spot_img
Homeသတင်းကရင်နီမှာ ၁နှစ်ကျော်အတွင်း အာဏာသိမ်းစစ်တပ် တိုက်ခိုက်မှုကြောင့် ကလေးငယ် ၃၀ ဦး သေဆုံး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးဖြစ်

ကရင်နီမှာ ၁နှစ်ကျော်အတွင်း အာဏာသိမ်းစစ်တပ် တိုက်ခိုက်မှုကြောင့် ကလေးငယ် ၃၀ ဦး သေဆုံး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးဖြစ်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်မှာ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ ၁ နှစ်ကျော်အတွင်း ကလေးငယ် ၃၀ ဦး သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှု အများဆုံးဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ စာရင်းအရ သိရပါတယ်။

ကလေးငယ်တွေဟာ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးခဲ့ရတာဖြစ်ပြီး အဲ့ဒီကာလအတွင်း ထိခိုက်ဒဏ်ရာရသူ ၉၀ ကျော်လည်း ရှိခဲ့တယ်လို့ KnHRG က ဆိုပါတယ်။

ထိခိုက်သေဆုံးခဲ့တဲ့ ကလေးငယ်အများစုဟာ ကျောင်းနေအရွယ်တွေဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့် ဆုံးရှုံးနေရသလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ရက်နေ့က လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ စာသင်ကျောင်းတကျောင်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ကျောင်းသား ၃ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အများအပြား စိတ်ဒဏ်ရာရရှိခဲ့တယ်လို့ ကျောင်းပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နောက်ပိုင်း စာသင်ကျောင်းအများစုကို ပိတ်ထားရပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပြန်လည်ကုစားနိုင်ဖို့လည်း စီစဉ်နေရတယ်လို့ လွိုင်ကော်မြို့နယ် အရှေ့ခြမ်းက အုပ်ချုပ်ရေးတာဝန်ရှိသူ အမျိုးသားတဦးက ပြောပါတယ်။

“ကလေးတွေရဲ့ စိတ်ဒဏ်ရာ ပြန်လည်ကုစားရေးအတွက် ဆောင်ရွက်ချက်တွေကိုတော့ အထက် IEC တို့ဆီ တင်ပြတာတော့ရှိတယ်။ လောလောဆယ်တော့ မလုပ်ဆောင်ရသေးဘူး” လို့ သူက ပြောပါတယ်။

IEC ပညာရေးဌာနရဲ့ နိုဝင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကရင်နီပြည်မှာ ကျောင်းသား ၃၂ ဦး သေဆုံးပြီး ၇၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။ ကျောင်းသားတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပညာသင်ကြားနေရပြီး ပြင်းထန်တဲ့ စိတ်ဒဏ်ရာတွေ ရရှိနေကြတယ်လို့ IEC က ဆိုပါတယ်။

ကလေးတွေကို ကျောင်းတွေမှာပညာသင်ကြားစေဖို့ မိဘတွေအနေနဲ့ စိတ်မချမှုတွေ ရင်ဆိုင်နေရတယ်လို့လည်း ဒီးမော့ဆိုမြို့နယ်ရှိ ကျောင်းသားမိခင်တဦးက ပြောပါတယ်။

“သူတို့ ကျောင်းသွားရင်လည်း စိတ်ပူရတယ်။ လေယာဉ်ထပ်လာမလားတို့ပေါ့။ အိမ်မှာပဲနေလည်း စာမတတ်၊ ပေမတတ်လည်း မဖြစ်စေချင်ဘူး။ အိမ်မှာဆို လေယာဉ်မကြဲဘူး၊ ကျောင်းမှာမို့လို့ မကြဲဘူးဆိုတာလည်း မရှိဘူး။ တော်တော်တကယ် ခက်ခဲတာ စဉ်းစားရတာ” လို့ အဆိုပါ ကျောင်းသားမိခင်က ပြောပါတယ်။

စာသင်ကျောင်းတွေနဲ့ အရပ်သားနေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေအပါအဝင် ကလေးသူငယ်တွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အာဏာသိမ်းစစ်တပ်ကို ထိရောက်စွာ အရေးယူပေးဖို့၊ ကလေးသူငယ်တွေရဲ့ အသက်ရှင်သန်ခွင့်၊ ဘေးကင်းလုံခြုံရေးနဲ့ ပညာသင်ကြားခွင့်တွေကို ကာကွယ်ပေးကြဖို့ IEC က တောင်းဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ