spot_img
Homeသတင်းဘောလခဲမြို့မှာ မီးတားလမ်း လုပ်အားပေးသူတဦး မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ခြေတစ်ဖက်ဆုံးရှုံး

ဘောလခဲမြို့မှာ မီးတားလမ်း လုပ်အားပေးသူတဦး မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ခြေတစ်ဖက်ဆုံးရှုံး

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှာ မီးဘေးကာကွယ်ရေးအတွက် မီးတားလမ်း လုပ်အားပေးမှာ ပါဝင်ရင်း အမျိုးသားတဦး မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံအမျိုးသားတဦးဆီက သိရပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုင်းနင်းမိသူဟာ ဘောလခဲမြို့ပေါ်က အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦးဖြစ်တယ်လို့ သိရပါတယ်။ မိုင်းနင်းမိသူ ဘယ်ဘက်ခြေထောက် ဖြတ်တောက်လိုက်ရတယ်လို့ ဆိုပါတယ်။

“လုပ်အားပေးသွားတယ်ပေါ့နော်။ ဘောလခဲမြို့ ကယားပိုင်းရပ်ကွက်က ရပ်မိရပ်ဖတွေကနေ နွေရာသီ မီးအန္တရာယ်ကာကွယ်ဖို့ မီးတားလမ်းကို ရွာအပြင်မှာ တနှစ်တကြိမ် ပုံမှန်လုပ်ကြတာရှိတယ်ပေါ့နော်။ အဲ့ဒါ ဦးလေးတစ်ယောက် အပေါ့သွားမယ်ဆိုပြီး သွားတာ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားတာပေါ့နော်” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

မီးဘေးအန္တရာယ်ကို စိုးရိမ်တာကြောင့် ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်နေကြပေမယ့် တစ်ဖက်မှာလည်း မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒေသခံပြည်သူတွေအတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ အဆိုပါဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

ဒါ့အပြင် မြေမြှုပ်မိုင်းကြောင့် တိရစ္ဆာန်တွေ မိုင်းနင်းမိပြီး ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ဖူးတယ်လို့ သူက ပြောပါတယ်။

လက်ရှိ ဘောလခဲမြို့ပေါ်မှာတော့ အာဏာသိမ်းစစ်အစိုးရရဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေ လည်ပတ်နေသလို စစ်ဘေးရှောင်ပြည်သူတချို့လည်း ပြန်လာနေထိုင်ကြတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ