spot_imgspot_imgspot_imgspot_img
Tuesday, April 30, 2024
spot_imgspot_imgspot_imgspot_img

ကန့်ကွက်မှုရှိသည့် နောင်ယားကန်အနီး ရုံးတည်ဆောက်မည့်အပေါ် အာဏာပိုင်များ ဝင်ရောက်ရှင်းလင်း

Author

Date

Category

ခုတ်ထွင်ပြီးသား သစ်ပုံများကို တွေ့ရစဉ် ပုံ…နော်ဒွေးအယ်ခူ

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နောင်ယားကန်ရှိ ပေတစ်ရာကျော်ခန့်သာရှိသည့် သစ်တောဥယျာဉ်အတွင်း ပြည်နယ် ရင်းနှီးမြုပ်နှံမှူနှင့် ကုမ္ပဏီများ ညွန်ကြားမှူ ဦးစီးဌာနရုံးအား တည်ဆောက်မည်ဟုဆိုကာ ယနေ့တွင် ကျွန်းပင်များအား ခုတ်ထွင် ရှင်းလင်းနေကြသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ရ ရက်နေ့ကပင် ခုတ်ထွင်ရန် စီစဉ်ပြီး အရပ်ဖက်အဖွဲ့အစည်းများ၏ စောင့်ကြည့်မှူကြောင့် ယာယီရပ်ဆိုင်းသော်လည်း ယနေ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ရွှေထူးထက်ကုမ္ဗဏီနှင့် သစ်ခုတ်သမားများက လာရောက် ခုတ်ထွင်ရှင်းလင်းကြကြောင်း သိရသည်။

၎င်းသစ်တောဥယျာဉ်သည် နောင်ယားကန်၏ ရေဝေရေလဲကို ထိန်းသိမ်းပေးသည့် တစ်ခုတည်းသာ ကျန်ရှိသည့် သစ်တောဖြစ်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း နည်းပညာအထောက်အကူပြု ကွန်ယက်မှ ဒါရိုက်တာ ကိုကျော်ထင်အောင်က ပြောသည်။

 “ ပြည်နယ်အစိုးရက နောင်ယားကန်နဲ့ တကယ့်နီးစပ်တဲ့ နောင်ယားကန်ကို ထိန်းသိမ်းထားတဲ့ ဒီသစ်တော ဥယျာဉ်နေရာကို ချပေးခြင်းကတော့ လုံးဝ မချပေးသင့်ပဲ ချပေးတယ်လို့ပဲ ကျတော်တို့ သုံးသပ်ပါတယ်။ ဘာကြောင့် ကျတော်တို့ ဒီအပေါ်မှာကို တားဆီးနေရသလဲဆိုရင်တော့ အနာဂါတ် ကျတော်တို့ နောင်ယားကန်သည် ရေသေကန်လို ဖြစ်လာတဲ့ အနေအထားရှိတယ်။ အဲ့ဒါကြောင့်မို့လို့ ဒီလို ရေထိန်းတဲ့ သစ်တောဥယျာဉ်သာ မရှိဘူးဆိုရင် ရေခမ်းလာမဲ့အခြေအနေ ရှိတဲ့အတွက်ကြောင့်မို့လို့ ကျတော်တို့ နောင်ယားကန် ချစ်မြတ်နိုးတဲ့ သူတွေအနေနဲ့ကတော့ ဒီသစ်ပင်တွေကို မခုတ်ပဲနဲ့ လက်ရှိ ကုန်သွယ်ရေးဝင်းထဲမှာ နေရာအကျယ်ကြီး ရှိပါတယ်။ ဝန်ကြီးဌာနပိုင်မြေလည်း ဖြစ်ပါတယ်။ အဲ့ဒီမှာကို သွားရောက်ရွှေ့ပြောင်းဆောက်ဖို့အတွက်ကိုတော့ ကျတော်တို့ အကြံပြုထားပါတယ်။” ဟု ၎င်းက ပြောသည်။

၎င်းနေရာတွင် ရုံးနေရာ တည်ဆောက်မည်ဆိုပါက နောင်ယားကန်သည် ရေခမ်းလာမည့် အခြေအနေတွင် ရှိသည့်အတွက်ကြောင့် အခြားနေရာတွင် တည်ဆောက်ရန် အကြံပြုလိုကြောင်း ဒေသခံများက ဆိုသည်။

ယခင်နှစ်တွေ ၎င်းရုံးအတွက် ဧက ၅၀ဝ တွင်သော်လည်းကောင်း၊ ချိကယ်တွင် သော်လည်းကောင်း နေရာချထားပြီးသား ဖြစ်သော်လည်း မြို့နှင့်အလှမ်းဝေးသည်ဟုဆိုကာ နောင်ယားကန်အနီးရှိ သစ်တောဥယျာဉ်တွင် တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။ ထိုနေရာတွင် ရုံးတည်ဆောက်မည်ဆိုပါက နှစ် သုံးဆယ်ခန့် ရှိပြီဖြစ်သည့် ကျွန်း တစ်ဆယ့်နှစ်ပင်နှင့် သစ်မာ ကိုးပင်အား ခုတ်ထွင် ရှင်းလင်းရမည် ဖြစ်ကြောင်းသိရသည်။

နောင်ယားကန် ရေဝေရေလဲ သစ်တောမြေအဖြစ် ပေတစ်ရာသာ ကျန်ရှိနေပြီး ပေ ၈ဝ ကို ရုံးတည်ဆောက်ရန်အတွက် ရယူထားကြောင်း သိရသည်။

“ ကယားပြည်နယ်ရောက်ပြီဆို နောင်ယားကန်ကို ရောက်အောင် လာရောက်လည်ပတ်တဲ့ နေရာဖြစ်တဲ့အတွက် ဒီရေမခမ်းခြောက်သွားဖို့ ရေထိန်းနေတဲ့ သစ်တောဥယျာဉ်ကို မခုတ်သင့်ကြောင်းကိုတော့ ကျတော်တို့ ဖော်ပြမယ်။ ဒီအပေါ်မှာ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားမယ်ဆိုရင်တော့ ခုတ်ခွင့်ပေးတဲ့သူနဲ့ ဒီအပေါ်မှာ တာဝန်ရှိတဲ့ သူတွေက နောင်ယားကန်အပေါ်မှာ အပြစ်ရှိတဲ့သူတွေပဲ ဖြစ်သွားပြီးတော့ မြို့နေလူထုတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ဒီဒေသခံတွေရော ပြည်နယ်ရဲ့ သစ်ပင်ချစ်မြတ်နိုးတွေနဲ့ သဘာဝပတ်ဝန်းကျင်ချစ်သူတွေရဲ့ အငြိုအငြင်ကိုတော့ သူတို့ခံရပါလိမ့်မယ်ခများ “ ဟု ကိုကျော်ထင်အောင်က ဆက်ပြောသည်။

ပြီးခဲ့သည့် ၈ ရက်နေ့တွင် သစ်ပင်များအား အမှတ်အသားများ လာရောက်မှတ်သားထားပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ခုတ်ခွင့်အမိန့်ရရှိထားသည်ဟု ဆိုသော်လည်း ခွင့်ပြုမိန့် တရားဝင်စာအား ပြနိုင်ခြင်း မရှိကြောင်း ကိုကျော်ထင်အောင်က ပြောသည်။ ၎င်းကိစ္စနှင့် ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းများ အနေဖြင့် သမ္မတ ရုံးထံ စာပို့သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရွှေထူးထက် ကုမ္ဗဏီမှ တင်ဒါအောင်မြင်ထားပြီး ပြည်နယ်အစိုးရ၏ လမ်းညွန်မှူအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှူ ညွန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ကန္တာရဝတီတိုင်း(မ်)၏ ဖုန်းဖြင့် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

spot_img
spot_img

Recent posts