ကန္တာရဝတီတိုင်း(မ်)
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာရှင်ကို တော်လှန်ဖို့ အစိုးရဝန်ထမ်းတွေက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြသလို ကျောင်းသားလူငယ်တွေကလည်း CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ အာဏာသိမ်းပြီး လပိုင်းအတွင်းမှာပဲ ကရင်နီမှာ ဒေသတွင်းတိုက်ပွဲတွေလည်း ဖော်ဆောင်လာလို့ လူထုတွေက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။
ဒီအခြေအနေတွေကြောင့် ပညာသင်ကြားရေးတွေ ရပ်တန့်သွားခဲ့တဲ့အတွက် ကျောင်းသူကျောင်းသား အများစု ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ လူထုအခြေပြု ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေနဲ့ သင်ကြားသင်ယူမှု ပြတ်တောက်မသွားစေဖို့ ရပ်ရွာလူထုတွေက ကိုယ်တိုင် ကြိုးစားခဲ့ကြပါတယ်။
အခုဆိုရင် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကလည်း ပညာရေးဌာနကို ဖွဲ့စည်းထားလိုက်ပြီး ပြည်သူ့အခြေပြု ကျောင်းတွေ၊ တိုင်းရင်းသား ပညာရေးအစုအဖွဲ့တွေ၊ ဘာသာရေးအခြေပြုကျောင်းတွေနဲ့ တခြားသောပညာရေးအစုအဖွဲ့တွေ ပူးပေါင်းပြီး မူဝါဒရေးဆွဲတာ၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်တာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ကရင်နီပြည်တွင်း ကြားကာလ ပညာရေးကဏ္ဍရဲ့ လက်ရှိအခြေအနေတွေ၊ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ IEC ပညာရေးဌာနရဲ့ ဒုဌာနမှူး-၃ ဦးညီညီဇော်ကို ကန္တာရဝတီတိုင်း(မ်) က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ အရင်ဆုံးအနေနဲ့ IEC ပညာရေးဌာနရဲ့ လက်ရှိလုပ်ငန်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို အကျဉ်းချုပ်လေးပြောပြပေးပါဦး။

ဖြေ။ ။ ဟုတ်ကဲ့။ IEC ပညာရေးဌာနအနေနဲ့ ကြားကာလမှာ ကလေးတွေ ပညာသင်ယူခွင့်၊ အခွင့်အရေးရရှိဖို့နဲ့၊ ဆရာ၊ဆရာမတွေ အခွင့်အရေးရရှိနိုင်ဖို့ အစွမ်းကုန် တတ်နိုင်သမျှတော့ ကြိုးစားနေတယ်။ ဒီကာလမှာ ကရင်နီမှာတော့ IEC ပညာရေးဌာနအနေနဲ့ ကျောင်းပေါင်း ၄၇၀ ပေါ့နော်။ ဆရာ၊ဆရာမကတော့ ၄၆၀၀ ကျော် ရှိပါတယ်။ ကျောင်းသားပေါင်းကတော့ ၅ သောင်းကျော်။ အဲ့လိုဆိုတော့ ဒီကျောင်းတွေ ဆရာ/ဆရာမတွေ၊ ကျောင်းသားတွေအတွက် အထောက်အပံ့ရနိုင်မယ့်နည်းလမ်းတွေတော့ အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ကျောင်းတွေကိုတော့ ကျနော်တို့ IEC ပညာရေးဌာနအနေနဲ့ ကျောင်းမှတ်ပုံတင်တာတွေ ဆောင်ရွက်ပါတယ်။ ဆရာ/ဆရာမတွေကိုလည်း ၃ လ တကြိမ် ထောက်ပံ့တာမျိုး ဆောင်ရွက်ပေးနေပါတယ်။ ပြီးတော့ ကျောင်းသားတွေရဲ့ စာအုပ်စာတမ်းရရှိနိုင်ဖို့၊ သင်ထောက်ကူရရှိနိုင်ဖို့တွေလည်း များစွာ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီကြားကာလမှာတော့ တတ်နိုင်တဲ့ဖက်ကနေတော့ ဆောင်ရွက်နေပါတယ်။ အစစအရာရာ ရှေ့ဆက်ပြီးတော့ပေ့ါ။
မေး။ ။ IEC ပညာရေးဌာနနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတဲ့ မြေပြင်ကကျောင်းတွေက ကရင်နီမှာဆိုရင် ဘယ်လောက်အတိုင်းအတာထိ လက်လှမ်းမီနိုင်ပြီလဲ။ ချိတ်ဆက်ဆောင်ရွက်ဖို့ ဘယ်လောက် အတိုင်းအတာအထိ ကျန်နေသေးလဲ။
ဖြေ။ ။ လောလောဆယ် ကြားကာလအုပ်ချုပ်ရေးကောင်စီပေါ့နော်။ ဒီIEC ပညာရေးဌာနအနေနဲ့ ကျောင်းတွေကို လက်လှမ်းမီမှုတော့ တော်တော်များများရှိပြီလို့ ပြောလို့ရတယ်။ အစီအမံအရတော့ ကရင်နီမှာ ၁၇ မြို့နယ် ဖွဲ့ထားတယ်။ IEC ပညာရေးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်တာတော့ လောလောဆယ်မှာ ၁၃ မြို့နယ်။ ၁၃ မြို့နယ်မှာလည်း မြို့နယ်ပညာရေးမှူးတွေ ခန့်အပ်တယ်။ အချို့ ကျန်နေတဲ့ ၃ မြို့နယ်ရယ်၊ ပူးပေါင်းအုပ်ချုပ်ရေးတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေတာမျိုး ရှိတဲ့အတွက်ကြောင့် လက်လှမ်းမီမှုတော့ တော်တော်များတယ်လို့ ပြောလို့ရပါတယ်။ ဘာလုပ်လို့လဲဆိုရင် သက်ဆိုင်ရာမြို့နယ်တွေမှာလည်း မြို့နယ်ပညာရေး Focal တွေ ခန့်အပ်ပြီးတော့ မြေပြင်နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်တဲ့အတွက်ကြောင့်ပေါ့နော်။ တော်လှန်ရေးကာလလည်း ၅ နှစ်တာ ရှိလာပြီဆိုတဲ့အခါမှာ အစစအရာရာ အချို့သောပညာရေး အစုအဖွဲ့တွေရဲ့ ဦးဆောင်မှုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မှုကြောင့် လက်လှမ်းမီမှုတော့ အများကြီး ဆောင်ရွက်နိုင်တယ် လို့တော့မြင်တာပေါ့နော်။
မေး။ ။ ဒီ ၂၀၂၄ နိုဝင်ဘာလတုန်းက ဆရာတို့ ကရင်နီပြည် ကြားကာလ ပညာရေးမူဝါဒကို စတင်ပြဌာန်းခဲ့တယ်။ အခုနဲ့ဆိုလို့ရှိရင်တော့ တနှစ်ကျော်သွားပြီပေါ့။ တနှစ်ကျော်အတွင်းမှာ ဒီမူဝါဒကို လက်တွေ့အကောင်အထည်ဖော်တဲ့အခါ ဘယ်လိုမျိုး တိုးတက်မှုတွေ၊ အောင်မြင်မှုတွေ ရှိခဲ့ပြီလဲဆိုတာ မျှဝေပေးပါဦး။
ဖြေ။ ။ ကြားကာလ ပညာရေးမူဝါဒ ချမှတ်ထားတဲ့ မူဝါဒအပေါ်မှာ လိုက်ပြီး အကောင်အထည်ဖော်တဲ့အခါမှာ အားနည်းချက် အချို့လည်း ရှိတာပေါ့နော်။ တခါတလေမှာ မူဝါဒချမှတ်ထားပြီးတော့ လိုက်ပြီး အကောင်အထည်ဖော်ရတဲ့အခါမှာ ကျနော်တို့ အလုံးစုံဆောင်ရွက်နိုင်တာတွေ ရှိတယ်။ ဒါကလည်း စနစ်ကို ပြောင်းလဲတဲ့အခါ ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ HR (human resources) ရှားပါးမှုပေါ့နော်။ ငွေကြေး၊ အထောက်အပံ့တွေ အဲတာကြောင့်လည်း ပါတာရှိပါတယ်။ ၂ နှစ်ပြည့်ရင်တော့ ပြန်လည်ပြီးတော့ သုံးသပ်တာတို့၊ review လုပ်တာတို့ ဆောင်ရွက်ဖို့တွေပေါ့နော်။ တချို့မူဝါဒမှာမပါပေမဲ့ ဒီထက်မက ဆောင်ရွက်နိုင်တဲ့လုပ်ငန်းတွေလည်း အများကြီး ရှိတာကို တွေ့ရှိရတယ်။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေဟာ တခဲနက်အားရကျေနပ်မိတာ ရှိပါတယ်။ ပညာရေးမူဝါဒမှာတော့ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားတယ်။ ဒီမှာလည်း သင်ရိုးညွှန်းတမ်းတွေ ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ ဒီအရည်အသွေး တိုးတက်နိုင်ဖို့ ဆောင်ရွက်မယ့်နည်းလမ်းတွေပါတယ်။ ပြီးရင် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို အခြေခံပြီး နောက်သွားမယ့် ပညာရေးစနစ်မှာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ရမယ့်ဟာတွေ ပါတဲ့အခါမှာ အများစု အကောင်အထည်ဖော်နိုင်တာကိုတော့ တွေ့ရှိရတယ်။ အခက်အခဲတချို့တော့ ကျန်ရှိနေသေးတယ်။ ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုရင် မူဝါဒကို ပြန်လည်ပြီး ဆန်းစစ်ပြီးတော့ ပြန်သုံးသပ်ရမှာ ဖြစ်တယ်ဆိုတာလေးကိုလည်း ပြောချင်ပါတယ်။
မေး။ ။ ဒီမတ်လတုန်းက ဆရာတို့ အစီရင်ခံစာ ထွက်ထားတာလည်း ရှိတယ်။ အဲမှာ ဒီ ၂၀၂၅ ခုနှစ်အတွင်းမှာ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေ၊ ဒီမူဝါဒပိုင်းဆိုင်ရာတွေ၊ ကျောင်းသားဗဟိုပြု သင်ကြားရေး စနစ်တွေ။ ဒါတွေကို အောင်မြင်မှုရခဲ့တယ်ဆိုပြီးတော့မှ ဆရာတို့ ပြောထားတာရှိတယ်။ ဒီနိုင်ငံတကာနဲ့ ချိတ်ဆက်မှုလို့ ပြောတဲ့အခါမှာ ဒါလေးကို ထင်သာမြင်သာရှိအောင် ဒါဘယ်လိုမျိုး အောင်မြင်မှုရခဲ့တာလဲ ဆိုတာကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ နိုင်ငံတကာနဲ့ ချိတ်ဆက်မှုလို့ ပြောတဲ့အခါမှာ ဒီကာလမှာတော့ ကျနော်တို့ကျောင်းတွေဟာ ပြည်သူ့ကျောင်းလို့ ပြောလို့ရတယ်၊ ကိုယ်ထူကိုယ်ထကျောင်းလို့ ပြောလို့ရတယ်။ ဒီပြည်နယ်အနေနဲ့ တာဝန်ယူရတဲ့ ကျနော်တို့အနေနဲ့လည်း ပြည်ပအလှူရှင်တွေကို အားကိုးရတယ်။ ထိုနည်းတူစွာပဲ ကျနော်တို့ EU တို့၊ World Bank တို့၊ UNESCO တို့၊ UNICEF တို့ စတဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့ အားကိုးအားထားပြုပြီးတော့ တိုင်းရင်းသားပညာရေးတွေကို တိုးတက်နိုင်ဖို့ကို အများကြီး ကြိုးစားရတာ ဖြစ်တယ်။ အဲ့ဆိုတော့ ဒီအဖွဲ့အစည်းတွေကို ကျနော်တို့ ပြည်နယ်ရဲ့ပညာရေးကို ယုံကြည်မှုရှိလာအောင်တော့ ကျွန်တော်တို့ များစွာချပြနိုင်ခဲ့တာကို ပြောလို့ရပါတယ်။
တချို့တော့ အဖွဲ့အစည်း ဆယ်သဲဖောင်ဒေးရှင်းဖြစ်ဖြစ်၊ RISE တို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်နေတဲ့ ပညာရေးအဖွဲ့အစည်းတွေနဲ့လည်း ယုံကြည်မှုရရှိအောင် MOU ထိုးပြီးတော့ ကျနော်တို့ ပြည်နယ်ရဲ့ပညာရေး ဘာပဲဖြစ်ဖြစ် တိုးတက်လာနိုင်ဖို့အတွက်ကို ပြောဆိုဆက်ဆံနေတာတွေ ရှိပါတယ်။ ဒါတွေက ကျနော်တို့ ပြည်နယ်ပညာရေးရဲ့ အောင်မြင်မှုလို့လည်း ပြောလို့ရတယ်။ ကိုယ့်ပြည်နယ်ရဲ့ ပညာရေးကိုသိရှိနိုင်မှ လူထုတွေရဲ့ယုံကြည်မှုကို ရရှိမှာဖြစ်တယ်။ ဒါကြောင့်မို့လည်း ဒီအစီရင်ခံစာမှာ ဒီလိုရေးပြီး ဖော်ပြထားခြင်းဖြစ်ပါတယ်။
မေး။ ။ ဒီလူ့အရင်းအမြစ်အားနည်းမှုနဲ့ ပတ်သက်ပြီးတော့မှ ပြောထားတယ်ပေါ့နော်။ ဒီကာလမှာ သင်ကြားရေးပိုင်း လူ့အရင်းအမြစ်တွေ လုံလောက်အောင် ဆရာ၊ဆရာမတွေကို ဘယ်လိုမွေးထုတ်ပေးနေလဲ။ ပြီးတော့ ရှိနှင့်ပြီးသား ဆရာ/ဆရာမတွေကို သူတို့ရဲ့ အရည်အသွေး တိုးတက်ဖို့ ဘယ်လိုမျိုး ပံ့ပိုးကူညီတာတွေကို လုပ်ဆောင်ပေးနေပါသလဲ။
ဖြေ။ ။ လူသားအရင်းအမြစ် မလုံလောက်မှုဆိုတာလေးကို ကျနော်ပြောလိုက်မိတယ်။ ဒီကာလမှာ ဆရာ / ဆရာမတွေက ဘဝရပ်တည်နိုင်ဖို့က ကျနော်တို့ တော်လှန်ရေးစိတ်ဓာတ် အပြည့်နဲ့ပဲ ဆောင်ရွက်နေမှသာလျှင် ကျနော်တို့ ကရင်နီရဲ့ပညာရေးက အောင်မြင်မှာ ဖြစ်တယ်။ အဲ့လိုဆိုတဲ့အခါကျတော့ ဆရာ/ဆရာမတွေထဲမှာ ကျနော်တို့ CDM တွေ ရှိတယ်၊ ကြံ့ကြံ့ခံပြီး ကြိုးစားပေးနေတဲ့ ဆရာ/ဆရာမတွေပေါ့။ ဒါပြီးရင် ဆရာ/ဆရာမ အသစ်တွေ၊ Volunteer တွေလည်း ရှိတယ်။ ဒါက ကျနော်တို့ ပြည်နယ်ရဲ့ ပညာရေးအရည်အချင်း တိုးတက်နိုင်ဖို့ဆိုတာ ဆရာ/ဆရာမတွေကို အရည်အသွေး တိုးတက်ဖို့က အခရာကျတယ်။ ဒါကိုလည်း ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ဘယ်လိုဆောင်ရွက်မှုတွေလုပ်လဲဆိုရင် pre-service ပေါ့နော် in-service ပေါ့။ ဆရာ/ဆရာမတွေကို သင်တန်းတွေ များစွာပေးရတယ်ပေါ့နော်။ ဒီနှစ်ပညာသင်နှစ်မှာ ဘယ်လောက် ပေးထားနိုင်သလဲဆိုရင် ကျနော်တို့ ၄၂၂ ဦး ပေးထားနိုင်တယ်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ။ ဒါပြီးရင် ကျောင်းအုပ်ကြီးတွေပေါ့နော်။ ဆရာကြီး/ဆရာမကြီးတွေရဲ့ အရည်အသွေး၊ စီမံခန့်ခွဲမှု တိုးတက်နိုင်ဖို့အတွက်လည်း ကျနော်တို့ Head teacher ပေါ့နော် သင်တန်းကို ၉၀ ကျော် ပေးထားနိုင်ပါတယ်။ အခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ဆုံးပိုင်း နွေရာသီမှာလည်း အထက်တန်းဆင့် ဆရာ၊ဆရာမ ၂၀၀ ကျော် ကျနော်တို့ပေးဖို့ အခု စီစဉ်နေပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ၂ နေရာတော့ ပေးနေပါပြီ။ ဒါကတော့ ဆရာ/ဆရာမတွေရဲ့ အရည်အသွေး တိုးတက်နိုင်ဖို့ကို ကျနော်တို့ Volunteer ဆရာ/ဆရာမတွေကို မွေးထုတ်နေတယ်လို့ ပြောလို့ရပါတယ်။
ထိုနည်းတူစွာပဲ ကျနော်တို့ ဆယ်သဲကောလိပ်ဆိုတာလည်း ရှိတယ်။ အဆင့်မြင့်ပညာရေးကဏ္ဍမှာ ဖော်ဆောင်နေတဲ့ ကျောင်းပေါ့နော်။ ဒါပြီးရင် ကရင်နီပညာရေးဒီဂရီကောလိပ် EDCK။ ဒါတွေကလည်း ကျနော်တို့ IEC ပညာရေးဌာနနဲ့ MOU ထိုးဖို့ ဆောင်ရွက်နေပြီ ဖြစ်တယ်။ ဒီကောလိပ် ၂ ခုကနေလည်း ရှေ့လျှောက် ကရင်နီရဲ့ ပညာရေးအတွက် လိုအပ်တဲ့ ဆရာ/ဆရာမအသစ်တွေ မွေးထုတ်ပေးနိုင်ဖို့အတွက်ကို များစွာ ပြင်ဆင်နေတာကိုလည်း ထပ်လောင်းပြီး ပြောပြလိုပါတယ်။
မေး။ ။ ဒီအခြေခံပညာရေးမူဝါဒထဲမှာ ပြောထားတဲ့ အခြေခံပညာရေးကို အခမဲ့ဆောင်ရွက်ပြီးတော့မှ ဒီအလယ်တန်းဆင့်ထိကို မသင်မနေရ ပညာရေးစနစ်အဖြစ် ဆောင်ရွက်ရမယ်ဆိုပြီးတော့မှ ပြဌာန်းထားတဲ့ထဲမှာ အခု မြေပြင်မှာရော ဒီမူဝါဒကို ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်ပြီလဲ။ တဆက်တည်းမှာပဲ ဘာလိုအပ်ချက်တွေ ရှိနေသေးလဲဆိုတာကိုလည်း မျှဝေပေးပါဦး ဆရာ။
ဖြေ။ ။ ဒီမူဝါဒမှာတော့ အခမဲ့ မသင်မနေရ အလယ်တန်းဆင့်ထိတော့ ကျနော်တို့ ထည့်သွင်း ဆွေးနွေးခဲ့တာပေါ့နော်။ ကျနော်တို့ ကရင်နီပညာရေးရဲ့အိပ်မက်လို့ ပြောရမှာပေါ့။ ဒါပေမယ့် မြေပြင်မှာ တကယ်အကောင်အထည်ဖော်တဲ့အခါမှာ ဆရာ/ဆရာမတွေကို ကျနော်တို့ လစဉ်လတိုင်း ထောက်ပံ့နိုင်ပေမယ့် ငွေကြေးက ဒီကာလ စားဝတ်နေရေးနဲ့ အခက်အခဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒီမှာလည်း လိုအပ်ချက်ရှိတယ်။ သင်ကြားသင်ယူမှုမှာလည်း ကျနော်တို့ teaching materials စာရေးကိရိယာတွေ၊ ကျောင်းအသုံးအဆောင်၊ သင်ထောက်ကူတွေကို ကျနော်တို့ ထောက်ပံ့တယ်။ ဒါပေမယ့် ကျနော်တို့ ဒီကျောင်းပေါင်း ၄၀၀ ကျော် ၅၀၀ နီးနီးကို ပေးအပ်ရတဲ့အခါမှာ အခက်အခဲတွေရှိတယ်၊ လိုအပ်ချက်တွေရှိတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကျောင်းတွေမှာလည်း များစွာ အခက်အခဲရှိတာပေါ့နော်။ ဒါကိုလည်း ရှေ့မှာ ကျနော်ပြောခဲ့သလိုပဲ မိဘတွေက ကိုယ်ထူကိုယ်ထပြည်သူ့အခြေပြုကျောင်းဆိုပေမဲ့ ပြည်သူတွေပါဝင်ပြီးတော့ ရပ်တည်နိုင်မယ့်ကျောင်းတွေ ဖြစ်နေတုန်းပဲ။ ဒါကြောင့် အခမဲ့လို့ပြောတာထက် မိဘတွေဖက်က သူတို့ပါဝင်နိုင်တဲ့ နှုန်းလေးတွေပေါ့နော်၊ အလှူငွေလေးတွေ ပေးအပ်ပြီးတော့ ခဲရာခဲဆစ်နဲ့ ဆောင်ရွက်ပြီးတော့မှ ဖွင့်လှစ်နေကြရတာပေါ့။ အကုန်လုံး အခမဲ့ရယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ အချို့လိုအပ်ချက်တွေတော့ ဆရာ/ဆရာမတို့လည်း သိရှိမှာဖြစ်တယ်လို့ ကျနော် ပြောကြားချင်ပါတယ်။
ကျောင်းတွေမှာတော့ ကျောင်းတွေ တာဝန်ယူနိုင်မယ့် မိမိရဲ့သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေးကောင်စီတွေကိုတော့ တပြည်နယ်လုံး အများစုပေါ့နော်၊ ဖွဲ့စည်းပြီးပြီ ဖြစ်တယ်။ ဒါကြောင့်လည်း မိမိကျောင်းရဲ့ တိုးတက်ရာ၊ တိုးတက်လမ်းကြောင်းကို ဒီကျောင်းအုပ်ချုပ်ရေးကောင်စီရဲ့ authority နဲ့ ဖွင့်လှစ်နေကြတာဖြစ်တဲ့အတွက်ကြောင့် ဒါတွေကလည်း နောက်မှတော့ ဒီအခမဲ့ပညာရေးစနစ်ဆိုတာကတော့ ပြည်သူတွေ အကောင်အထည်ဖော်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။
မေး ။ ။ အကြောင်းအမျိုးမျိုးကြောင့် ဒီအလယ်တန်းအဆင့်ထိ မပြီးဘဲနဲ့ ကျောင်းထွက်သွားတဲ့သူတွေလည်းရှိတယ်လို့ သိရတယ်။ ကျောင်းထွက်နှုန်းတွေ လျော့ကျဖို့ ဆရာတို့ဖက်က ဘယ်လိုမျိုး ကြိုးစားမှုတွေရှိလဲ။ ပြီးတော့မှ ဒီလိုကျောင်းတပိုင်းတစနဲ့ ထွက်သွားတဲ့သူတွေအတွက် ကရင်နီမှာဆိုလို့ရှိရင် တခြားဘယ်လိုမျိုး အခွင့်အလမ်းတွေ ရှိဦးမလဲ။ နောက်ထပ်ပညာရေးအတွက်ပဲဖြစ်ဖြစ်၊ သက်မွေးပညာအတွက်ပဲဖြစ်ဖြစ်ပေါ့နော်။
ဖြေ။ ။ များစွာအရေးကြီးတယ်ပေါ့နော်။ အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းအဆင့်နဲ့ ထွက်သွားရတဲ့ ကလေးတွေ ရှိတယ်။ အထက်တန်းတက်ခါစနဲ့ ထွက်သွားရတဲ့ ကလေးတွေ ရှိတယ်။ ဒါတွေကလည်း ကျနော်တို့ပြည်နယ်ရဲ့ ပညာရေးစိန်ခေါ်မှုလို့ ပြောလို့ရတယ်။ ဒါကိုတော့ IEC ပညာရေးဌာနအနေနဲ့ ပညာရေးဌာန စတင်ဖွဲ့စည်းကတည်းက ကျနော်တို့ ပြင်ဆင်ထားတာတော့ ရှိတယ်။ ဒီအခြေခံပညာရေးဌာနခွဲ၊ အဆင့်မြင့် ပညာဌာနခွဲ၊ သက်မွေးပညာဌာနခွဲ ဆိုပြီးတော့ပေါ့နော်။ အဲ့လိုဆိုတော့ ကျနော်တို့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေ ပေးနိုင်အောင်တော့ များစွာကြိုးစားနေပါတယ်။ ဒီလို ကြိုးစားနေတဲ့အခါမှာလည်း IEC ပညာရေးဌာန အနေနဲ့ သက်မွေးကျောင်းတွေ မဖွင့်လှစ်နိုင်ပေမယ့် အပြင်မှာရှိတဲ့ ကျောင်းတွေ၊ သက်မွေးကျောင်းတွေ ဖွင့်တဲ့ကျောင်းတွေ များစွာရှိနေတာကိုလည်း တွေ့ရှိရတယ်။ ဒီကျောင်းတွေကို IEC ပညာရေးဌာနအနေနဲ့ ကျနော်တို့ တတ်နိုင်သမျှ ထောက်ပံ့ပေးပြီးတော့၊ ချိတ်ဆက်ပြီး ကလေးတွေ ပညာသင်ယူနိုင်မယ့် အခွင့်အလမ်းပေါ့နော်၊ အခြေခံပညာ မပြီးတဲ့ကလေးတွေ ဒီအခွင့်အလမ်း ရရှိနိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်နေတာလေးတွေ ရှိပါတယ်။ အခု ဒီကလေးတွေကို အလုပ်လုပ်နေရင်းနဲ့ အခြေခံပညာပြီးနိုင်မယ့် ပညာရေးနည်းလမ်း ဖော်ဆောင်ဖို့လည်း အစီအစဉ်ရှိပါတယ်။ ဘယ်လိုလဲဆိုရင် တချို့သူတွေ လမ်းတဝက်တပျက်နဲ့ ကျောင်းမတက်ရနိုင်တဲ့ ကလေးတွေအတွက် ကျနော်တို့ အခြေခံပညာ စစ်ဆေးနိုင်မယ့် test center ဖွင့်လှစ်ဖို့ ရှိတယ်။ အဲဒီ test center မှာ လာပြီးတော့ ကလေးတွေက ဖြေဆိုမယ်ဆိုရင် အခြေခံပညာပြီးမြောက်သွားမယ့်လက်မှတ်မျိုးရရှိပြီး တက္ကသိုလ်တွေကို ဆက်လက် တက်ရောက်နိုင်မှာဖြစ်တယ်။ ဒါကလည်း မြေပြင်မှာရှိတဲ့ ဆရာမမေးတဲ့ ကလေးတွေအပါအဝင် ကျနော်တို့ Volunteer ဆရာ/ဆရာမတွေပဲ ဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပညာရေးမပြီးဆုံးသေးတဲ့ကလေးတွေအားလုံး ပါဝင်ဖြေဆိုပြီးတော့ ဆောင်ရွက်နိုင်မယ့် နည်းလမ်းမျိုးကို ၂၀၂၆-၂၀၂၇ မှာ အကောင်အထည်ဖော်ဖို့တော့ ကျနော်တို့ ကြိုးစားနေပါတယ်။
မေး။ ။ အခြေခံကျောင်းပြီးသွားတဲ့ ကျောင်းသူ/ကျောင်းသားတွေလည်း ရှိတယ်ပေါ့နော်။ သူတို့တွေက နောက်ထပ်အဆင့်မြင့်ပညာရေးကို ဆက်ပြီးတက်လှမ်းနိုင်ဖို့ဆိုလို့ရှိရင် ကရင်နီမှာ ဘယ်လိုမျိုး အခွင့်အလမ်းတွေ၊ လမ်းကြောင်းတွေ ရှိလဲ။ ပြီးတော့ ဆရာတို့ သိရသလောက် ကျောင်းသားတွေရဲ့ ဒီအဆင့်မြင့်ပညာရေးကို လက်လှမ်းမီမှု အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဒီအခြေခံပညာ ပြီးသွားတဲ့ ကလေးတွေအနေနဲ့ အဆင့်မြင့်ပညာရေးကျောင်းတွေ တက်ရောက်နိုင်ဖို့ ကရင်နီမှာတော့ အဆင့်မြင့်ကျောင်းဆိုပြီး ကျနော်တို့ IEC ပညာရေးဌာနနဲ့ ချိတ်ဆက်ထားတဲ့ ကျောင်း ၁၀ ကျောင်းလောက် ရှိပါတယ်။ တချို့တချို့သော alternative ကျောင်းတွေလည်း များစွာရှိပါတယ်။ ဒါတွေကို တက်ရောက်နိုင်ဖို့အတွက်လည်း အားပေးတယ်၊ တက်လည်း တက်ရောက်စေချင်တယ်။ ဘာလို့လဲဆိုရင် ကိုယ့်ပြည်နယ်ရဲ့ လူငယ်လေးတွေဟာ နောင်တချိန်မှာ ဦးဆောင်ရမယ့် လူတွေဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် community အတွက် အသုံးချနိုင်မယ့်၊ အကျိုးပြုလို့ရနိုင်မယ့် လူငယ်လေးတွေ ဖြစ်ဖို့လိုတယ်ပေါ့။ ဒါကြောင့် ကျနော်တို့ ပြည်နယ်က အသိအမှတ်ပြုထားတဲ့ အဆင့်မြင့်ကျောင်းတွေကို တက်ခြင်းအားဖြင့် ပြည်နယ်ရဲ့ပညာရေးမှာပဲဖြစ်ဖြစ်၊ ပြည်နယ်ရဲ့ တိုးတက်နိုင်မှုနည်းလမ်းမှာ ပြန်လည်ပြီးတော့ အကျိုးပြုနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အဆင့်မြင့်ပညာရေးကျောင်းတွေ များစွာ အကောင်အထည်ဖော်နေတာကို တွေ့ရှိရတယ်ပေါ့နော်။ မကြာခင်မှာလည်း IEC ပညာရေးဌာနနဲ့ ကျွန်တော်ပြောတဲ့ အဆင့်မြင့်ကျောင်းတွေ ပူးပေါင်းပြီးတော့ ဒီတက်ချင်တဲ့ တက္ကသိုလ်တွေ တက်ရောက်နိုင်ဖို့ Comprehensive University ပေါ့နော် ဒီ တက္ကသိုလ်ကိုလည်း ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပါပြီ။ လောလောဆယ် အနေအထားတော့ ကရင်နီပညာရေးမှာ အဆင့်မြင့်ပညာရေးကောင်စီ ပေါ်လာပြီ။ ဒါနဲ့ အချိန်တပြေးညီ ကလေးတွေ အခြေခံပြီးတဲ့ ကျောင်းသူ/ကျောင်းသားတွေ အဆင့်မြင့်ပညာရေးကို အပြည့်အဝ မဟုတ်ရင်တောင် မိမိရဲ့ ပြည်နယ်တွင်းမှာ လက်လှမ်းမီမီနဲ့ တက်ရောက်နိုင်ဖို့တော့ ရှိမယ်လို့ ကျနော်တို့ ယုံကြည်တယ်။
မေး။ ။ ကရင်နီမှာဆိုလို့ရှိရင် ခြားနားသန်စွမ်းသူလို့ ပြောရမလားပေါ့နော်၊ ဒီလိုမျိုး ကျောင်းသူ/ ကျောင်းသား လေးတွေလည်း ရှိတယ်။ သူတို့အနေနဲ့လည်း ဒီလိုမျိုး ပညာရေးအခွင့်အလမ်းတွေ လက်လှမ်းမီအောင် ပံ့ပိုးကူညီပေးနေတဲ့ အပိုင်းကောရှိလား။ ရှိတယ်ဆိုလို့ရှိရင်လည်း ဘယ်လိုမျိုးနည်းနဲ့ ပံ့ပိုးကူညီပေးနေလဲ။
ဖြေ။ ။ အခြေခံပညာကဏ္ဍမှာတော့ ပံ့ပိုးကူညီနိုင်ဖို့အတွက် ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါပေမယ့် အရေအတွက် နည်းနေသေးတာပေါ့နော်။ ကျနော်တို့ အချိန်ယူနေရတာပေါ့။ အရေအတွက် နည်းနေသေးတယ်။ ပြီးခဲ့နှစ်ကမှ ကျနော်တို့ စတင်ပြီးတော့ ဆောင်ရွက်နေတာပေါ့နော်။ ဒီအဆင့်မြင့်ကဏ္ဍ သော်လည်းကောင်း၊ တပြည်နယ်လုံး လွှမ်းခြုံပြီးတော့ ဒီလိုအခွင့်အရေးရရှိနိုင်ဖို့ ကူညီနိုင်ဖို့အတွက်ကတော့
မကြာခင်မှာ KSCC နဲ့ IEC ဌာနအချို့ ပူးပေါင်းပြီးတော့ ဒီမူဝါဒ ထွက်လာနိုင်ဖို့ကို ရေးဆွဲနေတာ ရှိပါတယ်။ ဒီမူဝါဒ ထွက်လာနိုင်ပြီဆိုရင် ဒီလိုအခွင့်အရေး ရရှိနိုင်မယ့် နည်းလမ်းတွေကို ကျနော်တို့ ပညာရေးအနေနဲ့ပဲဖြစ်ဖြစ် ကူညီဆောင်ရွက်နိုင်မှာလို့တော့ ကျနော်ပြောချင်ပါတယ်။ လောလောဆယ် အနေအထားနဲ့ကတော့ ကျနော်တို့ စတင်ပြီးတော့ ဆောင်ရွက်နေတဲ့အဆင့်ပဲ ရှိပါသေးတယ်။
မေး။ ။ နောက်ထပ်အနေနဲ့ MTB-MLE ပညာရေးနဲ့ပတ်သက်ပြီး မြှင့်တင်ဆောင်ရွက်ရေးတွေလည်း လုပ်ဆောင်နေတယ်ဆိုတော့ ဒီ MTB-MLE နဲ့ ပတ်သက်ပြီး လက်ရှိလုပ်ဆောင်နေတဲ့ အပိုင်းကိုလည်း သိပါရစေ။
ဖြေ။ ။ ဟုတ်ကဲ့ MTB-MLE နဲ့ ပတ်သက်လို့ ဆောင်ရွက်နေတဲ့ အပိုင်းတွေ ရှိပါတယ်။ ဒီဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒမှာပဲပြောပြော၊ ကြားကာလ ကရင်နီရဲ့ ပညာရေးမူဝါဒမှာပဲပြောပြော ဒီMTB-MLE ပညာရေးစနစ်ကို သွားနိုင်ဖို့ ရေးဆွဲထားတာ ရှိပါတယ်။ ကရင်နီပြည်မှာတော့ ဒီနှစ်ဆိုရင် Grade-1 အဆင့်ထိတော့ ရှိပါပြီ။ ဒါကလည်း ကျနော်တို့ မြို့နယ်ပေါင်း ၁၇ မြို့နယ်မှာ အချို့တော့ မြို့နယ်တွေမှာပဲ ဆောင်ရွက်နိုင်သေးတာ ဖြစ်တယ်။ ဒါကလည်း MTB-MLE ရဲ့ ရှေ့လမ်းအစ ဖြစ်ပါတယ်။ ဒီဟာတွေကို ဒီနှစ်နွေရာသီမှာလည်း သင်တန်းပေးပြီး Grade-1 ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆောင်ရွက်နေပါပြီ။
မေး။ ။ နောက်ဆုံးအနေနဲ့ အနာဂတ်မှာ ကရင်နီပညာရေးနဲ့ ပတ်သက်ပြီးတော့မှ ဆရာတို့ရဲ့ မျှော်မှန်းချက်က ဘယ်လိုရှိပါသလဲ။ တဆက်တည်း ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တာများ ရှိရင်လည်း ပြောပေးပါဦး။
ဖြေ။ ။ အနာဂတ်မှာ ကျနော်တို့ ပညာရေးဌာနအနေနဲ့ မျှော်မှန်းချက်တော့ များစွာ ရှိပါတယ်။ အဲဒီထဲကမှ တခုကိုပြောရမယ်ဆိုရင်တော့ ဖက်ဒရယ်ဒီမိုကရေစီနဲ့အညီ ကလေးတွေ ပညာသင်ကြားမှုမှာပဲဖြစ်ဖြစ်၊ သင်ယူမှုမှာပဲဖြစ်ဖြစ်၊ ဒီဟာကို မူတည်ပြီးတော့ ကျနော်တို့ ပြည်နယ်ရဲ့ပညာရေးက မိမိရဲ့ပြည်နယ်က အသိအမှတ်ပြုရုံတင် မဟုတ်ဘူးပေါ့နော်၊ ပြည်ထောင်စုတခုလုံးသာမက ကမ္ဘာနဲ့ ချိတ်ဆက်နိုင်မယ့် ပညာရေးအရည်အသွေး တိုးတက်ကောင်းမွန်လာဖို့ကို ကျနော်တို့ အဖက်ဖက်ကနေ ဒီကာလမှာ ပညာရေးကို အားပေးအားမြှောက်ပြုတဲ့အစုအဖွဲ့တွေ၊ CDM ဆရာဆရာမတွေနဲ့ ပြည်သူတွေအတူပေါ့နော် ကျနော်တို့ရဲ့ မူဝါဒလို့ပဲ ပြောပြော၊ ချိတ်ဆက်ဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်ရမယ်လို့တော့ ကျနော်တို့မျှော်မှန်းထားပါတယ်။ အတူသွားမှ ရောက်နိုင်မယ့်ခရီးလမ်းဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ရေရှည်တောင့်ခံနိုင်မှုနဲ့၊ ပညာရေးရဲ့မြှင့်တင်နိုင်မှုကို အရည်အသွေးရှိတဲ့ပညာရေးဖြစ်ဖို့ လူထုတိုင်းမှာလည်း တာဝန်ရှိပါတယ်။
ကျေးဇူးတင်ပါတယ်။






