ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်တွင်းမှာ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအပြင် ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ ဆောင်ရွက်နေတဲ့ သန့်ရှင်းသောရန်ကုန် (Clean Yangon) ကနေ ဖွင့်လှစ်ထားတဲ့ အခမဲ့ဆေးခန်းမှာ ရက်တိုးပြီး ကျန်းမာရေးဝန်ဆောင်မှု ပေးသွားမယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဩဂုတ်လနောက်ဆုံးပတ်ကစပြီး အပတ်စဉ် တနင်္ဂနွေနေ့ကို ရက်တိုး ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
“ဆေးခန်းဖွင့်ထားတာတော့ ၂၀၂၄ ကတည်းကပါ။ အရင်က တစ်ပတ် (၅) ရက်ပါပဲ။ ခုဒီတစ်ပတ်ကစလို့ Sunday ပါ ဖွင့်ပေးသွားမှာပါ။ ဆေးခန်းစဖွင့်တည်းက ၁၀၀ ရာခိုင်နှုန်း အခမဲ့ပါပဲ။ စစ်ရှောင်ရော ဒေသခံရော လာရောက်ပြသနိုင်ပါတယ်။”လို့ Clean Yangon အဖွဲ့ရဲ့တာဝန်ရှိသူ မသဥ္ဇာအေး က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
အဆိုပါ အခမဲ့ဆေးခန်းကို ဒီးမော့ဆိုမြို့နယ်အတွင်း တနေရာမှာ နံနက် ၁၀ နာရီကနေ နေ့လည် ၁ နာရီအထိ ဖွင့်လှစ်ထားတာပါ။ ဒါ့အပြင် နေ့အလိုက် အထူးကုဆရာဝန်တွေကနေ ကျန်းမာရေးဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။
အခက်အခဲတွေကြား ရုန်းကန်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဟာ ဆေးဝါးကုသမှုနဲ့ အခြေခံကျန်းမာရေးဝန်ဆောင်မှုရရှိဖို့ အထောက်အကူပြုနိုင်မယ်လို့ ဆိုပါတယ်။
အပတ်စဉ် တနင်္လာနေ့မှာ သွားနှင့်ခံတွင်းအထူးကုဆရာဝန်၊ ကျန်တဲ့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာတော့ အထွေထွေရောဂါကုဆရာဝန်တွေက ဆေးကုသပေးသွားမယ်လို့ အသိပေးထားပါတယ်။






