ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် နဲ့ ရှမ်းတောင်ဒေသမှာ လာမယ့် စက်တင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာ မှာ မိုးအသင့်အတင့်ကနေ မိုးကြီးနိုင်ပြီး စစ်ရှောင်လူထုတွေ အခက်ခဲရင်ဆိုင်ရနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဒီကနေ့ စက်တင်ဘာလ ၃ ရက်နေ့မှာ အသိပေးပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ကနေ စက်တင်ဘာလ ၈ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသ အခြေအနေမှာတော့ ကရင်နီပြည်က ဒီးမော့ဆို ၊လွိုင်ကော် နဲ့ ရှမ်းတောင်နယ်စပ်တို့မှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်လောက် မိုးမများနိုင်ပေမယ့် စက်တင်ဘာ ၆ရက်နေ့ နဲ့ ၇ ရက်နေ့မှာတော့ မိုးအသင့်အတင့်ကနေ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
မိုးကြီးနိုင်တာကြောင့် စစ်ဘေးရှောင်စခန်း နဲ့ မြေနိမ့်ပိုင်းတွေမှာ ရေဝပ်တာ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးကြေညာချက်မှာ ပြောဆိုထားပါတယ်။
ဒီးမော့ဆို ၊ လွိုင်ကော် နဲ့ ရှမ်းတောင် နယ်စပ်တွေမှာတော့ စက်တင်ဘာ ၅ ရက်နောက်ပိုင်းမှ မိုးရေချိန်တိုးလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အပတ်တွေမှာတော့ ဒီးမော့ဆိုဒေသဖက်မှာ နေရာကွက်ကြား မိုးရွာသွန်းခဲ့တာကြောင့် စိုက်ပျိုးတောင်သူအချို့ အခက်ကြုံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ဒေသခံ အမျိုးသမီးတဦးကတော့ “အရင်ပတ်တွေက မိုးတောက်လျှောက်ရွာတော့ နှမ်းတွေ ပျက်ကုန်တာတချို့ရှိတယ်လေ။ နှမ်းကခါဖို့လိုနေပြီ နေပူရမှာကို မိုးက ရွာတော့ နေပူတာ စောင့်နေရတယ်။ အစောပိုင်းခုတ်ထားသူတွေက ပျက်တာတော့အချို့ရှိမှာပဲ။ “လို့ ပြောပါတယ်။
အလားတူ ဒီးမော့ဆိုအနောက်ခြမ်းမှာတော့ မိုးရေကို အဓိကအားထား စိုက်ပျိုးရတဲ့ တောင်ယာစပါးတွေမှာ မိုးနည်းတာကြောင့် စပါးပင်တွေ အထွက်နှုန်းကျတာ၊ အပင်မသန်တာနဲ့ ပိုးကျရောက်တာတွေ၊ မိုးရေမလုံလောက်တာကြောင့် ပိုးကျတာတွေဟာ တောင်ယာစပါးတင်မကဘဲ လယ်စပါးတွေမှာလည်း ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။
ကရင်နီပြည်အပါအဝင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းတောင် ဒေသမှာရှိတဲ့ စပါးစိုက် တောင်သူတွေကိုလည်း ရောဂါကျရောက်ပါက ပုလဲ နိုက်ထရိုဂျင်မြေသြဇာကို တစ်ကြိမ်တည်း အလွန်အကျွံကျွေးတာမျိုး မလုပ်ပဲ အကြိမ်ရေခွဲထည့်ပေးတာ၊ ရောဂါပြန့်ပွားလာပါက Propiconazole လိုဆေးမျိုးကိုရွေးချယ်အသုံးပြုနိုင်တာ၊ မှိုသတ်ဆေးဖျန်းလိုပါက ဆေးဖျန်းပြီး အနည်းဆုံး ၄-၆ နာရီခန့် မိုးရွာသွန်းနိုင်ချေရှိ၊ မရှိ ကြိုတင်စစ်ဆေးပြီး မိုးရွာနိုင်ချေမရှိမှသာ ဆေးဖျန်းခြင်းကိုလုပ်ဆောင်တာ ၊ တစ်နာရီမှာ လေတိုက်နှုန်း ၁၀မိုင်ခန့် (လေပြင်းတိုက်ချိန်)တွေမှာ ဆေးဖျန်းခြင်းမပြုလုပ်ဖို့ နဲ့ စပါးသိမ်းချိန် ပင်ကြွင်းပင်ကျန်ရိုးပြတ်တွေကို သေချာရှင်းလင်းပေးဖို့ဆိုပြီး စိုက်ပျိုးရေးဆိုင်ရာ အကြံပြုဆွေးနွေးချက်တွေကိုလည်း ဦးဝင်းနိုင်က အသိပေးပြောဆိုထားပါတယ်။







