ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ဒီကနေ့ အောက်တိုဘာလ ၄ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တစ်ပတ်နှစ်ပတ် သူ (လေယာဉ်) ဝဲပြီး တခါတည်း ပစ်ချလိုက်တယ်။ နှစ်ခါဝဲပြီးတော့ ပစ်ချသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မနက် ၁၁ နာရီကျော်ကစပြီး ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို လေယာဉ်နဲ့ လာရောက်ပတ်ဝဲခဲ့ပြီးနောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နေ့လယ် ၁၂ နာရီ ၅၅ မိနစ်မှာ တကြိမ်နဲ့ ညနေ ၃ နာရီဝန်းကျင်မှာ တကြိမ် ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
“၁၁ နာရီကျော်အချိန်မှာ ပထမတခါလာတယ်၊ ဖြတ်သွားတယ်။ မကြဲသေးဘူး။ ဒုတိယတခေါက်ကျ ပတ်ဝဲသေးတယ်၊ နှစ်ပတ်၊ သုံးပတ်လောက်ပြီး ပြန်သွားတယ်။ နောက် ၃ မိနစ်၊ ၄ မိနစ်လောက်ကြာတော့ တခါပြန်လာပြီး ချက်ချင်းကြဲတာ။ ကြဲတာကတော့ နှစ်ကြိမ်ကြဲတယ်၊ ၁၂ နာရီ ၅၅ မိနစ် ကွက်တိမှာ။ တခါကြဲရင် သုံးလုံး၊ လေးလုံးနဲ့ ကြဲတာ။ နောက်ဆုံးတခါက ၃ နာရီထိုးခါနီး လာကြဲတယ်။ တလုံးမကဘူး ကြဲတာ” လို့ နောက်ထပ် ဒေသခံအမျိုးသမီးတဦးကလည်း ပြောပါတယ်။
လေယာဉ်ပေါ်ကနေ ပွိုင့် 8 အပါအဝင် ပေါင် ၁၀၀ ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့နဲ့ ကားနှစ်စီး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အခြားထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေကိုတော့ ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အောက်တိုဘာလ ၁ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။







