spot_img
Homeဆောင်းပါးစာရေးကိရိယာ မလုံလောက်မှုနဲ့ အန္တရာယ်ကြား ပညာဆက်လက်သင်ယူနေတဲ့ ကရင်နီကလေးငယ်တွေ

စာရေးကိရိယာ မလုံလောက်မှုနဲ့ အန္တရာယ်ကြား ပညာဆက်လက်သင်ယူနေတဲ့ ကရင်နီကလေးငယ်တွေ

-

ကန္တာရဝတီတိုင်း(မ်)

ပညာသင်ကြားခွင့်ဟာ နိုင်ငံသားတိုင်းရဲ့ အခြေခံ အခွင့်အရေး ဖြစ်ပါတယ်။ ပညာတတ်မြောက်ပြီး မိမိတို့ အနာဂတ် အတွက် အခွင့်အလမ်းတွေကို ဖန်တီးနိုင်ရေးဟာ လူသားတိုင်းအတွက် အကန့်အသတ်မဲ့ အခွင့်အရေးဖြစ်ရပါမယ်။

ဒါပေမယ့် ကရင်နီ ပြည်က ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ကြားခွင့်ရဖို့ အတွက် အခြေခံလိုအပ်ချက်တွေ အများကြီးနဲ့ ကြုံဆုံနေကြရပါတယ်။

လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြားမှာ ကလေးတွေဟာ တောတောင်တွေနဲ့ ချိုင့်ဝှမ်းတွေထဲမှာ ပညာဆက်လက်သင်ယူနေကြရပါတယ်။

ဒီလို အန္တာရယ်တွေကြား ရှင်သန်ရပ်တည်နေရချိန်မှာ မိဘဖြစ်သူတွေကတော့ သားသမီးတွေကို ပညာအမွေပေးဖို့ထက် ရှင်သန်ရပ်တည်နိုင်ရေးကို အဓိကအလေးထားနေကြရပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် ကြုံရတဲ့ လုံခြုံရေး ကန့်သတ်မှုတွေကြားမှာ ကလေးတွေရဲ့ ပညာသင်ယူခွင့်တွေ ထိခိုက်ဆုံးရှုံးနေသလို ရှိနေတဲ့ စာသင်ကျောင်းတွေမှာလည်း စာရေးကိရိယာနဲ့ သင်ကြားရေးအထောက်အကူပစ္စည်း မလုံလောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။

“ဒီအပေါ်မှာလည်း သူတို့ရဲ့ သင်ကြားသင်ယူမှု အထောက်အကူပစ္စည်းတွေက လုံလုံလောက်လောက်မရှိနေဘူး။ လေ့လာသင်ယူဖို့ ဖတ်စာအုပ်တို့ကအစ ရေးမှတ်ဖို့ ခဲတံ၊ ဘောပင်တွေကအဆုံးပေါ့နော်။ ဒီဟာတွေလည်း လုံလုံလောက်လောက် မရှိနေဘူး။ မရရှိနေတဲ့အခါမှာ ဒီကလေးတွေကလည်း ကြာလာတဲ့အခါ အသက်အရွယ်အားဖြင့် လူငယ်အရွယ်တွေ ရောက်လာတဲ့အခါ အပျိုလူပျိုတွေ ဖြစ်လာပြီးတော့ ကျောင်းထွက်ကြတာများတယ်။ ဒီလိုအနေအထားတွေနဲ့ ကြုံတွေ့နေရတယ်။” လို့ ဒီးမော့ဆို (ရှေ့) မြို့နယ် ပညာရေးမှူးက ပြောပါတယ်။

ပညာသင်ကြားခွင့်ဟာ ကလေးတွေရဲ့ အခြေခံအခွင့်အရေးဖြစ်ပေမယ့် လွတ်လပ်စွာ ပညာသင်ကြားခွင့် မရရှိတော့တဲ့အခါ ကလေးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်စရာပါ။

စာသင်ကျောင်းတွေမှာ လုံခြုံရေးအန္တရာယ်ရှိနေတဲ့အတွက် မိဘတွေအနေနဲ့လည်း ကလေးတွေ ကျောင်းသွားတဲ့အချိန်တိုင်း စိုးရိမ်ပူပန်နေရပါတယ်။

ကရင်နီစစ်ဘေးရှောင်စခန်းတချို့မှာ မြင်တွေ့ရတဲ့ ကျောင်းသူကျောင်းသားများ။

“ကျမဆို စိုးရိမ်တယ်။ ဘာဖြစ်လို့လည်းဆိုရင် အခုပြောနေရင်းနဲ့ သွားကြိုရတယ်ပေါ့နော်။ ကျောင်းပိတ်လိုက်ရတယ်။ ဒရုန်းတွေ တအားဝဲလို့ သူတို့ကျောင်းပေါ်မှာ အဲ့လိုတွေပေါ့နော်။ ပြီးတော့ အများကြီး စိုးရိမ်ရတယ်။ မိဘအနေနဲ့ပေါ့နော်။ ကလေးကျောင်းသွားရင် အပေါင်းအသင်းတွေနဲ့ ရန်ဖြစ်ကြသလား၊ စိုးရိမ်ပူပန်မှုတွေကတော့ အများကြီးပဲပေါ့နော်။ လေယာဉ်လာမလား၊ ဒါမှမဟုတ် ကျောင်းတွင်း အကြမ်းဖက်မှုခံနေရသလား၊ အဲ့လိုတွေပေါ့နော်။” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ပညာကိုလွပ်လပ်စာသင်ယူခွင့် ထိခိုက်လာတာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ကတည်းပါ။

တိုက်ပွဲပဋိပက္ခတွေကြား နေရပ်ကို စွန့်ခွာထွက်ပြေးရတဲ့ ကလေးတွေဟာ တောတောင်တွေထဲမှာ ရရှိတဲ့နည်းလမ်းတွေနဲ့ ပညာရေးကို ဆက်လက်သင်ယူနေကြရပါတယ်။

ဒါတင်မကသေးပါဘူး၊ စာသင်ကျောင်း အဆောက်အအုံတွေဟာလည်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်ဖြစ်လာတာကြောင့် ကျောင်းသား၊ ဆရာ/မတွေအနေနဲ့ လုံခြုံရေးအန္တရာယ်ကိုပါ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာပဲ စစ်တပ်ရဲ့ ဒရုန်းဗုံးကြဲမှုကြောင့်, ကရင်နီပြည်က အခြေခံပညာကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ပြောထားပါတယ်။ ဒီမတိုင်ခင် တခြားတိုက်ခိုက်ခံရတာတွေလည်းရှိခဲ့ပါတယ်။

ကရင်နီပြည်မှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ ကရင်နီပြည်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့ အကြိမ်အရေအတွက် ၂,၂၀၀ နီးပါးရှိနေကြောင်း တိုးတက်သော ကရင်နီပြည်အင်အားစု (PKPF) က စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် ပညာသင်ကြားနေတဲ့ ကလေးငယ်တွေအနေနဲ့ ပညာရေးအပေါ် အပြည့်အဝ စိတ်လုံခြုံမှု မရှိနိုင်တော့ဘူးလို့ စေတနာ့ဝန်ထမ်း Volunteer ဆရာမတစ်ဦးက ပြောပါတယ်။

“အရင်ခေတ်ကောင်းတုန်းကဆိုရင် သူတို့က လုံခြုံရေးက စိတ်မပူရဘူး ပြောရမယ်ပေါ့။ အခုဆိုရင်တော့ သူတို့လုံခြုံရေးအတွက် အသက်အန္တရာယ်ကိုပါ စိုးရိမ်နေကြရတယ်။ ဒီအချိန်မှာဆိုရင် ကလေးရဲ့ သင်ယူနိုင်မှု စိတ်အခြေအနေက အပြည့်အဝ မရှိတော့ဘူး။” လို့ စေတနာ့ဝန်ထမ်း Volunteer ဆရာမတစ်ဦးက ပြောပါတယ်။

လုံခြုံရေးအန္တရာယ်တွေ၊ သင်ကြားရေးအထောက်အကူပစ္စည်း မလုံလောက်မှုတွေ ရှိနေပေမယ့် အနာဂတ်မျိုးဆက်သစ်တွေအတွက် CDM နဲ့ Volunteer ဆရာ/မတွေက တောတောင်တွေထဲမှာ ပညာရေးကို ဆက်လက်ပို့ချပေးနေကြပါတယ်။

လက်ရှိ ကရင်နီပြည်မှာ စာသင်ကျောင်းပေါင်း ၄၆၀ ကျော် ဖွင့်လှစ်ထားနိုင်ပြီး တောထဲ၊ တောင်ထဲနဲ့ ချိုင့်ဝှမ်းတွေထဲမှာ ကလေးတွေရဲ့ ပညာရေးကို ဆက်လက်ဖော်ဆောင်နေကြရပါတယ်။

ကရင်နီစစ်ဘေးရှောင်စခန်းတချို့မှာ မြင်တွေ့ရတဲ့ ကျောင်းသူကျောင်းသားများ။

ပညာရေးခရီးဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပေမယ့် အနာဂတ်မှာ ပညာရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေမှာဖြစ်တာကြောင့် အလှူရှင်တွေအပါအဝင် ကျောင်းသူ/သား မိဘတွေနဲ့ ဆရာ/မတွေအနေနဲ့ ဆက်လက်အားတင်းပေးကြဖို့ လိုအပ်ကြောင်း အဆိုပါ စေတနာ့ဝန်ထမ်း Volunteer ဆရာမက တိုက်တွန်းပါတယ်။

“အလှူရှင်တွေကို ပညာရေးဘက်မှာ ပိုပြီးထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံချင်တယ်။ ကလေးမိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့သားသမီးတွေ ပညာရေးဆက်သွားနိုင်ဖို့ ကြိုးစားပြီး ကူညီထောက်ပံ့တာမျိုးကို လိုချင်တယ်။ ဆရာ/မတွေအနေနဲ့လည်း ဒီအလုပ်ကို လုပ်နေချိန်မှာ ကိုယ်က စေတနာသန့်သန့်နဲ့ လုပ်ပေးဖို့ရယ်၊ ပြီးတော့ ကိုယ့်ရဲ့အရည်အချင်းကို အမြဲတမ်းမြှင့်တင်ပြီးတော့ ကလေးအနာဂတ်အတွက် စဉ်းစားပေးဖို့ လိုတယ်။” လို့ စေတနာ့ဝန်ထမ်း Volunteer ဆရာမတစ်ဦးက ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ