ကန္တာရဝတီတိုင်း(မ်)
အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင် ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံခရီးစဉ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) က ဒီကနေ့ အောက်တိုဘာ ၈ ရက်မှာ သဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။
မင်းအောင်လှိုင်ဟာ မလေးရှားဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ မြန်မာ-မလေးရှား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲအတွက် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက် နေ့တွေမှာ မလေးရှားနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
အခုလို မင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်အဆင့်နဲ့ ကြိုဆိုလက်ခံတာဟာ မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်နိုင်တယ်လို့ SCEF က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
SCEF ရဲ့ ထုတ်ပြန်ချက်အရ မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို အကြမ်းဖက်ဖိနှိပ်ပြီး နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူခဲ့သူဖြစ်သလို မြန်မာနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံက သဘောတူထားတဲ့ Five-Point Consensus အပါအဝင် ကတိကဝတ်တွေကိုလည်း လိုက်နာဖို့ ပျက်ကွက်ခဲ့သူဖြစ်ကြောင်း ပြောထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်တာ၊ ကျေးရွာနဲ့ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ မတရားဖမ်းဆီးထိန်းသိမ်းတာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
ဒီလိုအခြေအနေတွေကြောင့် မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်အုပ်စုကို နိုင်ငံတော်အဆင့် တရားဝင်မှု ထပ်မံအတည်ပြုပေးရာရောက်နိုင်တဲ့ ဘယ်လိုဆောင်ရွက်ချက်မျိုးကိုမဆို မလေးရှားအစိုးရအနေနဲ့ ရှောင်ရှားပေးဖို့ SCEF က တောင်းဆိုထားပါတယ်။
မလေးရှားနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူတွေနဲ့အညီ မြန်မာပြည်သူလူထုရဲ့ ဆန္ဒတွေကို အလေးထားပြီး ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ပေးဖို့လည်း SCEF က တိုက်တွန်းထားပါတယ်။
မင်းအောင်လှိုင်ဟာ မလေးရှားနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိရေး၊ နှစ်နိုင်ငံဥပဒေနဲ့အညီ အကာအကွယ်ပေးနိုင်ရေး ဆောင်ရွက်သွားမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မင်းအောင်လှိုင်ဟာ မြန်မာ-မလေးရှား နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့သလို မလေးရှားဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနဲ့ စီးပွားရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။







