ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်စာသင်ကျောင်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ( ၃ ) ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့၊ နေ့လည် ၂ နာရီဝန်းကျင်အချိန် မြေပြင်မှာ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ရှောင်စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ သေဆုံးတာ ထိခိုက်တာရှိပါတယ်။ လောလောဆယ် ၃ ဦးသေဆုံးတာပဲ အတည်ပြုလို့ရပါတယ်။”လို့ ဦးဗညားက ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ကလေး ၃ ဦးဟာ ကျောင်းသားတဦး နဲ့ ကျောင်းသူနှစ်ဦး ဖြစ်တယ်လို့ စာရင်းအရ သိရပါတယ်။ အာဏာသိမ်းစစ်တပ်က Y12 အပြင် ဂျက်ဖိုက်တာနဲ့ဗုံးအလုံးရေ ၂၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒ့ါအပြင် ထိခိုက်ဒဏ်ရာရသူ ၅ ဦးရှိခဲ့ပြီး အသက် (၁၅) နှစ်အရွယ် ၊ အသက် (၁၆) နှစ်အရွယ် ၊ အသက် (၁၂) နှစ်အရွယ် ၊ အသက် (၁၃) နှစ်အရွယ်ရှိတဲ့ ကျောင်းသူ ၄ ဦးနဲ့ အသက် (၉) နှစ်အရွယ် ကျောင်းသား ၁ ဦး ဖြစ်ကြောင်း IEC စာရင်းအရ သိရပါတယ်။ ဒဏ်ရာရရှိသူထဲ ၁ ဦးက စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၃) ရက်နေ့ နံနက်အစောပိုင်းမှာလည်း အာဏာသိမ်း စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ အောက်တိုဘာလအတွင်း ကရင်နီပြည်က အရပ်သားပြည်သူတွေရှိရာနေရာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြင် အသေခံဒရုန်းနဲ့ ဗုံးကြဲတာတွေ ခပ်စိပ်စိပ်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။







