spot_img
Homeဆောင်းပါး“စစ်ဖိနပ်အောက်က ပွင့်လန်းနေဆဲ သူမ၏အပြုံး”

“စစ်ဖိနပ်အောက်က ပွင့်လန်းနေဆဲ သူမ၏အပြုံး”

-

ကန္တာရဝတီတိုင်း (မ်)

ငယ်ရွယ်မှု ကုန်ဆုံးလာမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ နှုတ်ခမ်းပြင်ထက်က အရေးကြောင်း တွေကိုတောင် ဖုံးလွှမ်းသွားစေနိုင်တဲ့ အမေအို ဖရန်စစ္စကာ ရဲ့ အပြုံးတွေဟာ စစ်ဖြစ်ပွားရာဒေသတခုမှာ ရှင်သန်နေပါတယ်။

မြင်ရခဲတဲ့ အသက် ၈၅ နှစ်အရွယ် အမေအိုရဲ့ ဒီအပြုံးက သူမချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ ပြန်တွေ့ဆုံရတဲ့အခါမှာ လှပတဲ့ နှင်းဆီပွင့်တပွင့်လို အပွင့်ကြီး ပွင့်လန်းလာတတ်ပါတယ်။ ကယန်း တိုင်းရင်းသူ ဖြစ်တဲ့ သူမဟာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ စစ်ဖြစ်ပွားရာဇုံနဲ့ မလှမ်းမကမ်းက စစ်ဘေးရှောင်လူထုတွေ နေထိုင်ရာ ဒေသတခုမှာ သားတယောက်နဲ့အတူ နေထိုင်နေပါတယ်။

အားအင်ချိနှဲ့နေတဲ့ အမေအိုရဲ့လက်သေးသေးလေးထဲမှာ အံဝင်ဂွင်ကျရှိပြီး ဓားမတခုအလား ထက်နေတဲ့ ကွမ်းညှပ်ကိုကိုင်ထားတယ်။ မာကျောနေတဲ့ ကွမ်းသီးကို ရှိတဲ့အားလေးနဲ့ အတင်းဖိညှပ်ပြီး ပါးစပ်ကနေလည်း တကျွတ်ကျွတ်ဝါးနေရင်းနဲ့ လမ်းမရဲ့တဖက်ကို ငေးကြည့်နေတယ်။

သူမအိမ်မပြန်ရတာ ၆နှစ်တာကာလထဲကိုရောက်ရှိလာပါပြီ။ စစ်အာဏာသိမ်းပြီးကရင်နီပြည်မှာ တိုက်ပွဲတွေ စတင်ချိန်ကတည်းက စစ်ဘေးရှောင်ချိန်ကစပြီး နေရပ်ပြန်နေထိုင်နိုင်တာ မရှိသေးပါဘူး။ စစ်ရေးအခြေအနေငြိမ်သက် နေတဲ့ ၂၀၂၃ ခုနှစ်မှာတော့ နေအိမ်ကို ၁ကြိမ်အလည် ပြန်ကြည့်ခွင့်ရပါတယ်။

“အိမ်ပြန်ရတော့ ပျော်လားမပျော်လားတောင်မသိဘူး။ လူတယောက်မရှိဘူး။ သမီးအိမ်မှာပဲ ပြန်နေတယ်။ လူတွေ တအားခွဲခွာနေကြရတယ်ရော။ အခြေအနေကလည်း လူလည်းမရှိ” လို့ အရှေ့ကလမ်းမကြီးကို ငေးရင်း စစ်အာဏာသိမ်းမှုကြောင့် ချန်လှပ်ထားခဲ့ရတဲ့ သူမရဲ့ နေအိမ်ငယ်လေးဆီကို အလည်ပြန်ခွင့်ရခဲ့တဲ့ ၂၀၂၃ ခုနှစ်က ပုံရိပ်တစ်ခုကို ပြန်ပြောင်း ပြောပြနေတာဖြစ်ပါတယ်။

တချိန်က မိသားစုထမင်းဝိုင်းနဲ့ စည်ကားနွေးထွေးခဲ့တဲ့ နေအိမ်မှာ အိပ်ခွင့်မရခဲ့ပါဘူး။ အဲဒီအစား အရေးပေါ်အခြေအနေမှာ လွယ်ကူစွာ လွတ်မြောက်နိုင်တဲ့ နေရာမှာ ရှိတဲ့ သမီးဖြစ်သူရဲ့ အိမ်မှာ သုံးညတာ ပြန်အိပ်ခဲ့ရတာလို့ သူမကပြောပါတယ်။

“သားကြီးရဲ့ အိမ်ကသိပ်လှတာ။ ပီပါပိုင်းထဲမှာလည်း ရေတွေပြည့်နေတယ်။ အခုတော့ ပျက်စီးပြီလားမသိဘူး” လို့ စိုးရိမ်စိတ်နဲ့ ပြောဆိုလာတဲ့သူမရဲ့ စကားသံမှာ လွမ်းဆွတ်မှုတွေအပြည့်ပါဝင်နေပါတယ်။

သူမရဲ့ စစ်​ရှောင် မီးဖိုမှာချက်ပြုတ်​နေတဲ့ အ​မေအို ဖရန်စစ္စကာကို​တွေ့ရစဥ်

စစ်အာဏာသိမ်းမှု မတိုင်ခင်က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်မှာ နေထိုင်ရင်း သားသမီး ၁၁ ယောက် ထွန်းကားခဲ့တဲ့ ဒေါ်ဖရန်စစ္စကာ ရဲ့ အတိတ်တွေက အခုတော့ ဖုန်တက်နေတဲ့ မှန်တစ်ချပ်လိုပဲ မှုန်ဝါးစပြုနေပါပြီ။

အတိတ်တုန်းက ဘဝအခြေအနေအကြောင်းကို ပြန်မေးမြန်းရာမှာတော့ “ကျမဘဝအကြောင်းမပြောတတ်တော့ဘူး။ မေ့ကုန်ပြီ။ ပြန်စဥ်းစားရမယ်။ ရှုတ်ရှပ်ခတ်နေတာပဲ။ အခုတော့ ပြန်မပြောပြနိုင်ဘူး” လို့ သူမကပြောပါတယ်။

အရင်ကတည်းက ခင်ပွန်းနဲ့ ကလေး ၃ ယောက် ဆုံးပါးမှုကြောင့် ခံစားခဲ့ရတဲ့ အမေအို ဖရန်စစ္စကာရဲ့ နာကျင်မှုကလည်း အတိတ်တွေထဲမှာ ဖုံးလွှမ်းနေခဲ့ပါပြီ။

ဒါပေမဲ့ ဖရန်စစ္စကာရဲ့ ကိုယ်ကာယ ဖျတ်လတ်၊ သွက်လက်မှုကတော့ အံ့သြစရာကောင်းလောက်အောင် ယုန်သူငယ်လေးအတိုင်း ရှိနေဆဲပါပဲ။
သူမနဲ့ အငယ်ဆုံးသားအတွက် ထမင်းချက်ဖို့ မနက် ၅ နာရီထိုးပြီဆိုတာနဲ့ သူမ အိပ်ယာထပြီး ပုံမှန်လုပ်နေကျအလုပ်တွေကို စလုပ်နေတတ်ပါတယ်။

နှစ် ၆၀ ကြာ ဖြတ်သန်းလာခဲ့တဲ့ အိမ်ထောင်သည်ဘဝနဲ့ သူမခံယူထားတဲ့ မိခင်တာဝန်ကို မသိစိတ်ထဲကနေ အခုထိ သူမ ကျေပွန်အောင်လုပ်ဆောင်နေဆဲပါ။

ဒါပေမဲ့လည်း သူမ ချစ်ရတဲ့ သား၊ သမီးတွေနဲ့ ထမင်းလက်ဆုံ မစားရတော့တာကို သူမ မနှစ်သက်ပါဘူး။ လက်ရှိ ပဋိပက္ခကာလမှာ ကျန်ရှိတဲ့ သားသမီးတွေနဲ့ ထပ်မံ ဝေးကွာနေရတာကို ကျည်ဆံတွေ၊ ဗုံးတွေထက် သူမပိုကြောက်ပါတယ်။

“မိသားစုတွေ အတူတူနေရရင် ပျော်တယ်။ အခုတော့ တယောက် တနေရာ နေရတယ်။ အဲလိုဆိုမပျော်ဘူး” လို့ တဖက်ကို အကြည့်လွှဲရင်း အမေအို ဖရန်စစ္စကာ ပြောနေပါတယ်။

အမေအို ဖရန်စစ္စကာ

စစ်ဘေးရှောင်နေရတဲ့ ဒီ ၆ နှစ်တာ ကာလအတွင်းမှာ ဖရန်စစ္စကာ က သားသမီး ၂ ဦးကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ မိသားစုတွေတကွဲတပြားနဲ့ စစ်ဘေးရှောင်နေကြရင်း သားဖြစ်သူဟာ ၂၀၂၃ ခုနှစ်မှာ နာမကျန်းဖြစ်ပြီးသေဆုံးခဲ့သလို သမီးဖြစ်သူကလည်း ၂၀၂၆ မှာ နာမကျန်းဖြစ်ပြီး ထပ်မံသေဆုံးခဲ့တာပါ။

အကြားအာရုံမကောင်းတော့တဲ့ အမေအို ဖရန်စစ္စကာကို စစ်ပွဲထဲက ကျည်ဆံအမျိုးမျိုးရဲ့ အသံက မခြောက်လှန့်နိုင်တော့ပေမယ့် သူမချစ်ရတဲ့ သားနဲ့ သမီး၂ ဦး သူမထက်စောပြီး လူ့လောက ကနေ ထွက်သွားတဲ့အဖြစ်က သူမကို ထိတ်လန့်စေပါတယ်။

သမီးရဲ့ သေဆုံးမှုကြောင့် လဲကျသွားခဲ့ရတဲ့ ဖရန်စစ္စကာက သူမရဲ့ နာကျင်မှုကို ဖုံးကွယ်ထားပေမယ့်လည်း သားနဲ့ သမီးကို လွမ်းဆွတ်တမ်းတနေကြောင်း သူမ တဖွဖွပြောနေပါတယ်။

သူမချစ်ရတဲ့ သား၊ မြေး၊ မြစ် တွေ သူမဆီကို အလည်ရောက်လာတဲ့အခါ မျက်နှာမှာ ပန်းလေးတပွင့်လို အပြုံးလှလှလေး ရှိနေတတ်သလို သူမရဲ့ အသံတွေကလည်း တက်ကြွလန်းဆန်းနေပါတယ်။

“ဒီမှာနေတာ ဘယ်နှနှစ်ရှိပြီလဲ – ၁ နှစ်လား သား” ဆိုတဲ့ အမေအိုရဲ့ မေးခွန်းကို “၂ နှစ်လေး“ လို့ က သူမရဲ့ သားဖြစ်သူက ဝင်ဖြေပါတယ်။ အမေအိုရဲ့ အကြားအာရုံချို့ယွင်းမှုကြောင့် စကားပြောရ အဆင်ချောအောင် ဘေးမှာ သားငယ်က စကားပြန်အဖြစ် ကူညီပေးနေတာပါ။

“အော် အဲလောက်တောင် ကြာပြီလား” လို့ သူမက မျက်နှာ တဖက်လွှဲကာ သက်ပြင်းရှည် ချရင်းပြောပါတယ်။

စစ်အာဏာသိမ်း ၆ နှစ်တာကာလ အတွင်း မတူညီတဲ့ နေရာဒေသ ၅ ခုအထိ ပြောင်းရွေ့နေထိုင်လာခဲ့ရတဲ့ထဲက အခုလက်ရှိ နေထိုင်နေတဲ့နေရာက သူမအတွက် အပျော်ဆုံးနေရာဖြစ်တယ်လို့ ပြောပါတယ်။

သူမလက်ရှိနေထိုင်တဲ့နေရာက စစ်ရှောင်ရင်း တကွဲတပြားနေထိုင်ကြရတဲ့ သူမရဲ့ သား၊ သမီး၊ မြေး၊ မြစ် တွေ ဆုံတွေ့ရဖို့ အလွယ်ကူဆုံးနဲ့ အနီးဆုံးနေရာဖြစ်သလို သူမရဲ့အိမ်အိုရှိရာ အရပ်နဲ့လည်း မလှမ်းမကမ်းမှာပဲ ရှိနေလို့ပါ။

“အိမ်ပြန်နိုင်ရင် မီးဖိုတော့ ပြန်ဆောက်ရမယ်။ အိမ်ကဆွေးကုန်ပြီရော။ ပြန်လို့ရရင် ပြန်ပြင်ရမယ်” လို့ပြောနေတဲ့ ဖရန်စစ္စကာက အိမ်ပြန်ရတဲ့အချိန်မှာ ဘာတွေအရင်လုပ်ရမယ်ဆိုတာကို ကြိုတင်စဥ်းစားထားနေပါပြီ။

ဒါပေမဲ့လည်း အမေအိုရဲ့ ဆန္ဒကို ဘယ်သူက ဘယ်အချိန်မှာ ဖြည့်ပေးနိုင်လဲဆိုတာ မြန်မာပြည်ရဲ့ ပြည်တွင်း စစ်ပွဲအဆုံးအဖြတ်‌ပေါ်မှာပဲ မူတည်နေပါတယ်။

“လွတ်လွတ်လပ်လပ်လည်း ပြန်နေချင်တယ်” လို့ ပြောလာတဲ့ အသက် ၈၅ နှစ်အရွယ် ဖရန်စစ္စကာရဲ့ စကားထဲမှာတော့ နေရပ်ပြန်နိုင်ဖို့နဲ့ မိသားစုနဲ့အတူ နေထိုင်နိုင်ဖို့ သူမရဲ့ ဆန္ဒက ထင်ဟပ်နေပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ