spot_img
Homeသတင်းမြေငှားရမ်းပြီး ဆောင်းသီးနှံ စိုက်ပျိုးဖို့ စစ်ဘေးရှောင်တွေ ပြင်ဆင်

မြေငှားရမ်းပြီး ဆောင်းသီးနှံ စိုက်ပျိုးဖို့ စစ်ဘေးရှောင်တွေ ပြင်ဆင်

-

ကန္တာရဝတီတိုင်း ( မ် )

စားဝတ်နေရေးအတွက် ဒေသခံတွေဆီက မြေနေရာတွေ ငှားရမ်းပြီး အိမ်ထောင်စုအလိုက် စုပေါင်းကာ ဆောင်းသီးနှံတွေ စိုက်ပျိုးဖို့ ပြင်ဆင်နေကြတယ်လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ကိုယ်တိုင်စားသုံးနိုင်ဖို့နဲ့ ဈေးကြီးပေးဝယ်ရတဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ မြေငှားရမ်းပြီး တနိုင်တပိုင် စိုက်ပျိုးနေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“ကိုယ်ဝယ်စားတာ နည်းနည်းသက်သာအောင်၊ ဈေးတအားတက်တာနဲ့ နည်းနည်းသက်သာအောင်ဆိုပြီးတော့မှ ကိုယ့်ဟာကိုယ်စားဖို့ နည်းနည်းပါးပါးပဲ လုပ်ထားတယ်” လို့ သူက ပြောပါတယ်။

အလားတူ ဒေသခံတောင်သူတွေလည်း ဆောင်းသီးနှံစိုက်ပျိုးဖို့ ပြင်ဆင်နေကြပြီး နှစ်စဉ်စိုက်ပျိုးလေ့ရှိတဲ့ သီးနှံတွေကို ပြန်လည်စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ ကုန်ဈေးနှုန်းတွေ တဖြည်းဖြည်းမြင့်တက်လာတာကြောင့် အိမ်စားသုံးဖို့အတွက် ကိုယ်တိုင်သီးနှံစိုက်ပျိုးပြီး ဝယ်ယူစားသုံးရတဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ ကြိုးစားနေကြရတယ်လို့ တောင်သူအမျိုးသားတဦးက ပြောပါတယ်။

“တဖြည်းဖြည်းနဲ့ တခုပြီးတခု ဈေးက မြင့်တက်လာတော့ ကိုယ်လည်း အလုံအလောက်စားနိုင်ဖို့အတွက်နဲ့ ဝယ်စားစရာမလိုဖို့ ကျနော်တို့ အဲဒီလို အများကြီးလုပ်စေချင်တယ်” လို့ သူက ပြောပါတယ်။

ဆောင်းသီးနှံတွေအနေနဲ့ ကြက်သွန်နီ၊ နံနံပင်၊ မုန်ညင်း၊ ပဲသီးနဲ့ အခြားသီးနှံတွေကို စိုက်ပျိုးကြပြီး ကြက်သွန်နီစိုက်ပျိုးရာမှာတော့ ယခင်နှစ်က စိုက်ပျိုးထားတဲ့ ကြက်သွန်မျိုးတွေကို ပြန်လည်အသုံးပြုပြီး မျိုးချစိုက်ပျိုးကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကြက်သွန်နီမျိုးစေ့တဘူးကို ကျပ် ၁၂,၀၀၀ မှ ၁၅,၀၀၀ အထိရှိပြီး ကြက်သွန်နီမျိုးပင်တပိဿာကို ကျပ် ၁၅,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ