ကန္တာရဝတီတိုင်း ( မ် )
ဒီမိုကရေစီစနစ် အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ကိုယ်စားပြုမှုနဲ့ တာဝန်ခံမှုတို့ ဟန်ချက်ညီစွာရှိပြီး တော်လှန်ရေးအင်အားစုအားလုံး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြောပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို CRPH က ကြီးမှူးကျင်းပခဲ့ပြီး ဒီမိုကရေစီစနစ်ဟာ ပြည်သူတွေအတွက် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ တရားမျှတခြင်းတို့ကို အာမခံပေးနိုင်တဲ့ စနစ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီစနစ်ဟာ ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်တာကြောင့် ပြည်သူတစ်ဦးချင်းစီရဲ့ ရရှိပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေး သွင်ပြင်လက္ခဏာတွေကို အပြည့်အဝ ပိုင်ဆိုင်နိုင်မှသာ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ နိုင်ငံတော်ကို တည်ဆောက်သွားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက လူထုတွေဟာ ဒီမိုကရေစီစနစ် ပြန်လည်တည်ဆောက်ဖော်ဆောင်ရေးအတွက် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆိုးတွေကို နည်းလမ်းအမျိုးမျိုးနဲ့ တော်လှန်တိုက်ပွဲဝင်လျက်ရှိပြီး ပြည်သူတွေရဲ့ ပေးဆပ်ရင်းနှီးမှု များပြားတဲ့ တော်လှန်ရေးတိုက်ပွဲအသီးသီးမှာ ဒီမိုကရေစီစံတန်ဖိုးတွေလည်း တိုးတက်လာတယ်လို့ ပြောပါတယ်။
လက်ရှိမှာလည်း စစ်အုပ်စုတွေရဲ့ နေ့စဉ် လူမဆန်တဲ့ လုပ်ရပ်တွေကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အမြန်ဆုံး ရပ်တန့်စေဖို့ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားပါဝင်နေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အသက်သွေးချွေး၊ ဘဝ ပေးဆပ်ကာ ရုန်းကန်ရင်ဆိုင်နေရတဲ့ တော်လှန်ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ပံ့ပိုးကူညီဖို့ကိုလည်း CRPH က တိုက်တွန်းထားပါတယ်။
အခမ်းအနားမှာ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်တို့အပါအဝင် နိုင်ငံရေးအဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။







