ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်အတွင်း ငှက်ဖျားရောဂါ လျှော့ချပပျောက်ရေးလုပ်ငန်းတွေကို ၂၀၂၀ ခုနှစ်မှာ အရပ်သားအစိုးရလက်ထက် ကျန်းမာရေးဌာနက စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ်မှာ ရောဂါဖြစ်ပွားမှုကို ထပ်မံလျှော့ချဖို့နဲ့ ၂၀၃၀ ခုနှစ်မှာ ငှက်ဖျားကင်းစင်ရေး ရည်မှန်းချက်အထိ ရောက်ရှိဖို့ စီစဉ်ထားတယ်လို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ငှက်ဖျားရောဂါ လျှော့ချပပျောက်ရေးလုပ်ငန်းစဉ်က ရပ်တန့်သွားခဲ့ပါတယ်။ လုပ်ငန်းစဉ်တွေ ရပ်တန့်သွားသလို ကြားကာလအနေအထားမှာလည်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုက ကရင်နီဒေသမှာရှိတဲ့ လူထုတွေကြား ပိုမိုပျံ့နှံ့လာတဲ့ ကျန်းမာရေးပြဿနာတခုအဖြစ် ရောက်ရှိလာနေပါတယ်။
“ကျနော့်ဆီကို ဖျားလို့ လာပြတဲ့ လူနာတွေထဲမှာ ၁၀ ယောက်မှာ ၇ ယောက် ၈ ယောက်လောက်က ငှက်ဖျားပဲ” လို့ လွိုင်ကော်အရှေ့ဘက်ခြမ်း၊ မြေပြင်တနေရာမှာ ဆေးကုပေးနေတဲ့ ဒေါက်တာရဲဇော်က ကန္တာရဝတီတိုင်း(မ်)ကို ပြီးခဲ့တဲ့ မေလမှာ ဖြေကြားခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာလည်း လက်ရှိရက်ပိုင်းအတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုများ ပြန်လည်မြင့်တက်နေကြောင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာလည်း ဆိုမိုဖရေစိုးလေး(ရှားတော)မြို့နယ်မှာ ငှက်ဖျားရောဂါကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်) သတင်းအရသိရပါတယ်။
ငှက်ဖျားရောဂါဟာ ခြင်ကနေတဆင့်ကူးစက်နိုင်တယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ အခုလို မိုးရာသီရောက်လာတာနဲ့အမျှ ခြင်ပေါက်ပွားမှုများလာပြီး ငှက်ဖျားရောဂါ ကူးစက်မှုအန္တရာယ်လည်း မြင့်တက်လာနိုင်ပါတယ်။ ဒါ့အပြင် ငှက်ဖျားရောဂါဟာ ကြိုတင်ကာကွယ်လို့ရသလို ရောဂါစတင်ဖြစ်ပွားချိန်မှာ ကြိုတင်သိရှိခြင်းဖြင့် စောစီးစွာကုသရင် အပြင်းစားငှက်ဖျားရောဂါ မဖြစ်အောင် ကုသပေးနိုင်ပါတယ်။
ငှက်ဖျားရောဂါ ဖြစ်ပွားပုံအဆင့်ဆင့်
ပလက်(စ်)မိုဒီယမ် (plasmodium) လို့ခေါ်တဲ့ ကပ်ပါးကောင်ကြောင့် ငှက်ဖျားရောဂါကို ဖြစ်စေပါတယ်။ ပလက်(စ်)မိုဒီယမ်ရောဂါပိုးကို သယ်ဆောင်ထားတဲ့ အနောဖိလိ(Anopheles) ခြင်မ ကိုက်ခံရခြင်းကနေ တဆင့် ငှက်ဖျားရောဂါကို ကူးစက်စေတာပါ။
လူတွေမှာဖြစ်ပွားတဲ့ ငှက်ဖျားရောဂါပိုး အမျိုးအစား ( ၄ ) မျိုးရှိပါတယ်။ ကရင်နီပြည်မှာတော့ Plasmodium Vivax (P.V) နဲ့ Plasmodium falciparum (P.F) အဖြစ်များပြီး PF နဲ့ PV ရောတဲ့ Mix ဆိုတဲ့ ငှက်ဖျားပိုး စတဲ့ ဒီသုံးမျိုးကို တွေ့ရတယ်လို့ ဖရူဆိုမြို့နယ်မှာ ဆေးကုပေးတဲ့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
ငှက်ဖျားပိုးကို သယ်ဆောင်တဲ့ အနောဖိလိခြင်မဟာ (၁) လခန့် သက်တမ်းရှိပါတယ်။ ပင်လယ်ကမ်း ခြေဒေသ၊ တောတောင်ထူထပ်သော ဒေသ၊ လယ်ကွင်းလို နေရာမျိုး၊ ရေကြည်ရေသန့်ရှိတဲ့ စိုက်ခင်းတွေ၊ ရေမြောင်းနဲ့ ရေတိမ်စမ်းချောင်း တွေမှာရှိတဲ့ ရေစပ်နေရာတွေမှာ ပေါက်ဖွားပါတယ်။
အခုလိုမိုးရာသီမှာ ပေါက်ပွားမှု ပိုမိုများပြားပါတယ်။ ဒါကြောင့် ငှက်ဖျားရောဂါဟာ အသက်အရွယ် မရွေး ဖြစ်ပွားနိုင်တယ်ဆိုပေမဲ့ ခြင်ပေါက်ပွားမှုများတဲ့ဒေသက တောတောင်ထဲ နေထိုင်သူတွေမှာ ပိုမိုကူးစက် နိုင်ပါတယ်။
ငှက်ဖျားရောဂါဖြစ်ပွားတဲ့အခါ ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ခြင်း၊ ပျို့အန်ခြင်းနဲ့ အားအင်ကုန်ခမ်းခြင်း စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ ရောဂါပြင်းထန်လာရင် သွေးအားနည်းခြင်း၊ သတိလစ်ခြင်းနဲ့ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။
ဦးနှောက်ထဲငှက်ဖျားပိုး ဝင်ရောက်ပြီး ပြလေ့ရှိတဲ့ လက္ခဏာတွေကတော့ စိတ်တို/စိတ်ဆတ်တာ၊ ပုံမှန်ထက်ပိုပြီး မှိန်းနေတာ၊ နေ့ညခွဲခြားမသိတော့တာ၊ ကယောင်ကတမ်းပြောတာ၊ တက်တာ၊ သတိလစ်တာ အပါအဝင် နှာခေါင်း၊ ပါးစပ်ကနေ သွေးယိုစီးတာတွေ ဖြစ်လာနိုင်ပြီး နောက်ဆုံး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
ငှက်ဖျားရောဂါမဖြစ်ပွားအောင် ဘယ်လိုကာကွယ်သင့်လဲ
ငှက်ဖျားရောဂါကာကွယ်ဖို့ ခြင်ထောင်အသုံးပြုအိပ်စက်ခြင်း၊ အင်္ကျီလက်ရှည်ဝတ်ဆင်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ခြင်ပေါက်ပွားနိုင်တဲ့ ရေတင်ကျန်နေရာတွေကို ဖယ်ရှားရှင်းလင်းခြင်းတွေ ပြုလုပ်သင့်ပါတယ်။
ဘယ်နေရာ၊ ဘယ်အချိန်မှာပဲအိပ်အိပ်၊ ဆေးစိမ်ခြင်ထောင် ထောင်ပြီး အိပ်မယ်ဆိုရင် ငှက်ဖျားရောဂါကို အထိရောက်ဆုံးနဲ့ အကာကွယ်နိုင်ဆုံး နည်းလမ်းတခုပါ။
သတိထားရမှာက ငှက်ဖျားရောဂါဟာ ရာသီတုပ်ကွေး၊ အူရောင်ငန်းဖျား၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးပါး ရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ ကိုဗစ်ရောဂါ စတဲ့ ရောဂါတွေနဲ့ လက္ခဏာဆင်တူပါတယ်။
ဒါကြောင့်လည်း ငှက်ဖျားရောဂါမှန်း သေချာစေပြီး စောစီးစွာ ကုသနိုင်ဖို့အတွက် သွေးဖောက်စစ်တာက အသေချာဆုံးဖြစ်ပါတယ်။
ငှက်ဖျားရောဂါအတွက် ဆေးဝါးအများစုဟာ သောက်ဆေးတွေ ဖြစ်ကြပါတယ်။ တချို့ ငှက်ဖျား ရောဂါကူးစက်သူတွေအနေနဲ့ ထိုးဆေးဖြင့်ကုသရန် လိုအပ်မယ်ဆိုရင် ဆေးရုံ (သို့မဟုတ်) ကျန်းမာရေးဌာနသို့ သွားရောက်ရမှာဖြစ်ပါတယ်။
ငှက်ဖျားရောဂါပိုးအတွက် ဆေးသောက်ပြီး ကုသမှုခံယူတဲ့အခါမှာ ဆေးယဉ်ပါးတာတွေမဖြစ်အောင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မပျက်မကွက် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။
ငှက်ဖျားရောဂါကို မကုသဘဲ ပေါ့ဆစွာ နေမယ်ဆိုရင် ငှက်ဖျားပိုးက ဦးနှောက်ထဲရောက်တာ၊ အဆုတ်မှာ ရေဝင်တာ၊ ကျောက်ကပ်၊ အသည်းနဲ့ သရက်ရွက်တို့ ပျက်စီးတာ၊ သွေးအားနည်းတာ၊ သွေးတွင်းသကြားဓာတ်ကျတာ စတဲ့ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။
ဒီလိုနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကနေတဆင့် နောက်ဆုံးမှာ ကိုမာဖြစ်နိုင်တဲ့အပြင်၊ အသက်ဆုံးရှုံးတာတွေအထိ ဖြစ်ပွားနိုင်တာကြောင့် ငှက်ဖျားရောဂါ မဖြစ်ပွားဖို့ ကြိုတင်ကာကွယ်သင့်သလို၊ ဖြစ်လာခဲ့ရင်လည်း နည်းမှန်လမ်းမှန်နဲ့ ကုသမှု ခံယူရမှာဖြစ်ကြောင်းကို တိုက်တွန်းလိုက်ရပါတယ်။






