ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ မြေပဲစိုက်ပျိုးနေတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။
ဒီကနေ့ သြဂုတ်လ ၂၂ ရက်နေ့ နေ့လည်ခင်း အချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ဒရုန်းထိမှန်တဲ့ အမျိုးသမီးက အထက်တန်းကျောင်းသူတဦးဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံ အမျိုးသားတဦးက အခုလို ပြောပါတယ်။
“သူ့မိဘတွေနဲ့ ခြံထဲသွားတာ။ ဗုံး ၂ လုံး ကြဲခံရပြီး ပေါင်မှာ ထိသွားတယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူး။ နီးစပ်ရာဆေးရုံတရုံမှာ ပို့ဆောင်ထားပြီ ဖြစ်တယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့မှာလည်း ဖရူဆိုအရှေ့ဘက်ခြမ်းက မြေပဲစိုက်ပျိုးတဲ့ အသက် ၄၀ အရွယ် အမျိုးသမီတဦး ဒရုန်းဗုံးစထိမှန်ခဲ့ပါသေးတယ်။ လက်ရှိကာလဟာ တောင်ယာလုပ်ငန်းခွင်တွေမှာ မြေပဲစိုက်ပျိုးတဲ့ ရာသီဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ကင်းထောက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ခပ်စိပ်စိပ် လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်အနောက်ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၂ လုံးနဲ့ ဆိုင်ကယ် ၄ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ပြောပါတယ်။







