ နာရီ ၊ ၁ ရက်စာ အဲ့လိုပဲ ရောင်းတော့တယ်။ GB နဲ့သုံးရရင်တော့ သုံးရင်သုံးသလောက် ပိုက်ဆံပိုကုန်သွားမှာပေါ့နော။ ” လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ဒေတာကို GB အလိုက် ရောင်းချနေတဲ့ ဆိုင်တချို့မှာ ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး 1 GB ကို ၁,၀၀၀ ကျပ်၊ 2 GB ကို ၂,၀၀၀ ကျပ်နဲ့ ရောင်းချနေကြပြီး ဆိုင်အများစုကတော့ အရင်လို ၁ နာရီကို ၅၀၀ ကျပ်နှုန်း သတ်မှတ်ထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ