ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာလ (၁၅) ရက်နေ့မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတချို့ကို အရေးပေါ်ပိတ်ထားလိုက်ရတယ်လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။
“လေယာဉ်ကလည်း နီးတယ်။ ကလေးလည်း အရမ်းများတယ်။ အန္တရာယ်များတယ်။ ကြောက်စိတ်တွေလည်း များတော့ တချို့ဆို ပုန်းကျင်းထဲ ဘုရားရှိခိုးရတဲ့အဆင့် ဖြစ်သွားတော့ ငိုတောင် ငိုခါနီးပြီး ကလေးတွေကလေ။ လေယာဉ်လာချတဲ့အခါမှာ ပုန်းကျင်းတောင် တုန်လှုပ်နေတယ်လေ။ အဲ့ဒါ ကလေးတအားကြောက်တော့ မိဘတွေလည်း လာပြေးခေါ်တယ်ပေါ့။ ဆရာ၊ ဆရာမတွေလည်း တခုခုဖြစ်ရင် ဆရာ၊ ဆရာမခေါင်းပေါ် တခုခုဖြစ်လာရင် မိဘတွေက အပြစ်တင်မလားဆိုတဲ့စိတ်နဲ့ပဲ ကလေးကို ပေးနားလိုက်ရတယ်။”လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။
အခုလို အရေးပေါ်ပိတ်ထားရတာဖြစ်တဲ့အတွက် ကျောင်းတွေ ဘယ်အချိန် ပြန်ဖွင့်နိုင်မလဲဆိုတာကိုတော့ လတ်တလော မပြောနိုင်သေးဘူးလို့ အဆိုပါကျောင်းဆရာမက ဆက်ပြောပါတယ်။
ကျောင်းပိတ်ထားရတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းသားတွေရဲ့ စာသင်ကြားရေးနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။
“သူတို့ စိတ်အလေလွင့်မလား။ တချို့အတန်းဆို ဖြေနေရင်း လေယာဉ်ကြောင့် စာမေးပွဲတောင် ရပ်လိုက်ရတယ်ပေါ့နော်။ သူတို့စာလည်း ကျက်ချင်တော့မှာ မဟုတ်ဘူး။ ကြောက်စိတ်များမယ်။ ကျောင်းတက်လိုက် ပိတ်လိုက်ဆိုတော့ စာစိတ်ဝင်စားမှု နည်းနည်း အားနည်းသွားမှာပေါ့။”လို့ အဆိုပါ ကျောင်းဆရာမက ဆက်ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် ကျောင်းသားမိဘတွေအနေနဲ့လည်း ကလေးတွေကို ကျောင်းပို့ဖို့ စိုးရိမ်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ဒရုန်း ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားတိုင်း လုံခြုံရေးအခြေအနေကြောင့် စာသင်ကျောင်းတွေ အရေးပေါ်ပိတ်ထားရတာတွေ အရင်ကလည်း ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ကျောင်းတွေ မကြာခဏပိတ်ထားရတာကြောင့် ကျောင်းသားတွေရဲ့ စာသင်ကြားချိန် လျော့နည်းလာသလို ပညာသင်ယူနိုင်ရေးအပေါ်လည်း နောက်ကျမှုတွေဖြစ်လာနိုင်တယ်လို့ ကျောင်းသားမိဘတွေနဲ့ ဆရာ၊ဆရာမတွေက ပြောပါတယ်။







