spot_img
Homeသတင်းလမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တနိုင်တပိုင်မွေးမြူထားတဲ့ ဝက်ရောင်းမထွက်လို့ စစ်ဘေးရှောင်တွေ အခက်တွေ့

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တနိုင်တပိုင်မွေးမြူထားတဲ့ ဝက်ရောင်းမထွက်လို့ စစ်ဘေးရှောင်တွေ အခက်တွေ့

-

ကန္တာရဝတီတိုင်း ( မ် )

လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် တနိုင်တပိုင် မွေးမြူထားတဲ့ ဝက်တွေကို ရောင်းချဖို့ ခက်ခဲနေတယ်လို့ ဝက်မွေးမြူရေးလုပ်ကိုင်နေတဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေက ပြောပါတယ်။

မွေးမြူထားတဲ့ ဝက်တွေထဲမှာ ပိဿာချိန်များတဲ့ ဝက်တွေကို ဝယ်ယူသူမရှိသလောက်ဖြစ်နေပြီး ဒီးမော့ဆို အရှေ့ခြမ်းနဲ့ အနောက်ခြမ်းဆက်သွယ်ထားတဲ့လမ်းကို သွားလာလို့မရတာကလည်း ရောင်းချဖို့ အခက်အခဲဖြစ်စေတယ်လို့ ဒီးမော့ဆို (ရှေ့) မြို့နယ်မှာ ဝက်မွေးမြူရေးလုပ်ကိုင်နေတဲ့ စစ်ဘေးရှောင်အိမ်ရှင်မတဦးက ပြောပါတယ်။

“ပိဿာများတဲ့ ဝက်တွေဆို အကုန်ရောင်းမထွက်ဘူးပေါ့။ ဝက်ရောင်းမထွက်တဲ့ အကြောင်းရင်းကလည်း ရှေ့ခြမ်း၊ နောက်ခြမ်း လမ်းမပေါက်လို့လည်း ပါတယ်” လို့ သူက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ ဝင်ငွေနည်းပါးတာနဲ့ အလုပ်အကိုင်ရှားပါးတာကြောင့် ဝက်မွေးမြူရေးကို တနိုင်တပိုင် စတင်လုပ်ကိုင်လာကြတာပါ။ ဒီလုပ်ငန်းကနေ တဖက်တလမ်း ဝင်ငွေရရှိဖို့နဲ့ ကိုယ်ပိုင်စုငွေတခု ရရှိဖို့ ရည်ရွယ်ကြတာဖြစ်ပါတယ်။ စားဝတ်နေရေးအတွက် ငွေကြေးလိုအပ်တဲ့အချိန်မှာ ဝက်တွေကို ဝယ်ယူသူမရှိတာကလည်း အခက်တွေ့စေတယ်လို့ ပြောပါတယ်။

လက်ရှိမှာလည်း ဝက်ကြီးတွေကို ဝယ်ယူသူနည်းပါးတာကြောင့် ဈေးကွက်ထဲ ရောင်းချဖို့ ခက်ခဲနေပြီး မွေးမြူရေးလုပ်ငန်းကနေ မျှော်မှန်းထားတဲ့ ဝင်ငွေမရရှိတဲ့အပြင် အရှုံးပေါ်မှာကိုလည်း စိုးရိမ်နေရတယ်လို့ ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“တော်တော်များများ ဝက်ကြီးဝယ်တဲ့သူ မရှိဘူး။ ဝက်နည်းနည်းကြီးရင် ဈေးကြီးတာတဖက်၊ ပေါ်စားလို့ ရောင်းမကုန်တာတဖက်ဆိုတော့ အရှုံးပေါ်ကုန်တော့ မဝယ်ကြတာ” လို့ သူက ပြောပါတယ်။

ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ ဝက်သားတပိဿာကို ကျပ် ၃၀,၀၀၀ ဝန်းကျင်ရှိပေမယ့် ဝယ်ယူသူနည်းပါးတာကြောင့် ဝက်မွေးမြူသူတွေဟာ ရောင်းချဖို့ အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ