spot_img
Homeမာလ်တီမီဒီယာရာသီဥတုမမှန်မှုကြောင့် စိုက်ပျိုးသီးနှံတွေ အရှုံးပေါ်နေတဲ့ စစ်ဘေးရှောင်တွေရဲ့ စကားသံများ

ရာသီဥတုမမှန်မှုကြောင့် စိုက်ပျိုးသီးနှံတွေ အရှုံးပေါ်နေတဲ့ စစ်ဘေးရှောင်တွေရဲ့ စကားသံများ

-

ကန္တာရဝတီတိုင်း ( မ် )

စားဝတ်နေရေးအတွက် စပါးကို အဓိကထားစိုက်ပျိုးနေကြတဲ့ ကရင်နီပြည်၊ ဒီးမော့ဆို(ရှေ့) မြို့နယ်မှာ ဒီနှစ် စိုက်ပျိုးရာသီအတွင်း ရာသီဥတုမမှန်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ စပါးပင်တွေ ရေလိုအပ်နေချိန်မှာ မိုးရွာသွန်းမှု မရှိသလို ရေသွင်းစိုက်ပျိုးလို့မရတဲ့ နေရာတွေမှာ စပါးပင်တွေ ညှိုးနွမ်းပြီး သေဆုံးတာတွေ ရှိနေပါတယ်။

အခုလို စပါးအထွက်နှုန်း ထိခိုက်လာတာကြောင့် စစ်ဘေးရှောင်တွေ စိုက်ပျိုးထားတဲ့ သီးနှံတွေကနေ ဝင်ငွေရရှိဖို့ ခက်ခဲလာနိုင်သလို လာမယ့်ကာလ စားဝတ်နေရေးအတွက်လည်း စိုးရိမ်ပူပန်နေကြပါတယ်။ စပါးစိုက်ပျိုးရာသီမှာ ရာသီဥတုမမှန်မှုကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်တွေရဲ့ စကားသံတွေကို ဖော်ပြလိုက်ပါတယ်။

ဒေါ်နိုမြာ (အသက် ၄၀ အရွယ်၊ တောင်သူတဦး)

“ဒီနှစ် ကျမတို့ စိုက်ပျိုးထားတဲ့ စပါးနဲ့ ပတ်သက်ရင်တော့ အရမ်းနဲ့ကို စိုးရိမ်ပူပန်မှုတွေ ရှိတယ်။ အပင်တွေ နီရဲကုန်တယ်။ ပိုးတွေလည်း ကျကုန်တယ်။ သေလည်း သေကုန်တယ်။ ပေါင်းတွေလည်း ထူကုန်တယ်။ ပေါင်းက တခါမဟုတ်၊ နှစ်ခါမဟုတ် လိုက်တယ်။ လူအင်အား ၅၀ လောက်ကုန်တယ်။ ဒါလည်း ပေါင်းက ထပ်ထူလာတယ်။ အခုအခြေအနေက စပါးနှံထွက်ရတော့မှာကို မထွက်နိုင်တော့ဘူး။ ရေရှည်မှာ စားရမလား၊ မစားဘူးလား မသေချာနေဘူး။ ဆွေမျိုးသားချင်းတွေကိုတောင် ကျွေးနိုင်ပါ့မလား မသိဘူး။”

ခူးပိုးရယ် (အသက် ၃၅ နှစ်အရွယ်၊ တောင်သူတဦး)

“ဒီနှစ် ကျနော်တို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကတော့ ယခင်ပြီးခဲ့တဲ့နှစ်ကဆိုရင် အများကြီး သက်သာသေးတယ်။ ဒီနှစ်မှာတော့ အကုန်လုံးက မအောင်ဘူး ပြောရမှာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ရာသီဥတုကြောင့်လား အဲ့လိုလည်း မသိဘူး။ ဒီနှစ်ကတော့ ပြီးခဲ့တဲ့နှစ်နဲ့ဆိုရင်တော့ အများကြီး ကွာသွားတယ်။ ကျနော်တို့ ပေါင်းမလိုက်နိုင်ဖို့ ဖြစ်တာလားဆိုတော့လည်း ပေါင်းကတော့ လိုက်တာပဲလေနော်။ ဘာလို့လဲတော့ မသိဘူး။ ပိုးကျတာတွေလည်း ပါမှာပေါ့။ ဆေးဖြန်းတာတွေ ဘာတွေလည်း အကုန်သုံးနေတာပဲလေ။ ဒါပေမယ့် အဆင်မပြေလာနိုင်ဘူး။ တကယ်ပဲ ရာသီဥတု မမှန်ကန်မှုကြောင့်ပဲ ဖြစ်တာလား အဲ့လိုပဲ တွေးမိတယ်။”

ဒေါကူးမို (အသက် ၄၅ နှစ်အရွယ်၊ တောင်သူတဦး)

“အရမ်းစိုးရိမ်တယ်။ လယ်က မကောင်းတော့လေ။ ရာသီဥတု မမှန်တော့ စပါးက ပေါက်လာပေမယ့် အပင်တွေ နီရဲပြီး ပြန်သေကုန်တယ်။ ဆေးသုံးလည်း မထူးတော့ဘူး။ မြေဩဇာလည်း မနိုင်တော့ဘူး။ လာမယ့် ရေရှည်စားဝတ်နေရေးအတွက် ဘယ်လို ဖြေရှင်းရမလဲ မသိတော့ဘူး။ တွေးကြည့်ရင်း အရမ်းစိုးရိမ်ပူနေရတယ်။ အပင်တွေ နီလာပြီး သေကုန်တော့ စပါးနှံတွေလည်း မထွက်နိုင်တော့ဘူး ဖြစ်နေတယ်။”

ခူးဦးရယ် (အသက် ၂၈ နှစ်အရွယ်၊ တောင်သူတဦး)

“ရာသီဥတု မမှန်ကန်မှုကြောင့်လည်း ပါတယ်။ ပိုးကျမှုကြောင့်လည်း ပါတယ်။ ဆိုတော့ စပါးအခြေအနေကတော့ ရေမကောင်းတဲ့နေရာတွေမှာ ဒီကုန်းစပါးခင်းတွေမှာ များတော့ အများအားဖြင့် အကုန်ပျက်စီးကြတာ များသွားတယ်။ ဥပမာ ၄၊ ၅ ဧကလောက် စိုက်မယ်ဆိုရင် ၁ ဧကလောက်ပဲ ကောင်းတယ်။ ၁ ဧကလောက်ပဲ စိုက်တဲ့အခင်းတွေဆိုရင် လုံးဝ ပြန်မရတော့တဲ့ အနေအထားမှာ ရှိသွားတယ်။ ဆိုတော့ လာမယ့်ရှေ့ရေးအတွက် စိုးရိမ်ပူပန်မှုကတော့ အများကြီး ရှိသွားတယ်။ ဘာလို့လဲဆိုရင် စပါးလုပ်တယ်ဆိုတာ ဆုံးရှုံးမှုများတယ်။ စပါးလုပ်ရတာကလည်း အရင်းအနှီး အများကြီး အားစိုက်ရတယ်။ အရင်းအနှီးကလည်း ၄ သိန်း၊ ၅ သိန်းလောက် ထည့်ပြီးမှ ပြန်ရမလားဆိုတဲ့ ပုံစံနဲ့ ရင်းထားပြီးတော့ အခုက ရာသီဥတု မမှန်ကန်မှုကြောင့်၊ ပိုးကျမှုကြောင့် ရင်းထားတဲ့ အရင်းအနှီးလည်း ကုန်သလောက် ရှိနေတော့ စိုးရိမ်ပူပန်မှုကတော့ ရှိတယ်။ဒီးမော့ဆိုအရှေ့မြို့နယ်မှာလည်း များသောအားဖြင့် စပါးတွေကိုပဲ စိုက်ကြတော့ စပါးမရှိဘူးဆိုရင် စိုးရိမ်ပူပန်မှုတွေ အများကြီး ရှိနေတယ်။”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ