spot_img
Homeအင်တာဗျူး“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Clean Mountains တည်ထောင်သူ မဥ နှင့် ဆက်သွယ်မေးမြန်းခြင်း”

“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Clean Mountains တည်ထောင်သူ မဥ နှင့် ဆက်သွယ်မေးမြန်းခြင်း”

-

ကန္တာရဝတီတိုင်း(မ်)

Clean Mountains အဖွဲ့ဟာ ကရင်နီပြည်နဲ့ ကရင်ပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားနေတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တခု ဖြစ်ပါတယ်။ အမှိုက်စီမံခန့်ခွဲရေး၊ ရေထိန်းသိမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိကထားလုပ်ဆောင်နေသလို ဒေသခံလူထုတွေနဲ့ လူငယ်တွေကို အသိပညာပေးတာ၊ သင်တန်းပေးတာတွေကိုလည်း ဆောင်ရွက်နေပါတယ်။

လူငယ်အမျိုးသမီးတယောက်အနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဘယ်လိုစတင်ဖြစ်ခဲ့သလဲ၊ Clean Mountains အဖွဲ့ကို ဘာကြောင့် စတင်ဖွဲ့စည်းခဲ့သလဲ၊ ကရင်နီပြည်အတွင်း လက်ရှိလုပ်ဆောင်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေ၊ အမျိုးသမီးတဦးအနေနဲ့ အဖွဲ့ကို ဦးဆောင်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရပါသလဲ၊ ဘာတွေဆက်လက်လုပ်ဆောင်သွားမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး Clean Mountains အဖွဲ့ တည်ထောင်သူ မဥ ကို ကန္တာရဝတီတိုင်း(မ်) က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။   ။ မင်္ဂလာပါရှင့်။ လက်ရှိသဘာဝပတ်ဝန်းကျင်အရေးနဲ့ ပတ်သက်ပြီး မဥ တို့ အဖွဲ့လှုပ်ရှား ဆောင်ရွက်နေတာတွေရှိတော့ မဥအနေနဲ့ ဒီခရီးကို ဘယ်လိုစတင်ဖြစ်ခဲ့တာလဲ။

ဖြေ ။    ။ ဒီသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မစတင်ခင်မှာ တကယ်တော့ ကျမက ခရီးသွားလုပ်ငန်းပညာ စီမံခန့်ခွဲမှု Tourism Management နဲ့ ကျောင်းပြီးတယ်။ ဘွဲ့နဲ့အလုပ်နဲ့ သိပ်တော့မကိုက်ညီဘူးပေါ့နော်။ ဒါပေမဲ့ ဘယ်ကစတင်လဲဆိုရင် ဒီ၂၀၁၈ ခုနှစ်က ရန်ကုန်မှာပေါ့နော်၊ အမှိုက်ကို volunteer ကောက်တဲ့ အဖွဲ့တွေ ရှိတယ်။ ကျမက ကျမရဲ့မိခင်အဖွဲ့အစည်းလို့လည်း ပြောလို့ရတာပေါ့၊ အဲဒီအဖွဲ့မှာ volunteer စလုပ်ခဲ့ရင်းကမှတဆင့် ဒီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာတယ်လို့ ပြောလို့ရတယ်။ ကျမက ခရီးသွားစီမံခန့်ခွဲမှုပညာနဲ့ ဘွဲ့ ယူထားတဲ့သူဖြစ်တဲ့အလျောက် ခရီးသွားရတာ ကြိုက်တယ်၊ ကျမတို့အလုပ်က ဒီ tourist (ခရီးသွား)တွေကို ဆွဲဆောင်ရတဲ့ အလုပ်ဖြစ်တဲ့အခါမှာ ကျမ စဉ်းစားတယ်ပေါ့နော်။ တို့မြန်မာနိုင်ငံက တအားလှတယ်လေးနော်။ ဒါပေမဲ့ အဲဒီအချိန်၊ အဲဒီကာလမှာ tourism (ခရီးသွားလုပ်ငန်း)က အရမ်းအားကောင်းလာတယ်။ ခရီးသွားလုပ်ငန်းတွေ တအား အားကောင်းလာပေမဲ့ အမှိုက်တွေ တအားများလာတယ်ပေါ့နော်။ သူငယ်ချင်းတွေအားလုံးကတော့ ဟိုတယ်လုပ်ငန်းတို့၊ ခရီးသွားလုပ်ငန်းတို့ ဝင်လုပ်ကြတယ်ဆိုပေမယ့် ကျမအနေနဲ့ စဉ်းစားမိတာက ဘာဖြစ်လို့များ ဒီအလှတရားကို ဖျက်ဆီးနေတဲ့ အမှိုက်တွေကိုကျတော့ ဘယ်သူမှ ထိန်းသိမ်းဖို့အတွက် စိတ်ဝင်စားမှုရှိမနေကြဘူး။ အဲတော့ကျမက ပြိုင်တဲ့သူများတဲ့နေရာကို မဝင်ဘဲနဲ့ ထိန်းသိမ်းရမယ့်နေရာမှာ မရှိနေတဲ့ဟာကွက်လေးကို မြင်သွားတဲ့အခါမှာ အဲ့ဒါကို စလုပ်ရင်းနဲ့ နောက်ပိုင်းကျတော့ တကယ်တမ်း ဒီအမှိုက်ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင်ကိစ္စတွေ ဆိုတာက သဘာဝတရားရဲ့ အလှအပတခုတည်းကို ထိန်းသိမ်းရုံမကဘဲ ကိုယ့်ကိုယ်ကို ပြန်ကာကွယ်စောင့်ရှောက်ခြင်းနဲ့ ထပ်တူကျတယ်ဆိုတာ တွေ့ရတယ်ပေါ့နော်။ အဓိက ကျမတို့ရဲ့ အနာဂတ်နဲ့လည်း ဆိုင်တယ်၊ အသက်ရှင်သန်ရေးနဲ့လည်း ဆိုင်လာတဲ့အခါ ဒီသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တော်တော်လေး စိတ်ပါဝင်စားပြီးတော့ စိတ်ဆန္ဒပြင်းပြင်းနဲ့ လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။

မေး     ပထမဆုံး ဘယ်ဒေသက်မှာ သဘာဝပတ်ဝန်းကျင်အရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားဖြစ်လဲ။ ဘယ်အပိုင်းတွေကို အဓိက ဆောင်ရွက်ဖြစ်ခဲ့လဲ။

ဖြေ ။ ။ ၂၀၁၈ ခုနှစ်တုန်းကတော့ ကျမက စေတနာ့ဝန်ထမ်း အနေနဲ့ပဲ စတင်ခဲ့တယ်။ အဓိကတော့ ရန်ကုန်မြို့နယ်မှာ ကျမတို့ ကမ်ပိန်းတွေ လုပ်ကြတယ်။ အမှိုက်ကောက်တဲ့ ကမ်ပိန်းတွေ၊ လူငယ်တွေ အမှိုက်နဲ့ပတ်သက်ပြီး စိတ်ပါဝင်စားလာအောင်၊ ဆိုင်တွေကို ပလတ်စတစ်လျှော့ချသုံးတဲ့ ကမ်ပိန်းတွေကနေ စလုပ်ခဲ့တယ်။ နောက်ပိုင်းကျတော့ ကျမတို့ သင်တန်းတွေပေးတယ်။ မြို့နယ်အလိုက် သင်တန်းပေးတာတွေ လုပ်ဆောင်ခဲ့တယ်။ နောက်ပိုင်းကျတော့ ကျမ ဘာကိုမြင်သွားလဲဆိုရင် အမှိုက်ကောက်တာကပဲ ဖြေရှင်းနည်း မဟုတ်ဘူး။ အမှိုက်က ပစ်နေတဲ့သူရှိသမျှတော့ ကျမတို့ကောက်ရမှာပဲ။ အဓိက အမှိုက်မပစ်တော့အောင် ဘယ်လိုလုပ်မလဲဆိုတဲ့အခါ အမှိုက်သရိုက်စနစ်တွေကို စတင်တည်ဆောက်ဖို့အတွက် ကျမတို့ စဉ်းစားလာကြတယ်။ ၂၀၁၉၊ ၂၀၂၀ ကိုဗစ်ပတ်ချာလည်ဝန်းကျင်မှာပဲ ထားဝယ်မှာ စတင်ပြီးတော့ အမှိုက်သရိုက်စနစ်ကို ဒီအရင်အစိုးရဖြစ်တဲ့ မြန်မာနိုင်ငံက ဦးစီးဌာနနဲ့ပေါင်းပြီးတော့ ကျမတို့ ပရောဂျက် တော်တော်များများ လုပ်ဆောင်ခဲ့တယ်။ ကျမက ဒီ၂၀၁၈ ခုနှစ်ထဲကနေ ဒီကိုမရောက်လာခင်အထိ မြန်မာနိုင်ငံရဲ့ ကချင် ကစလို့ ကော့သောင်းအထိ သွားရောက်ပြီးတော့ ကျေးရွာမှာရှိနေတဲ့ လူထုတွေနဲ့ပူးပေါင်းပြီး ကျေးလက်ဒေသ အမှိုက်စီမံခန့်ခွဲမှုအပိုင်းကို ပိုပြီးတော့ ဦးစိုက်ပြီး လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။

ကျမရဲ့ တကယ့် specialized (အထူးပြု)ကတော့ Rural Waste Management (ကျေးလက်ဒေသ အမှိုက်စီမံခန့်ခွဲမှု)လို့ ခေါ်တယ်။ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသစီမံခန့်ခွဲမှုပိုင်းကို တာဝန်ယူ လှုပ်ရှားဆောင်ရွက်ရတဲ့သူ ဖြစ်တယ်။ ဒီကို(ကရင်နီ) မရောက်လာခင်တုန်းကတော့ ကျေးရွာပေါင်း ၁၀၀ ကျော်မှာ စနစ်တွေ တည်ဆောက်ခဲ့ပြီးသွားပြီ။ ဒါကတော့ ကျေးလက်ပိုင်းပေါ့။ မြို့ပိုင်းမှာတော့ လူငယ်တွေကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပိုပြီးစိတ်ပါဝင်စားလာအောင် ဟောပြောပွဲတွေ၊ panel discussion (ဆွေးနွေးပွဲ)တွေ၊ သင်တန်းပေးတာမျိုးတွေ၊ အဖွဲ့အစည်းတွေကို သင်တန်းပေးတာတွေ လုပ်ဆောင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့မှာက ကျောင်းပြီးသွားကြပြီဆိုရင် အလုပ်လုပ်မယ် စဉ်းစားတယ်ဆိုရင် ဆရာဝန်တို့၊ အင်ဂျင်နီယာတို့ ဒါတွေပဲ ဖြစ်ချင်ကြတယ်လေး။ ဒီလိုမျိုး ထိန်းသိမ်းရေးအလုပ်ဆိုတာ ရူးလို့လုပ်တာ၊ အမှိုက်ကောက်ရင် ပညာမတတ်လို့ကောက်တာ ဆိုတဲ့ လူကြီးတွေရဲ့ ပြောစကားတွေက အမြဲတမ်း ရှိနေခဲ့တဲ့အတွက် လူငယ်တွေကို စိတ်ပါဝင်စားအောင် ကျမကတော့ လူငယ်ကဏ္ဍရယ်၊ ကျေးလက်ကဏ္ဍရယ် ကိုကော တာဝန်ယူပြီး အဓိကလှုပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။

မေး    ကရင်နီကို ရောက်လာဖြစ်ရတဲ့ အချိန်နဲ့ အကြောင်းရင်းကို ပြောပြပေးပါ

ဖြေ ။    ။  ၂၀၂၄ အကုန်မှာ ကျမ ရောက်ဖြစ်တယ်လို့ ပြောလို့ရတယ်။ တကယ်တမ်း ကရင်နီကို ၂၀၂၃ တုန်းကလည်း ရောက်ခဲ့သေးတယ်။ စာခဏ လာသင်ပေးတယ်။ ကျောင်းတွေမှာ အမှိုက်နဲ့ပတ်သက်ပြီး လာသင်ပေးဖြစ်တယ်။ ပြီး ပြန်သွားတယ်ပေါ့နော်။ ဒါပေမဲ့ စစ်မှုထမ်းဥပဒေ ထွက်လာတယ်။ စစ်မှုထမ်း ဥပဒေက ကျမတို့ မိန်းကလေးတွေလည်း ပါတယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာနဲ့ အဆင်မပြေတော့ဘူး။ အဲဒါနဲ့ ကျမ စတင်ပြီး စဉ်းစားတယ်။ ငါဘာလုပ်ရင် ကောင်းမလဲ။ Master သွားတက်မလား။ အလုပ်လုပ်ဖို့တော့ မစဉ်းစားဘူးပေါ့နော်။ ကျမရဲ့ ခံယူချက်က နဂိုထဲကရှိပြီးသား၊ ကိုယ့်ရဲ့ဉာဏ်အားကိုတော့ အများအတွက်ပဲ အသုံးချချင်တာဖြစ်တဲ့အတွက် သူများနိုင်ငံသွားလည်း ကျောင်းပဲသွားတက်မယ်။ ဘွဲ့သွားယူမယ်။ ပြီးရင် ပြန်လာပြီးတော့ ကိုယ့်နိုင်ငံမှာ ပြန်အသုံးချမယ်ပေါ့။ ကျောင်းသွားတက်မယ်ဆိုလည်း ဒီအချိန်မှာ ပညာတော်သင်ဆုရဖို့ အုံပြုံပြီးလျှောက်နေကြတဲ့အချိန်ဖြစ်တော့ တကယ်တမ်း ကျမ သင်ယူချင်တယ်၊ လေ့လာချင်တယ်ဆိုရင် မြေပြင်မှာပဲ လုပ်လို့ရပြီးတော့ သင်ယူလို့ရတယ်၊ လေ့လာလို့ရတယ် ဆိုတာကို ကျမ တွေးကြည့်လိုက်တဲ့အခါမှာ ဒီ ၂၀၂၄ စစ်မှုထမ်းဥပဒေတွေ ပိုတင်းကျပ်လာတဲ့အခါ ကျမ ကရင်နီမှာပဲ အခြေစိုက်ပြီး လှုပ်ရှားလိုက်တယ်ပေါ့နော်။

မေး ။   ၂၀၁၈ ခုနှစ်ကနေ အခုချိန်အထိ သဘာဝပတ်ဝန်းကျင်အရေးကို ဆက်လက်လုပ်ဆောင်လာရင်း အရင်ကာလနဲ့ ပဋိပက္ခကာလအတွင်း ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ အခက်အခဲတွေ ဘယ်လို ကွာခြားလာပါသလဲ

ဖြေ ။    ။ ပဋိပက္ခလို့ပြောမယ်ဆို ၂၀၂၁ ထဲက အာဏာသိမ်းနေတော့ ကျမစပြီးလှုပ်ရှားတာက နည်းနည်းလေးတော့ ကန့်လန့်အနေအထား ဖြစ်နေတယ်။ ကိုဗစ်ကလည်း ကြုံရသေးတယ် ဆိုတော့လေး။ ဒါပေမဲ့ ကျမတို့ ဒီလူထုစည်းရုံးရေးဆင်းသင်တန်းတွေ ပေးတယ်။ ဘယ်သူကမှ သဘာဝပတ်ဝန်းကျင်အရေးကို ဂရုမစိုက်ကြဘူး။ ကိုယ့်ရဲ့အသက်ရှင်သန်ရေး၊ ဝမ်းရေး၊ ပညာရေး၊ စီးပွားရေးနဲ့ယှဉ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်အရေးက အမြဲတမ်းဦးစားပေးထဲမှာ ပါမနေဘူးပေါ့နော်။ အဲတော့ ဒီလိုမျိုးဦးစားပေးထဲမှာ ပါလာအောင် ကျမတို့က ပြည်သူလူထုနဲ့တွေ့တဲ့အခါမှာ အဓိကသုံးရတဲ့ ဗျူဟာလို့ ပြောလို့ရတယ်ပေါ့။ အဲဒါကဘာလဲဆိုရင် သူတို့ကို နည်းနည်းလေး အကြောက်တရားရယ်လို့တော့ မဆိုလိုပါဘူး။ ခေတ်ကာလကောင်းတုန်းက ဆိုရင်တော့ ငါတို့မှ ဒါကိုဆက်လက် မထိန်းသိမ်းဘူး၊ ပတ်ဝန်းကျင်က ပျက်စီးလာပြီဆိုလို့ရှိရင် ငါတို့ရဲ့ ကျန်းမာရေးကို ထိခိုက်မယ်။ ကျန်းမာရေးထိခိုက်တာအပြင် အခု စိုက်မရ၊ ပျိုးမရ ဖြစ်လာပြီ။ ဒါဆိုရင် ငါတို့ရဲ့စီးပွားရေးကို ထိခိုက်မယ်။ ကိုယ့်သားသမီးအနာဂတ်မှာ မကောင်းတဲ့ အမွေတွေ ထားခဲ့မှာလား။ အခုတောင်မှ သဘာဝပတ်ဝန်းကျင်က ထိခိုက်တယ်၊ ရာသီဥတုက ဖောက်ပြန်နေတယ်။ ဒီအကျိုးဆက်တွေကို ထားခဲ့ရင် ဘယ်လောက်ပဲ ပညာတတ်တတ်၊ ဒါက ကာကွယ်လို့ မရဘူး။ သဘာဝအရေးက ထိခိုက်လာပြီဆိုရင် လူတိုင်းကို ဘေးခံစားရစေမယ်။ ကိုယ့်ကိုယ်ကို ဂရုမစိုက်ရင်နေ။ တချို့က ရှိတယ်လေး၊ ငါတို့ကသေတော့မှာ ဂရုစိုက်စရာ မလိုဘူး ပြောတဲ့သူတွေ ရှိတယ်။ ပလတ်စတစ်ကို မသုံးနဲ့။ တချို့ဆို ကော်ဖီအိတ်ခွံခေါက်ပြီးတော့ ကော်ဖီခွက်ထဲမှာမွှေပြီး သောက်တဲ့သူတွေ၊ ပြီးရင် စုပ်တောင်စုပ်လိုက်သေးတယ်။ အဲလိုမလုပ်နဲ့ ပြောရင် လူကြီးတွေက ငါတို့ကအသက်ကြီးနေပြီ ဘားမဖြစ်ဘူး အဲလိုမျိုးရှိတယ်။ အဲခါကျတော့ ကျမက ပြောတယ်။  ကိုယ့်ကိုယ်ကိုဂရုမစိုက်ရင်တောင်မှ ကိုယ်ချစ်တဲ့ သားသမီးတွေ ရှိတယ်။ ကိုယ်ချစ်တဲ့ သားသမီးတွေကို ပြောမယ်ဆိုရင် ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းမှာလားပေါ့။ အဲ့လိုပြောတဲ့အခါမှာ လူတွေက နည်းနည်းလေးတော့ ကြောက်တဲ့စိတ် ဝင်သွားတာပေါ့။

ဒါပေမဲ့ ပဋိပက္ခဒေသမှာကျတော့ ကျမတို့ အဲလိုပုံစံမျိုးနဲ့ သွားလို့မရတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အကြောက်တရားက သဘာဝပတ်ဝန်းကျင်ထက် နေ့ချင်းညချင်း ပျောက်ကွယ်သွားနိုင်တဲ့ စစ်ကောင်စီရဲ့ လေယာဉ်အန္တာရာယ်တွေကလည်း ရှိနေတာကိုး။ စစ်ဘေးကရှိနေတဲ့အခါ ကျမတို့က အကြောက်တရားထက် စာလို့ရှိရင် လာပါ ကျမတို့ဒါကို အတူတူ ပူးပေါင်းဆောင်ရွက်ကြမယ်။ စစ်ရေးနဲ့ စစ်ဘေးကို တော်လှန်နေတဲ့ ရဲဘော်တွေက ကာကွယ်နေတဲ့အချိန်မှာ ကျမတို့လူထုအနေနဲ့ ဘာလုပ်နိုင်မလဲ။ သဘာဝပတ်ဝန်းကျင် ဒီထက်ပိုပြီးတော့ မပျက်စီးတော့အောင် ကလေးတွေကို ဒါတွေမခံစားရစေအောင် ကျမတို့ အတူတူ ပူးပေါင်းဆောင်ရွက်ရမယ် ဆိုတဲ့ဘက်ကနေပြီး စည်းရုံးရတဲ့အခါ အခု ကျမတို့ Clean Mountains မှာ (s) ပါတယ်ပေါ့နော်။ အဓိကဘာလဲဆိုရင် ကျမတို့ တော်လှန်ရေးလုပ်ကိုင်ဆောင်ရွက်နေတဲ့ တော်လှန်နေတဲ့ နေရာဒေသတွေမှာ သွားပြီးတော့ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်ဆောင်ချင်တယ်။ အခုကျမတို့ အခြေစိုက်ထားတာ ၂ ခုရှိတယ်။ ဒါကတော့ ကရင်နီ နဲ့ ကရင်ပြည်နယ် KNU ကော်သူးလေ နယ်မြေပေါ့။ ကရင်နီမှာတော့ ကျမတို့ အခြေစိုက်ပြီး လှုပ်ရှားဆောင်ရွက်တယ်။ ကော်သူလေး တချို့သောခရိုင်တွေကိုတော့ သွားပြီး အမှိုက်စနစ်တွေ၊ လူငယ်တွေကို သင်တန်းပေးတာမျိုးတွေ လှုပ်ရှားဆောင်ရွက်ပါတယ်။

မေး    ။ အခုလို အခြေအနေကြားမှာပဲ မဥတို့ရဲ့ Clean Mountains အဖွဲ့ကို စတင်ခဲ့တယ်ဆိုတော့ မဥတို့ အဖွဲ့အကြောင်းကိုလည်း မိတ်ဆက်ပေးပါ။

ဖြေ ။    ။ ကျမက အမှိုက်နဲ့ပတ်သက်ရင် ပိုပြီးတော့ Specialist ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ ဒီဖက်ဒေသမှာ ကြည့်လိုက်တဲ့အခါ အမှိုက်ကလည်း အန္တရာယ်ရှိတယ်။ အမှိုက်ရဲ့ ညစ်ညမ်းမှုတွေလည်း များစွာတွေ့ရတယ်။ ဒါပေမဲ့ ဒီဖက်ပြည်သူလူထုတွေအနေနဲ့ အများဆုံးခံစားနေရတာက ရေရှားတယ်၊ ရေကြီးတယ်ပေါ့။ ပြီးရင် တောင်ပေါ်ဒေသဖြစ်တဲ့အလျောက် မြေပြိုတာတွေရှိတယ်။ ကျမတို့ Clean Mountains မှာရှိနေတဲ့ အဖွဲ့သူ၊ အဖွဲ့သားတွေက ဟုတ်ပြီ ငါတို့လုပ်ဆောင်ခဲ့တဲ့ အမှိုက်ကဏ္ဍကတော့ ဆက်လုပ်မယ်။ ဒါပေမဲ့ အမှိုက်ကဏ္ဍထက်စာရင် ဘယ်ဟာလေး ဦးစားပေးမလဲဆိုရင် ကျမတို့ အခုလက်ရှိလှုပ်ရှားဆောင်ရွက်နေတဲ့ ရေထိန်းသိမ်းရေးအပိုင်းတွေ လှုပ်ရှားဆောင်ရွက်တယ်။ ကျမတို့အဖွဲ့က ရေတွေကို သွယ်တန်းပေးမယ်၊ ကန်တွေပေးမယ်၊ အဲလိုမျိုးမဟုတ်ဘဲနဲ့ သဘာဝအလျောက် တောတောင်တွေမှာ ရေစိမ့်ဝင်မှု ပိုအားကောင်းလာအောင် ကျမတို့ ရေထိန်းကျင်းတွေ တူးတယ်။ ပြီးရင် သဘာဝအတိုင်း သစ်တောတွေ ပြန်လည်ထူထောင်ပေးတယ်။ အဓိကတော့ ရေထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး လုပ်တယ်။ စိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်ပြီးရင်တော့ sustainable agriculture (ရေရှည်တည်တံ့သော စိုက်ပျိုးရေး)လို့ ခေါ်တယ်ပေါ့နော်။ ဒီ ရာသီဥတုဖောက်ပြန်မှုကို မဖြစ်စေတဲ့ ဥပမာအားဖြင့် မီးမရှို့တာမျိုးတွေ၊ ‌ပေါင်းတွေကို ပေါင်းသတ်ဆေး ကျွေးမယ့်အစား အဲ့ပေါင်းတွေကို အစိုဓာတ်ထိန်းတဲ့ ပုံစံမျိုးတွေ။ ပြီးရင် ဒီမှာရှိနေတဲ့ လယ်သမား၊ တောင်သူတွေနဲ့ ကျမတို့ ပူးပေါင်းပြီး သဘာဝ အိမ်မှာလုပ်တဲ့မြေဩဇာတွေ၊ မြေဆွေးတွေ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး လုပ်တဲ့အရာမျိုးတွေ မျှဝေပေးတယ်။ အဓိကတော့ စိုက်ပျိုးရေးကဏ္ဍ၊ ရေကဏ္ဍ၊ အမှိုက်ကဏ္ဍ ပါတယ်။

မေး    ။ အခု မဥတို့အဖွဲ့မှာ အဖွဲ့ဝင်ဘယ်လောက်နဲ့ လည်ပတ်လုပ်ကိုင်နေကြတာလဲ။

ဖြေ ။    ။ Clean Mountains မှာက ၄ ယောက်တည်းနဲ့ လှုပ်ရှားဆောင်ရွက်နေတာပါ။ ကျမတို့အဖွဲ့ မှာ လူငယ်တွေဦးဆောင်တဲ့ ၄ ယောက်ပဲ ရှိပါတယ်။ ဒေသခံ နှစ်ယောက်နဲ့ အစ်မရယ်၊ နောက်ထပ် ဒီပြည်နယ်ပြင်ပက ဆရာလေး တယောက် ပါပါတယ်။

မေး    ။ မဥ တို့ အဖွဲ့နာမည်ကို ဘာလို့ Clean Mountains လို့ ပေးဖြစ်တာလဲ။

ဖြေ ။    ။ ကျမတို့ ဒီစရောက်တဲ့အခါ ဒီအတိုင်းပဲ စီမံကိန်းလေး လာလုပ်ကြတယ်။ ကျမတို့ IEC နဲ့ ချိတ်ဆက်ပြီးတော့ အမှိုက်သိမ်းစနစ်တွေ ဒီးဘောင်းခူနဲ့ မယ်စဲ့မှာ ကျမတို့ တည်ဆောက်ကြတယ်။ အဲတုန်းက ကျမမှတ်မိတာတော့ ၁၁ ရွာ ရှိတယ်။ မယ်စဲ့ ဘက်လည်း ပါတယ်။ ဒီဘက်မှာတော့ လွိုင်နန်းဖရယ်၊ ခူးပရာ ဖက်ခြမ်းတွေ ပါတယ်ပေါ့။ အဲဒါပြီးသွားတဲ့အခါ ကျမတို့ ပြန်မယ့်စိတ်ကူး မရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဘက်မှာက ပြည်သူလူထု ရှိတယ်။ CSO အဖွဲ့အစည်းတွေ၊ CBO အဖွဲ့အစည်းတွေ တအား အားကောင်းတယ်။ လူငယ်နဲ့ပတ်သက်ပြီး ကျောင်းတွေ များတယ်။ ဒါက ကျမတို့ ဆက်လက်ပြီး ဒီသဘာဝပတ်ဝန်းကျင်ရေးရာကို ဆက်သွားနိုင်တဲ့အခွင့်တခုကို ကျမ တွေ့လိုက်ရတယ်။ အဲ့အခါမှာ ငါတို့ မပြန်တော့ဘူးဟာ စစ်ကောင်စီနယ်မြေ ဘာလို့ ပြန်မှာလဲ။ ကျမတို့နာမည်ပေးမယ်ဆိုတော့  ဆရာတယောက်က စပြီး ပြောလိုက်တယ်။ ငါတို့ ဘာပေးမလဲပေါ့နော်။ အစမှာ မြန်မာနာမည်တွေ စဉ်းစားသေးတယ်။ ဒါပေမဲ့ နည်းနည်းလေး လူထုကြားထဲမှာလည်း ခေါ်ရလွယ်မယ်။ နောက်တခုက စစ်ကောင်စီဘက်ကလည်း သတိမထားမိအောင် ဆိုတာမျိုး တွေးမိသွားတာပေါ့။ အဲကနေစပြီးတော့ ဒီ တောင်တန်းဒေသကို အခြေစိုက်လိုက်တာ ဖြစ်တဲ့အတွက် တောင်တန်းဒေသကို ပိုပြီး တော့ စိမ်းလန်းစိုပြေစေချင်တယ်၊ သန့်ရှင်းစေချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Clean Mountains လို့ ပေးလိုက်တယ်။

ဒီအချိန်ကာလမှာ ကျမတို့ အရမ်းကြီး စိမ်းစိမ်းစိုစို မြင်ရဖို့တော့ မျှော်လင့်ချက်က နည်းနည်း နည်းတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ စစ်ရေးစစ်ရာနဲ့ ပတ်သက်ပြီးတော့ သဘာဝသယံဇာတတွေကို ကျမတို့က အသုံးပြုနေရတယ်။ စစ်ရေးဘတ်ဂျက်တွေကလည်း ဒါကို သုံးစွဲနေရတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာမှ မဟုတ်ဘူး။ စစ်ကောင်စီဘက်ကလည်း အဲ့လို သုံးနေတဲ့အခါမှာ သေချာတယ် ဒီစစ်ကြီးကဖြစ်နေသမျှ သဘာဝသယံဇာက တဖြည်းဖြည်းနဲ့ ပြုန်းတီးလာမယ်။ ဒါရဲ့အကျိုးဆက်ကို ဘယ်သူခံစားရလဲဆိုတော့ ပြည်သူပဲ ခံစားရတာပေါ့။ တချို့ကပြောတယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ ဘာအရေးပါလို့လဲ။ ပြန်လည်ထူထောင်ရေးမှ လုပ်ပါလားလို့ ပြောတယ်။ မဟုတ်ဘူး။ ပျက်စီးမှုက အခုအချိန်မှာ စတင်နေတာ ဖြစ်တဲ့အတွက် ကျမတို့ ကာကွယ်မှု၊ ထိန်းသိမ်းမှုအပိုင်းကို တပြိုင်တည်း မလှုပ်ရှားဘူးဆိုရင် ဒီပြန်လည်ထူထောင်ရေးပိုင်းမှာ နလန်ထူနိုင်မှာ မဟုတ်ဘူး။ အဲလိုရည်ရွယ်ချက်နဲ့ ပြီးတော့ တောင်တန်းဒေသကို အခြေစိုက်လိုက်တာဖြစ်တဲ့အတွက် Clean Mountains ဆိုပြီး ပေးလိုက်တယ်ပေါ့နော်။

မေး    Clean Mountains နဲ့အတူ လျှောက်လာတဲ့ ဒီခရီးမှာ မဥအတွက် အမှတ်ရဆုံး ဒါမှမဟုတ် ပီတိအဖြစ်ရဆုံး အတွေ့အကြုံရှိခဲ့ရင် မျှဝေပေးပါအုံး။

ဖြေ ။    ။ ပီတိလို့ပြောပါဆိုရင်တော့ သေချာတယ် ကျမတို့အလုပ်ကကျ စိတ်ကောလူကော ပင်ပန်းတယ်။ တခြားသူတွေအမြင်မှာ သဘာဝပတ်ဝန်းကျင် အလုပ်က အပင်လေးစိုက်တာလို့ပဲ မြင်ကြတယ်။ အမှိုက်ကလေး ကောက်တာလို့ပဲ မြင်ကြတယ်။ ဘယ်သူမှအရေးမလုပ်တဲ့အရာကို အရေးလုပ်လာဖို့ ကျမတို့မှာ စကားပြောတာတွေကအစ လူထုနဲ့ စည်းရုံးရေးသွားတာ တော်တော်လေး သတိထားရတယ်။ သေချာတာက ကျမတို့ ကိုယ်တိုင်ဆင်ခြင်ရတယ်။ ဥပမာ ကျမတို့က ပလတ်စတစ် မသုံးနဲ့။ ပလတ်စတစ်သုံးတာ မကောင်းဘူးဆိုရင် ကျမတို့ ပလတ်စတစ်သုံးလို့ မရဘူးလေနော်။ ကျမတို့ရဲ့ နိစ္စဓူဝမှာ ပလတ်စတစ်ကို တတ်နိုင်သမျှ ရှောင်ရှားရတယ်။ ဆိုတော့ ကြွပ်ကြွပ်အိတ်မယူဘဲ ဈေးသွားတဲ့ပုံစံမျိုးတွေ ကျမတို့အခုဆိုရင် ခြင်းတွေနဲ့ပဲ ဈေးသွားတာမျိုးလေးတွေတော့ ဒါကိုယ်တိုင်ကလည်း ရှောင်ကြဉ်ရတဲ့ အရာမျိုးလေးတွေ ရှိတယ်ပေါ့နော်။

မေး    ရှေ့ဆက်ပြီးတော့ Clean Mountains အဖွဲ့ကို ဘယ်လောက်အတိုင်းအတာထိ ဆက်ပြီးတော့မှ လုပ်ဆောင်သွားချင်လဲ။ ဒီအဖွဲ့အပေါ် အနာဂတ်မျှော်မှန်းချက် ဘယ်လိုရှိထားလဲ။

ဖြေ ။    ။ ရှေ့ဆက်ဘယ်လိုရည်မှန်းထားလဲဆိုရင် အခုအချိန်က ကျမတို့ အာဏာရှင်စနစ်ကို တော်လှန်နေတာ။ အခုက Spring Revolution (နွေဦးတော်လှန်ရေး)ပေါ့။ ကျမတို့ ထိန်းသိမ်းရေးလောကမှာ အမြဲပြောနေတာ ရှိတယ်။ အဲဒါက ဘာလဲဆိုရင် ပိုပြီးတော့ သဘာဝပတ်ဝန်းကျင်က ပျက်စီးလာမှာ။ ပိုကောင်းလာဖို့ မရှိဘူး။ လူတွေက အတ္တကြီးတယ်၊ လောဘကြီးတယ်။ လူဦးရေတိုးပွားလာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်ကို သူတို့က ဖဲ့ယူသုံးစွဲနေတာ များလာတယ်။ အဲအခါမှာ ကျမတို့ ရင်ဆိုင်ကြုံတွေ့ရမယ့် Green Revolution ရှိသေးတယ်။ အဲဒီအရေးအတွက် ကျမတို့က ကြိုတင်ပြင်ဆင်ဖို့ လိုတယ်။ ဘယ်လောက်အထိ ပြင်ဆင်ထားဖို့လိုလဲဆိုတော့ အဲလိုအချိန်အခါ ပိုဆိုးဝါးလာတဲ့အချိန်တွေမှာ ကျမတို့ပြည်နယ်အနေနဲ့၊ ကျမတို့တိုင်းဒေသကြီးတွေအနေနဲ့၊ ကျမတို့မြို့နယ်၊ နိုင်ငံတော်အနေနဲ့ ဘယ်လိုဖြေရှင်းမှာလဲ ဆိုတာကို။ ကျမတို့အဖွဲ့သည် ကျမ တယောက်ချင်း ကိုယ်တိုင်ကရော၊ ကျမတို့အဖွဲ့ကိုယ်တိုင်ကရော ပြည်သူလူထုကိုလည်း စည်းရုံးမယ်၊ တာဝန်ရှိသူတွေကိုလည်း တာဝန်ယူဆောင်ရွက်ပေးဖို့အတွက် ကျမတို့ advocacy လုပ်မယ်။ အဓိကတော့ policy making ဘက်ကို ပိုသွားဖို့ တော့ ရည်ရွယ်ထားတယ်။ တဖက်က ပြည်သူလူထုနဲ့လည်း ဒီအရေးကို အတူတူရင်ဆိုင် ဖြေရှင်းသွားမယ်။ အဲလောက်ထိတော့ ရည်ရွယ်ထားပါတယ်။

ဘယ်လောက်ထိသွားနိုင်ဖို့ ရည်မှန်းထားလဲဆိုရင်တော့ အဆုံးထိပေါ့။ အဆုံးထိတော့သွားဖို့ ကိုယ့်ကိုယ်ကို ဒါကိုယ့်ရဲ့ဘဝတခုလုံးကိုတော့ ဒီသဘာဝပတ်ဝန်းကျင်အတွက် ကိုယ်ကိုယ်တိုင်တယောက်အနေနဲ့ သွားဖို့တော့ ဆုံးဖြတ်ထားပြီးသားပါ။ လူငယ်တွေ ပိုအားကောင်းလာအောင် လုပ်မယ်။ အဖွဲ့အစည်းတွေ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပိုအားကောင်းလာအောင် လုပ်မယ်။ အစိုးရဆိုတဲ့ တာဝန်ရှိတဲ့သူတွေကို ဒီအပေါ်မှာ စိတ်ဝင်စားမှုရှိလာအောင်၊ ဒီအပေါ်မှာ အရေးတယူရှိလာအောင် ကျမတို့အနေနဲ့ ကျမတို့ရဲ့ စကားသံကို ပိုပြီးကျယ်လာအောင် လုပ်မယ်လို့ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် ဆက်သွားနိုင်ဖို့က လူအင်အားတွေ လိုတယ်။ ဒေသခံတွေရဲ့ ပံ့ပိုးကူညီမှုတွေ လိုတယ်။ နောက်တခုက ပိုက်ဆံလိုတယ်။ Funding တွေ မရပ်သွားဖို့တော့ ကြိုးစားဆောင်ရွက်ရမယ်။ အဲဒါတွေသာ ရှိနေမယ်ဆိုရင်တော့ သဘာဝပတ်ဝန်းကျင် အရေးကို အဆုံးထိတော့ သွားဖို့ ရည်ရွယ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ နောက် ၁၀ နှစ်လို့လည်း ပြောလို့မရဘူးလေးနော်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုတာ ကျမတို့ မွေးလာမယ့်ကလေးလည်း ဆက်ထိန်းသိမ်းရမှာပဲ။ ဆိုတော့ အဆုံးထိသွားဖို့ ရည်ရွယ်ထားပါတယ်။

မေး ။   ။ မဥ ကိုယ်တိုင် ဒီအမျိုးသမီးခေါင်းဆောင်တယောက်အနေနဲ့ ဒီအဖွဲ့ကို ဦးဆောင်တဲ့အခါမှာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရလဲ။

ဖြေ ။    ။ အမျိုးသမီးတယောက်အနေနဲ့ဆိုရင်တော့ ဂျဲန်ဒါဘက်ကနေ ကျမပြောမယ်ဆိုရင် ရွာတွေမှာ ဥပမာအားဖြင့် ကျမနဲ့ ဆရာတယောက် သွားတယ် ဆိုပါစို့။ ပြည်သူတွေအနေနဲ့ ဘယ်လိုမြင်လဲဆိုတော့ တချို့သောရွာမှာဆိုရင် ဆရာကပဲ ဦးဆောင်တဲ့သူ။ တခုခုကို ဆုံးဖြတ်ချက်ပေးတော့မယ်၊ ကော်မတီမှာ ဆုံးဖြတ်ချက်ပေးတော့မယ်ဆိုရင် ယောက်ျားသာလျှင် အဖွဲ့အစည်းတခုရဲ့ ဦးဆောင်တဲ့လူလို့ မြင်ထားလေ့ရှိတာ ဖြစ်တဲ့အတွက် ယောက်ျားလေးကိုပဲ သူတို့က အရေးပေးပြီး စကားပြောတဲ့ အရာမျိုးလေးတွေ ရှိတယ်။ တကယ်တမ်းကျတော့ decision making က ကိုယ်လုပ်ရတဲ့ပုံစံမှာ နည်းနည်းလေးတော့ အောင့်သက်သက်လေးမျိုးတွေ ကြုံရတယ်။ အဓိကတော့ ဂျဲန်ဒါနဲ့ပတ်သက်ပြီး အဲ့ဒါ ကြုံရတာမျိုး ရှိတယ်။ ကျမတို့ အခု Clean Mountains က ဒါကျမတယောက်တည်း ကြိုးစားမှုကြောင့် မဟုတ်ဘူး။ ကျမတို့အဖွဲ့ဝင် မရှိ၊ ရှိတဲ့ ၄ ယောက်ရဲ့ ကြိုးစားအားထုတ်မှုတွေရယ်၊ ပြီးတော့ ယုံကြည်ပေးတဲ့ ပြည်သူလူထုတွေရယ်၊ တခြား အဖွဲ့အစည်းတွေရဲ့ အားပေးမှုကြောင့် အခု Clean Mountainsက ကရင်နီမှာတော့ တော်တော်လေး လူစိတ်ဝင်စားခြင်း ခံလာရတယ်။

အမျိုးသမီးတယောက်အနေနဲ့ ဆိုရင်တော့ ခုနကပြောတဲ့ ရွာတွေမှာ decision making process တွေမှာ သူတို့အနေနဲ့ ယောက်ျားလေးပဲ ဦးဆောင်တဲ့ဟာမျိုး မြင်တာရှိတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတွေနဲ့ သွားရင်တော့ ဒီဘက်က အဖွဲ့အစည်းတွေက ဂျဲန်ဒါနဲ့ပတ်သက်ရင်တော့ တော်တော်လေး သိထားတယ်လို့ ထင်တယ်။ ဆိုတော့ အဆင်ပြေပါတယ်။ အရမ်းကြီး ခက်ခက်ခဲခဲ ကြုံရတဲ့အရာတော့ မရှိပါဘူး။ ဒါပေမဲ့ ခရီးသွားလာတဲ့အခါ မိန်းကလေးတယောက်အနေနဲ့ နည်းနည်းလေး လုံခြုံရေးပိုင်း စိုးရိမ်တာတော့ ရှိတယ်။

မေး    ။ မဥတို့က သင်တန်းတချို့ ဖွင့်ပေးထားလည်း တွေ့ရတယ်။ အရင်ကလည်း Youth for Earth program ဆိုပြီးတော့ လုပ်ပေးတာ တွေ့ရတယ်။ ဆိုတော့ ကရင်နီကလူငယ်တွေ သဘာဝပတ်ဝန်းကျင်အရေးမှာ ပါဝင်ချင်တယ်ဆိုရင် သူတို့တွေ ဘယ်ကနေ စတင်သင့်လဲလို့ မဥအနေနဲ့ အကြံပြုပေးချင်လဲ။

ဖြေ ။     ။ ကျမအကြံပေးချင်တာကတော့ အဓိက အဖွဲ့အစည်းတွေမှာ လာရောက်ပြီး အလုပ်သင်လုပ်ပါ။ စိတ်ဝင်စားတယ်ဆိုရင် တသားတည်း ကျမတို့နဲ့ အလုပ်လုပ် လေ့လာပြီး ကိုယ့်ရဲ့စကေးတွေတော့ ဖြည့်ဖို့လိုအပ်မယ်။ Skill လို့ပြောတဲ့အခါ ကြီးကြီးကျယ်ကျယ် ပညာတတ်ဖို့ မလိုပါဘူး။ အဓိကတော့ လူထုနဲ့ တသားတည်း နေထိုင်ရမယ်။ လူထုကို ဘယ်လိုစည်းရုံးရေးဆင်းရမလဲ လိုအပ်တဲ့အသိပညာတွေကို ပြန်ဖြည့်ရမယ်။ အဲဒါကိုလုပ်နိုင်ရင် ရပြီပေါ့နော်။ အဓိက နှလုံးသားနဲ့ ဒီအလုပ်ကို လုပ်ချင်တဲ့သူမှန်သမျှကိုတော့ ကျမတို့ Clean Mountainsက ဒေသခံလူငယ်တွေကို ကြိုဆိုချင်ပါတယ်။ ကရင်နီရဲ့ သဘာဝပတ်ဝန်းကျင် အရေးကို ဆက်လက်ပြီး ဦးဆောင်ရမှာသည် ကရင်နီမှာနေထိုင်တဲ့ ဒေသခံလူငယ်တွေဖြစ်တဲ့အတွက် ကျမတို့သည် မျိုးစေ့ချပေးမယ်။

အဓိကတော့ ခုနကပြောတဲ့ သဘာဝကို နှလုံးသားနဲ့ ချစ်တတ်ဖို့တော့ လိုတယ်။ မဟုတ်ဘဲ ကျမတို့ မြို့တွေမှာဆိုရင် ရှိတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်တယ်ဆိုတာ သူတို့နှလုံးသားနဲ့ ချစ်တာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ပညာတော်သင်ဆု လျှောက်ချင်တာ။ သဘာဝပတ်ဝန်းကျင် ခေါင်းစဉ်ဆိုတာ တခြားနိုင်ငံတွေမှာဆိုရင် ကိုယ့်ရဲ့လူထု၊ ကိုယ့်ရဲ့ ပြည်နယ်မှာ ပြန်ပြီး အကျိုးပြုဖို့အတွက် နိုင်ငံတကာက scholarship ပေးတာ အများကြီးပဲ။ ကျမတို့မြို့မှာ ရှိတဲ့ လူငယ်တော်တော်များများပေါ့နော် (အကုန်လုံးကို မဆိုလိုဘူး)။ ဘာကြောင့် သဘာဝပတ်ဝန်းကျင်ကို ချစ်ပြီး သင်တန်းလာတက်လဲမေး ခုနက certificate တွေ လိုချင်တယ်။ scholarship တွေ လိုချင်တယ်။ master တွေ တက်ချင်တယ်။ PhD တွေ တက်ချင်တယ်။ NGO အဖွဲ့အစည်း အကြီးကြီးတွေမှာ သူတို့ရာထူးကြီးတွေနဲ့ လစာကြီးတွေ သူတို့လိုချင်တယ်။

ကျမ တယောက်အနေနဲ့ဆိုရင်တော့ ပညာရပ်ကို တကယ်အသုံးချတယ်ဆိုရင် လုပ်ပါ။ မဟုတ်ဘဲ ကျမတို့က ဒီ သဘာဝပတ်ဝန်းကျင် ဆိုတဲ့ စကားလုံးကို ခုတုံးမလုပ်စေချင်ဘူး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတယ်ဆိုတာ ပညာတတ်စရာ မလိုဘူး။ ကျမတို့အဖွဲ့ထဲမှာ ၁၀ တန်းမအောင်လည်း ရတယ်။ ဒါနဲ့ပတ်သက်ပြီး ဘွဲ့မရလည်း ရတယ်။ မင်းတကယ် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတယ်ဆို လာ။ ကျမတို့နဲ့ လာပူးပေါင်း အတူတူ လုပ်ဆောင်မယ်။ ပင်ပန်းတယ် ကျင်းတူးပြီဆိုလည်း တနေကုန် တောင်ပေါ်တက်ရတဲ့ အရာမျိုး ရှိတယ်။ အမှိုက်ကိုလည်း လက်နဲ့ကိုင်ပြီးတော့ သေသေချာချာ ခွဲပြရတဲ့ အရာမျိုး ရှိတယ်။ အပင်စိုက်ပြီဆိုလည်း လက်အိတ်မသုံးခိုင်းဘူး။ အဲဒါမျိုး လုပ်နိုင်တယ်ဆိုရင် ကျမတို့ Clean Mountains ကနေ ကြိုဆိုတယ်။ အဓိကတော့ သဘာဝပတ်ဝန်းကျင်ကို ဟန်ပြအနေနဲ့ ချစ်တာမျိုး မဟုတ်ဘဲ နှလုံးသားကနေ ချစ်ပါ။ ဒါသည် ကိုယ့်ရဲ့ ရှင်သန်ရေး ကိုယ်ပြောနေတဲ့ အနာဂတ်နဲ့ အများကြီးဆိုင်တယ်။

မေး ။   ။ နောက်ဆုံးအနေနဲ့ မဥ ဘာများဖြည့်စွက် ပြောပြပေးချင်ပါသလဲ။

ဖြေ ။    ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာက အမှိုက်ကောက်တယ်၊ အပင်စိုက်တယ် ဆိုတာထက် အများကြီး ကျယ်ပြန့်တယ်။ တကယ်တမ်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာာ သဘာဝကိုပဲ ထိန်းသိမ်းတာမဟုတ်ဘဲ ကျမတို့ရဲ့ ဝမ်းရေး၊ အနာဂတ်၊ ရှင်သန်မှု၊ ကျမတို့ရဲ့ ပညာရေး၊ အခွင့်အရေးတွေကို ကာကွယ်တာနဲ့ တိုက်ရိုက်ထပ်တူကျတယ်။ ဘာကြောင့်လဲဆိုတော့ ထားပါတော့ ကရင်နီမှာ ရေကြီးတယ်။ ရေကြီးတဲ့အခါ စိုက်မရပျိုးမရ ဖြစ်လာတယ်။ စိုက်မရပျိုးမရ ဖြစ်လာတဲ့အခါ ပထမဦးဆုံး ထိခိုက်ခံစားရတာက ကိုယ့်ရဲ့မိသားစုဝင်ပဲ။ ကိုယ့်မိသားစုဝင်မှာ စားနပ်ရိက္ခာ မပြေလည်ဘူး၊ မဖူလုံဘူး၊ ဝမ်းရေးမဝဘူးဆိုရင် ကျပ်တည်းမှုတွေ ပိုဖြစ်လာတယ်။ လူမှုရေးပြဿနာတွေ ပိုဖြစ်လာတယ်။ ကလေးတွေ ပညာရေးကို ထိခိုက်တယ်။ ကိုယ့်ရဲ့အနာဂတ်ကို တကယ် ကာကွယ်စောင့်ရှောက်ချင်တယ်ဆိုရင် သဘာဝပတ်ဝန်းကျင် အရေးကို အရေးတယူ ရှိဖို့ လိုမယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လိုအပ်နေပြီ။ ဒီအချိန်က နောက်တောင် နောက်ကျနေပြီလို့ ကျမ ဆိုလိုချင်တယ်။ တော်လှန်ရေးပြီးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လုပ်ရမှာ မဟုတ်ဘူး တော်လှန်ရေးဖြစ်နေလည်း ဒီပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ တပြိုင်တည်း လှုပ်ရှားဆောင်ရွက်သင့်တဲ့အရာလို့တော့ ပြောချင်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ