spot_img
Homeသတင်းကျရာကဏ္ဍအသီးသီးကနေ သမိုင်းပေးတာဝန်ကို လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ ဆက်လက်ထမ်းဆောင်ကြဖို့ (၇၈) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့မှာ KNPP တိုက်တွန်း

ကျရာကဏ္ဍအသီးသီးကနေ သမိုင်းပေးတာဝန်ကို လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ ဆက်လက်ထမ်းဆောင်ကြဖို့ (၇၈) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့မှာ KNPP တိုက်တွန်း

-

ကန္တရဝတီတိုင်း(မ်)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့ ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတွေကို ဦးညွတ်ဂုဏ်ပြုရင်း မိမိတို့အားလုံး ရောက်ရာနေရာ၊ ကျရာကဏ္ဍအသီးသီးကနေ သမိုင်းပေးတာဝန်ကို လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ ဆက်လက်ထမ်းဆောင်ကြသွားဖို့ စက်တင်ဘာလ ၈ ရက်နေ့မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာ‌မှာ တိုက်တွန်းပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့ဟာ နယ်ချဲ့ ဖဆပလအစိုးရရဲ့ ကောက်ကျစ်ယုတ်မာမှုကြောင့် ကရင်နီအမျိုးသားအစည်းအရုံး ဥက္ကဌ၊ ခုခံတော်လှန်ရေးခေါင်းဆောင် ဂိုဘီတူရီ ကျဆုံးခဲ့တဲ့ ၁၉၄၈ ခုနှစ်၊ စက်တင်ဘာ ၈ ရက်နေ့ကို အစွဲပြုပြီး ကရင်နီအမျိုးသား အာဇာနည်နေ့ကို နှစ်စဉ်ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။
KNPP ရဲ့ ရည်မှန်းချက်က အာဏာကို လူအနည်းစုလက်ထဲမှာ စုစည်းထားတဲ့စနစ်တရပ်မဟုတ်ဘဲ လူထုရဲ့ ဆန္ဒနဲ့အခွင့်အရေးတွေကို အခြေခံတဲ့ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်တည်ဆောက်ရေး ဖြစ်တယ်လို့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင် ကရင်နီပြည်သူတွေအနေနဲ့ လွတ်မြောက်ရေးခရီးအတွက် စည်းလုံးညီညွတ်စွာ ဆက်လက်လျှောက်လှမ်းမယ်ဆိုရင် တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အခြေခံတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို ဧကန်မုချတည်ဆောက်နိုင်မှာ ဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၈ရက်နေ့မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့အခမ်းအနားကို ထိုင်း-ကရင်နီနယ်စပ်က ကရင်နီပြည်တပ်မတော်(KA) ဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ခေါင်းဆောင်တွေ၊ကရင်နီပြည်အစိုးရ တာဝန်ရှိသူတွေ၊ တပ်ဗိုလ်တပ်မှူး၊ ရဲဘော်ရဲမေတွေ၊ ဌာနဆိုင်ရာအသီးသီး၊ ကျောင်းသူကျောင်းသားတွေ စုစုပေါင်း လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားအစီအစဉ်အရ ကရင်နီနိုင်ငံတော်အလံအားအလေးပြုတာ၊ နိုင်ငံတော်သီချင်းသီဆိုတာ၊ကျဆုံးလေးပြီးသောအာဇာနည်များအား အလေးပြုတာ၊ (၇၈) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ မိန့်ခွန်းပြောကြားတာ၊ ပေးပို့လာတဲ့ သဝဏ်လွှာဖတ်ကြားတာနဲ့ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါတယ်။
(၇၈) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ကို ထိုင်း-ကရင်နီနယ်စပ်အပြင် ကရင်နီပြည်တွင်းမှာလည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ