spot_img
Homeသတင်းဖရူဆိုစစ်ဘေးရှောင်တွေ စိုက်ပျိုးထားတဲ့ ပြောင်းခင်းတွေမှာ ကြွက်ဖျက်ဆီးမှုနဲ့ ရင်ဆိုင်နေရ

ဖရူဆိုစစ်ဘေးရှောင်တွေ စိုက်ပျိုးထားတဲ့ ပြောင်းခင်းတွေမှာ ကြွက်ဖျက်ဆီးမှုနဲ့ ရင်ဆိုင်နေရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတခုမှာ ယခုနှစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားတဲ့ ပြောင်းခင်းတွေမှာ မရင့်မှည့်ခင်ကတည်းက ကြွက်တွေက ဖျက်ဆီးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ပြောင်းပင်တွေကို ပေါင်းလိုက်၊ မြက်ရှင်းလင်းပြီးနောက်ပိုင်း ကြွက်ဖျက်ဆီးမှု ပိုများလာသလို ပြောင်းဖူးတွေ အနည်းငယ်ရင့်မှည့်လာချိန်မှာ ကြွက်တွေက ပိုမိုစားသောက်ဖျက်ဆီးလာတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။ အခုလို ကြွက်ဖျက်ဆီးမှုခံရတာ တလဝန်းကျင်ရှိနေပြီလို့ ဆိုပါတယ်။

“မြက်တွေ ရှင်းပေးလေလေ၊ ကြွက်က စားလေလေပဲ။ ပြောင်းက နည်းနည်းရင့်မှည့်လာရင် ကြွက်က ပိုစားတာ။ တော်တော်တော့ စားတယ်” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ဆိုပါတယ်။

ကြွက်တွေက ပြောင်းဖူးတွေ ရင့်မှည့်လာချိန်မှာသာမက မရင့်မှည့်ခင်ကတည်းက ဖျက်ဆီးစားသောက်နေကြတာဖြစ်ပြီး တချို့ပြောင်းခင်းတစ်ခင်းလုံး ပျက်စီးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေမှာ သီးခြားစိုက်ပျိုးမြေနေရာ မရှိတာကြောင့် တောတောင်နဲ့ ချောင်းဘေးဝန်းကျင်တွေမှာ စိုက်ပျိုးနေရပြီး အဆိုပါနေရာတွေမှာ ကြွက်တွေ ပိုမိုကျက်စားတာကြောင့် ဖျက်ဆီးမှုများပြားတာလို့လည်း စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။

“မြေနေရာမရှိဘူးလေ၊ တောတောင်ထဲဖြစ်တယ်၊ ချောင်းဘေးတွေဖြစ်တော့ ကြွက်က ပိုဖျက်ဆီးတာ။ ကြွက်တွေက ပြောင်းနည်းနည်းရင့်မှည့်ရင် စားပြီ။ တစ်ခင်းလုံးပါပဲ” လို့ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေ တစ်ပိုင်တစ်နိုင် ပြောင်းစိုက်ပျိုးနိုင်ဖို့နဲ့ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိနိုင်ဖို့ ရည်ရွယ်ပြီး လူမှုအသင်းအဖွဲ့တခုက ပြောင်းမျိုးစေ့တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ဝက်နဲ့ ဒေသကြက်တွေကို မွေးမြူထားကြပြီး စိုက်ပျိုးရရှိတဲ့ ပြောင်းတွေကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြတယ်လို့ သိရပါတယ်။ အများစုကတော့ ပြောင်းကို ရောင်းချဖို့ စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို တပိုင်တနိုင် လုပ်ကိုင်နေကြပေမယ့် စိုက်ပျိုးမြေနေရာ အခက်အခဲ၊ ရာသီဥတုနဲ့ ပိုးမွှားဖျက်ဆီးမှုတွေကြောင့် အခက်အခဲတွေကို နှစ်စဉ် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိ ကြွက်ဖျက်ဆီးမှုကြောင့် အထွက်နှုန်းလျော့ကျနိုင်တဲ့ အခြေအနေရှိနိုင်တယ်လို့လည်း စစ်ဘေးရှောင်တွေက ပြောပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ