spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီအမျိုးသမီး ၁၆ ရက်တာ လှုပ်ရှားမှုပိတ်ပင်ခံရသည့်အပေါ် တက်ကြွလှုပ်ရှားသူတွေရဲ့ သုံးသပ်ချက် အချို့

Author

Date

Category

ကမ္ဘာတဝန်းက အသိအမှတ်ပြုထားတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့(၁၆) ရက်တာ လှုပ်ရှားမှုကို နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျင်းပလေ့ရှိပါတယ်။

ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာလည်း အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။

၁၆ ရက်တာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၂၅ ရက်နေ့မှာ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) က ဘောလခဲ မြို့နယ်၊ ချိကွဲ့ကျေးရွာမှာ ပြုလုပ်မဲ့အပေါ် ဒေသအာဏာပိုင်တွေက လာရောက်ပိတ်ပင်တားဆီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေရဲ့ သုံးသပ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

မော်ဘျားမာဦး – အတွင်းရေးမှုး – ၃ ( ကရင်နီအမျိုးသမီး အစည်းအရုံး( KNWO ))

ဒီဟာ(၁၆ ရက်တာ လုပ်ရှားမှု)က တကယ့်ကို တကမ္ဘာလုံးပေါ့နော လုပ်နေကြတဲ့အရာဖြစ်တယ်ပေါ့နော ဒီ ၁၆ ရက်တာ လုပ်ရှားမှု ဆိုတာက။ နောက်တစ်ခုက ဒီလိုမျိုး အကြမ်းဖက်မှု လျော့ချဖို့ရန်အတွက်ဆိုရင် အသိပညာ ပေးမှုတွေလည်း ကျမတို့ လုပ်ရမယ်ပေါ့နော။ နောက်တစ်ခုက ကျမတို့ ဒီကယားပြည်နယ်အတိုင်းအတာ အနေနဲ့ဆိုလို့ရှိရင် အကြမ်းဖက်မှုတွေက များတယ်ပေါ့နော။ အိမ်တွင်းအကြမ်းဖက်မှုတွေ နောက်တစ်ခုက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက ကျမတို့ အဖွဲ့အစည်းရဲ့ ဒေတာကို ကြည့်လိုက်မယ်ဆိုရင် ဒီနှစ်က ပိုပိုများလာတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ အဲ့လိုမျိုး အခြေအနေရှိတယ်ပေါ့နော။ အကြမ်းဖက်မှုတွေ လျော့ချဖို့ဆိုရင်လည်း အသိပညာပေးမှုတွေလည်း အများကြီး လုပ်ရမယ်ပေါ့နော။ ဒီလို နေ့ထူးနေ့မြတ်တွေလည်း ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ရမဲ့ အခြေအနေဖြစ်တယ်။ ဒါပေမဲ့ အခုအခြေအနေအရဆိုရင် အစိုးရက ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ လိုက်ပြီးတော့ ပိတ်ပင်နေတယ် တားဆီးနေတယ်ဆိုတော့ ဒီအမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ အခြေအနေမှာ သူတို့က ဒီအတိုင်းပဲ ထားတာလား။ နောက်တစ်ခုက ဒီလိုမျိုးအခြေအနေမှာ သူတို့ အားပေးတာလားဆိုတဲ့ အမြင်က ကျမတို့ အဲ့လိုပဲ မြင်တယ်ပေါ့နော။

——————————————————-

မော်ဒေးမြာ – အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ

ဒီလှုပ်ရှားမှုကို တကမ္ဘာလုံးက နေရာအသီးသီးမှာ နည်းလမ်းပေါင်းစုံနဲ့ လုပ်နေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ဥပဒေအရ အကန့်အသတ်တွေ ရှိနေလည်း အမျိုးသမီးတွေကတော့ သူ့နည်းသူ့ဟန်နဲ့ အံတုပြီး လုပ်နေကြတာပါပဲ။ အခြားပြည်နယ် တိုင်းတွမှာလည်း အခြား လှုပ်ရှားမှုပုံစံတွေလည်း အများကြီး လုပ်နေကြပါတယ်။ ခွင့်ပြုမိန့်ကို တင်စရာ မလိုပါဘူး။ ခု ဘောလခဲမှာ လာပိတ်ပင်တဲ့ ကိစ္စဆိုရင် ငြိမ်းစုစီကို သုံးပြီး လာပိတ်ပင်တယ်လို့ သိရပါတယ်။ ခွင့်ပြုမိန့်တင်တုန်းကလဲ အကြောင်း အမျိုးမျိုးပြပြီး လုံးဝ ခွင့်ပြုမိန့် မချပေးပါဘူး။ အဓိပ္ပါယ်ကတော့ မရရတဲ့ ဥပဒေနဲ့ ဖိနှိပ်မှာပဲ ဆိုတဲ့ သဘောထားမျိုှးရှိတယ်လို့ပဲ မြင်ပါတယ်။ ဥပဒေဆိုတာ ဘာလဲ။ အုပ်ချုပ်သူ လူတန်းစားကပဲ သူတို့ အကျိုးစီးပွားအတွက် လုပ်ထားတာဖြစ်လို့ ဥပဒေတိုင်းက တရားမျှတတယ်လို့ သတ်မှတ်လို့ မရပါဘူး။ ဥပမာ ငြိမ်းစုစီ ဥပဒေလိုဟာမျိုးပေါ့ ပြည်သူလူထုကို နှိပ်ကွပ်ချင်တဲ့အခါ ဒါမျိုး ဥပဒေကို လွယ်လင့်တကူ သုံးပြီး ဖိနှိပ်တာလို့ပဲ မြင်တယ်။ အခြားပြည်နယ်နဲ့ တိုင်းတွေမှာ လုပ်ခွင့်ရတယ် ကားမှာပဲ လုပ်ခွင့်မရဘူးဆိုရင်တော့ ရှင်းရှင်းလေးပါ။ ပြည်နယ်အစိုးရက အရပ်ဖက်အဖွဲ့အစည်းတွေ အမျိုးသမီးအဖွဲ့တွေကို ရန်သူလို သဘောထားနေတယ်လို့ မြင်ပါတယ်။ လက်နက်မရှိတဲ့ ပြည်သူတွေ အထူးသဖြင့် အမျိုးသမီးတွေကို ဘာတွေကိုကြောက်လို့ လိုက်ပိတ်ပင်သလဲ ဆိုတာ စဉ်းစားလို့ မရပါဘူး။ ပြည်နယ်အတွက် တကယ် အကျိုးဖြစ်ထွန်းစေမဲ့ ကိစ္စတွေကို သေချာ မစဉ်းစား မချင့်ချိန်ပဲ ဖျက်လိုဖျက်ဆီး လိုက်လုပ်နေတယ်လို့ မြင်ပါတယ်။

—————————————————–

မူလားကော်ရက်တီ – ကယန်းအမျိုးသမီး အစည်းအရုံး(KyWO) – အထေွထွေ အတွင်းရေးမှူး

အဓိကပေါ့နော အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့လို့ ကျမတို့ပြောတဲ့အခါမျိုးမှာဆိုရင် နိုင်ငံရေးနဲ့တော့ နည်းနည်း ဆက်စပ်တယ်။ ဒါပေမဲ့ ဒါက မဖြစ်မနေ ပိတ်ရတဲ့အထိတော့ မဖြစ်သင့်ဘူးလို့ ကျမတစ်ယောက်အနေနဲ့တော့ ဒီလို သုံးသပ်တယ်ပေါ့နော။ ဒီအစိုးရရဲ့ ဒီနောက်ပိုင်း လုပ်ဆောင်ချက်တွေက ပိုပြီးတော့ ဖြေလျော့လာတာထက်ပေါ့နော သေးသေးလေးတွေကစပေါ့နော ပိုကြပ်လာတယ် နိုင်ငံရေး လူငယ်အစုအဖွဲ့တွေသာမကပဲ အမျိုးသမီးတွေအပေါ်လည်း ဒီနောက်ပိုင်း သူတို့ ဦးတည်ချက်တွေ ပိုပြီးတော့ ထားလာတယ်ဆိုတဲ့ သဘောမျိုးနဲ့ ကျမကတော့ အဲ့လိုပဲ မြင်တယ်။ ပြီးတော့ ဒီလွှတ်တော်ထဲမှာ တကယ့် အမျိုးသမီးတွေအတွက် ကိုယ်စားပြုပြီးတော့ အသံပြုပေးနိုင်မဲ့ အမျိုးသမီး ကိုယ်စားလှယ်လေးတွေ မရှိနေသေးတာလည်း ဖြစ်နိုင်တယ်။နောက်ပြီးတော့ ဒီသက်ဆိုင်ရာ အစိုးရဌာနတွေမှာပေါ့နော တကယ့်ကျမတို့ အမျိုးသမီးတွေအတွက် စကားပြောပေးမဲ့ အမျိုးသမီးတွေအသံကို ဦးဆောင်ပေးမဲ့ ကိုယ်စားလှယ် အမျိုးသမီး ဝန်ထမ်းတွေ အစိုးရဝန်ထမ်းတွေ လွှတ်တော်တွေ မတက်နိုင်သေးတော့ ပိုပြီးတော့ ဆိုးရွားတဲ့အခြေအနေတစ်ခုလို့ သုံးသပ်ပါတယ်။

————————————————————

မော်အယ်ဝါး – အထွေထွေ အတွင်းရေးမှုး ( မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU))

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဆိုတာ အစိုးရက အဓိကလုပ်ရမဲ့ တာဝန်ရှိတဲ့အရာ။ ဒီအရာကို တခြားလူမှု အဖွဲ့အစည်းတွေ များများလုပ်နိုင်အောင်လည်း လိုလိုလားလား အားဖြည့် တွန်းအားပေးဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ အကြမ်းဖက် ခံနေရတဲ့ အမျိုးသမီးတွေကို အမျိုးသမီးအဖွဲ့တွေက ကူညီဖြေရှင်းပေးတာကို ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်မှု၊ပံ့ပိုးမှု ဘာတစ်ခုမှ မပေးတဲ့အပြင်ကို အခုလို KNWO က လုပ်တဲ့ အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု အခမ်းအနားမှာ အစိုးရက တားဆီးပိတ်ပင် နှောင့်ယှက်တာဟာ လုံးဝ အာဏာရှင်ရဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါကို လုံးဝ ရှုံ့ ချတယ်။ ကယားပြည်နယ်အစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ဖြည့်ဆည်းဖို့အတွက် အရမ်းပျက်ကွက်ခဲ့တယ်။ ပိုဆိုးတာထိလွယ်ရှလွယ်တဲ့ အမျိုးသမီးတွေနဲ့ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုရန်ကနေ ကာကွယ်မယ့်အစား အခုလိုပိတ်ပင်တားဆီးတာဟာ အမျိုးသမီးနဲ့ကလေးအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ပြည်နယ်အစိုးရအနေနဲ့ ထပ်မံကျူးလွန်သလိုဖြစ်တယ်။ ပြည်နယ်အစိုးရအနေနဲ့ ဒီမိုကရေစီအစိုးရစစ်မှန်ရင် ပြည်သူတွေရဲ့အသံ၊ ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ အမျိုးသမီးတွေရဲ့အသံကို ကိုယ်စားပြုဖို့ လိုအပ်တယ်။ သက်သေပြဖို့လိုတယ်။

spot_img
spot_img

Recent posts