spot_img
Homeမာလ်တီမီဒီယာနှမ်းဈေးကောင်းရဖို့ စောင့်မျှော်နေကြတဲ့ နှမ်းစိုက် စစ်ရှောင်တောင်သူတွေရဲ့ စကားသံများ

နှမ်းဈေးကောင်းရဖို့ စောင့်မျှော်နေကြတဲ့ နှမ်းစိုက် စစ်ရှောင်တောင်သူတွေရဲ့ စကားသံများ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆို(ရှေ့) မြို့နယ်မှာ စစ်ရှောင်တောင်သူတွေဟာ စားဝတ်နေရေးအတွက် နှမ်းကို အဓိကထား စိုက်ပျိုးနေကြပေမယ့် ယခုနှစ် နှမ်းဈေးနှုန်း ကျဆင်းနေတာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေကြရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ နှမ်းတပိဿာကို ကျပ် ၁၅,၀၀၀ ဝန်းကျင်အထိ ဈေးရရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ တစ်ပိဿာကို ကျပ် ၉,၀၀၀ ဝန်းကျင်သာ ရရှိတယ်လို့ သိရပါတယ်။

လက်ရှိ ဈေးနှုန်းဟာ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ကို မကာမိတာကြောင့် နှမ်းကို ချက်ချင်းမရောင်းချဘဲ သိုလှောင်ထားပြီး ဈေးကောင်းရမယ့်အချိန်ကို စောင့်မျှော်နေကြတဲ့ တောင်သူတွေလည်း ရှိနေပါတယ်။ နှမ်းဈေးနှုန်း ကျဆင်းမှုကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ နှမ်းစိုက် စစ်ရှောင်တောင်သူတွေရဲ့ အခက်အခဲနဲ့ မျှော်လင့်ချက်တွေကို မေးမြန်းတင်ဆက်ထားပါတယ်။

ဦးမဲရယ် ( အသက် ၅၅နှစ်အရွယ်၊ စစ်ဘေးရှောင်တောင်သူတဦး)

“ဒီလို သိုလှောင်ထားတော့ ကြွက်လည်း လာဖောက်တယ်လေ။ မရောင်းရတာ ခက်တယ်။ ရောင်းတော့ ရောင်းချင်တယ် စျေးစောင့်နေရတာ။ နောက်ပိုင်းကျရင်တော့ စျေး ရှိမယ်လို့ ထင်တာပေါ့။အရင်နှစ်လိုမျိုး ရှိလာမယ်လို့ ထင်လို့ စောင့်နေတာ။ စားဖို့ သောက်ဖို့ အရမ်း အခက်အခဲရှိတယ်။နောက်အခု နှမ်းပြီးပြီဆိုရင်လည်း သူများခေါ်မယ့်လူ မရှိတော့ဘူးလေ။ အလုပ်လုပ်ဖို့ ပိုက်ဆံရဖို့။ ပိုက်ဆံဝင်ဖို့ကျ‌တော့ ခေါ်မယ့်သူ မရှိတော့ဘူး နှမ်းပြီးသွားပြီ စျေး လည်းမရှိဘူး။ တအားကို အခက်အခဲရှိပါတယ်။”

ဒေါ်လူမြာ (အသက် ၆၀နှစ်အရွယ်၊ စစ်ဘေးရှောင်တောင်သူတဦး)

“နှမ်းက အကြာကြီး သိမ်းထားဖို့ လည်း မဖြစ်နိုင်ဘူး။ တကယ်လို့စျေး လုံးဝမတတ်နိုင်ဘူးဆိုရင်လည်း ဒီ စျေး နဲ့ပဲ စားရတော့မှာပေါ့။ လမ်းတွေ မပွင့်တော့ ပြေးလွှားဝယ်နေတဲ့ ပွဲစားမရှိဘူး။ ဆန်ဆိုလည်း မရှိဘူး။ ကျမတို့ ဒီနှမ်းကိုပဲ အားကုန်မျှော်ကိုးရတာ။ ဝယ်စားမယ်ဆိုရင်လည်း ဆန်က စျေး ကြီးတယ်။ ကျမတို့ ရွာမှာပြန်ပြီး လယ်နည်းနည်း ပါးပါး စိုက်ရင်တောင် နည်းနည်းပဲရှိ‌တော့ ကျမတို့အတွက် တနှစ်စာ မဖူလုံနိုင်ဘူး။ နှမ်းကိုပဲ အားကိုးရပါတယ်ဆို နှမ်း စျေး မရှိတော့ ဘာကို သွားစားရတော့မှာလည်း မသိဘူး။”

ဦးဘဲရယ်(အသက် ၅၅နှစ်အရွယ်၊ စစ်ဘေးရှောင်တောင်သူတဦး)

“အခြေအနေကလည်း ပြောလို့ မရသေးဘူး။ နိုင်ငံရေးကလည်း မကောင်းတော့။ ရာသီဥတုကြောင့် ရေဘေး၊ လေဘေးကလည်း ရှိသေးတယ်။ အမျိုးမျိုးဘက်ကနေတွေးပြီး လိုက်ပူနေရတယ်။ ဒါပေမယ့် စျေးကလည်း သိပ်မရှိသေးဘူး။ ကျနော်တို့က အဲ့ဒီထက် စျေးကို ပိုလိုချင်တော့ စျေး မတတ်နိုင်သေးတော့ ကျနော်တို့ ရောင်းမယ်ဆိုရင် ကျနော်တို့ အတွက် မကိုက်ဘူး။”

ဦးကိုရယ် ( အသက် ၄၉နှစ်အရွယ်၊ စစ်ဘေးရှောင်တောင်သူတဦး)

“တကယ်လို့ နှမ်းကို မရောင်းရဘူးဆိုရင် ကျနော် တို့ နေထိုင်စားသောက် ဖို့လည်းကောင်း ၊ နောက်လာမယ့်နှစ်မှာ ခြံတွေ ပြန်လုပ်နိုင်ဖို့ အတွက် ဝယ်ယူစုဆောင်းရမယ့် ပစ္စည်းတွေ၊ မျိုးစေ့တွေ အတွက် အရမ်းကို ခက်ခဲသွားမယ်။ နှမ်းကို ရောင်းထွက်ရမယ်ဆိုပြီး လုပ်တော့လည်း စျေးက မရှိနေဘူး ဖြစ်နေတယ်။”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ