spot_img
Homeသတင်းလွိုင်ကော်မြို့မှာ နိုင်ငံကူးလက်မှတ် ပြုလုပ်သူတွေကို တော်လှန်ရေးနဲ့ ဆက်နွယ်ပြီး စစ်ဆေးမေးမြန်း၊ အခကြေးငွေအပိုဆောင်း ပေးဆောင်နေရ

လွိုင်ကော်မြို့မှာ နိုင်ငံကူးလက်မှတ် ပြုလုပ်သူတွေကို တော်လှန်ရေးနဲ့ ဆက်နွယ်ပြီး စစ်ဆေးမေးမြန်း၊ အခကြေးငွေအပိုဆောင်း ပေးဆောင်နေရ

-

ကန္တာရဝတီတိုင်း ( မ် )

အာဏာသိမ်းစစ်အစိုးရထိန်းချုပ်ထားတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်သူတွေကို တော်လှန်ရေးနဲ့ ဆက်နွယ်ပြီး စစ်ဆေးမေးမြန်းမှုတွေရှိနေတယ်လို့ သွားရောက်လျှောက်ထားသူတွေဆီကနေ သိရပါတယ်။

“ဒီးမော့ဆိုတို့ ဖားဆောင်းက လူတွေဆို မင်းမာဝီနဲ့ သိမှာပေါ့၊ ဘာလို့ ထိုင်းဘက်ကို မကူးသွားတာလဲ အဲ့လိုတွေမေးတယ်” လို့ ကိုယ်တိုင် အစစ်ဆေးခံခဲ့ရသူ တဦးက ပြောပါတယ်။

ဒါ့အပြင် အသက် ၃၅ နှစ်အောက် အမျိုးသားတွေကို စစ်မှုထမ်းစာရင်း ပေးသွင်းထားခြင်း ရှိ၊ မရှိ စစ်ဆေးတာတွေ ပြုလုပ်ပြီး အသက်၃၅ နှစ်အောက် ရှိသူတွေကို Passport လျှောက်ထားခွင့် ကန့်သတ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အမျိုးသမီးတွေကိုတော့ နိုင်ငံကူးပြီး သွားရောက်ရတဲ့ အသေးစိတ်အချက်အလက်တွေကို မေးမြန်းပြီး Passport ရရှိသူတွေရှိသလို မရရှိသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

Passport လျှောက်ထားလိုသူတွေကို တပတ်လျှင် လူ ၃၀ ဦးနှုန်းနဲ့ လွှတ်တော်ရုံးမှာ ဝန်ကြီး၊ ဒကစ တာဝန်ရှိသူတွေနဲ့ ရဲမှူးအပါအဝင် တာဝန်ရှိသူ ၅ ဦးက အင်တာဗျူးပြုလုပ်ပြီးမှ Passport ထုတ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ အတွက် အလှည့်အမြန်ရောက်ဖို့ ကြားခံပွဲစားတွေကို ကျပ် ၃သိန်းကနေ ၅သိန်းအထိ ငွေပေးပြီး ပြုလုပ်ခိုင်းတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

“ကျနော်ကတော့ ရဲကို ငွေ ၁ သိန်း ပေးလိုက်တယ်။ အင်တာဗျူးမှာတော့ ၃၅ နှစ်အောက်မို့ Passport မရခဲ့ဘူး” လို့ Passport လာရောက်ပြုလုပ်သူတဦးက သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

အသက် ၃၅နှစ်အောက် အမျိုးသားတွေကို ကန့်သတ်မှုတွေ ရှိပေမယ့် အသက်အရွယ်ကြီးသူတွေကိုတော့ Passport ထုတ်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရားဝင် Passport ဝန်ဆောင်မှုအတွက် သတ်မှတ်ထားတဲ့ အခကြေးငွေဟာ ကျပ် ၆ သောင်းသာရှိပေမယ့် လွိုင်ကော်မြို့မှာတော့ တရားဝင်သတ်မှတ်ထားတဲ့ အခကြေးငွေအပြင် ပွဲစားခနဲ့ အခြားငွေကြေးပေးချေမှုတွေ ရှိနေတယ်လို့ လာရောက်လျှောက်ထားသူတွေက ပြောဆိုကြပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ