ကန္တာရဝတီတိုင်း(မ်)
ဒီကနေ့ မေလ ၁ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံရောက် မြန်မာလုပ်သားအချို့ရဲ့ စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံ၊ ဒေသတွေအလိုက် အလုပ်သမားတွေရဲ့ ရပိုင်ခွင့် ၊ အခွင့်အရေး မတူညီမှုတွေ အကြောင်း မေးမြန်း တင်ဆက်ထားပါတယ်။
ထိုင်းရောက် မြန်မာအမျိုးသားတစ်ဦး
“ထိုင်းနိုင်ငံမှာ ဒီရက်က လပြည့်နေ့လည်း ဖြစ်တယ်။ အလုပ်သမားနေ့လည်းဖြစ်တယ် အဲ့ကြောင့်မလို့ နားရတဲ့ စက်ရုံတွေလည်းရှိတယ် မနားရတဲ့ စက်ရုံတွေလည်း ရှိတာပေါ့။ ကျနော်တို့ကတော့ နားရတယ်။ နေလည်းအရမ်းပူတော့ အလုပ်နားရတော့လည်း ပျော်မိတာပေါ့။”
ထိုင်းရောက် မြန်မာအမျိုးသားတစ်ဦး
“အလုပ်သမားနေ့မှာက မနားရဘူးဆိုလို့ရှိရင်တော့ စိတ်ထဲ မကြည်လင်ဘူးပေါ့နော်။ အလုပ်လုပ်ရလည်း မကြည်ဘူးပေါ့။ ပြီးနေလည်း အရမ်းပူပြင်းတယ်ဆိုတော့ အလုပ်လုပ်ရတာ စိတ်မပါဘူး။ သူများနားနေတဲ့ အချိန်မှာ ကိုယ်မနားရရင်ပေါ့နော်။
စင်္ကာပူရောက် မြန်မာအမျိုးသားတစ်ဦး
“အလုပ်သမားနေ့မှာ နားရတော့ ဘယ်လို ခံစားရလဲဆိုတော့ Sun Day နဲ့တော့မတူဘူးပေါ့။ Sunday ဆိုလို့ရှိရင် တချို့ရက်တွေဆို လုပ်စရာတွေရှိတယ်။ ဒီအလုပ်သမားနေ့တော့ လူတိုင်း ပိုင်တယ်လေ။ ဒီလို အလုပ်သမားနေ့မှာ အလုပ်ပိတ်ရင် သူငယ်ချင်းတွေနဲ့ သွားဆုံမလား အဆင်ပြေတယ်လေ အဲ့တာတချက်ရှိမယ်။ ပြီးတော့ ကျန်တဲ့နေ့တွေ အလုပ်သွားရတဲ့ နေ့တွေ ဆိုလို့ရှိရင် ဖုန်းတွေက ပိတ်ထားရတယ်လေ ဒီရက်လို အလုပ်သမားနေ့က အလုပ်ပိတ်တယ်ဆိုတော့ အေးဆေး ကြည့်လို့ရတယ်ဆိုတော့ တော်တော်ပျော်စရာကောင်းနေပါပြီ။”
စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး
“ကျမတို့ အိမ်အလုပ်တွေက မနားရဘူး။ တချို့လည်း နားရတယ်။ တယောက်နဲ့ တယောက်က မတူဘူး။ သူတို့ အင်တာဗျူးတဲ့အချိန်မှာ နားချင်ရင် နားချင်တယ် ခွင့်တောင်းလို့ရရင်တော့ အဲ့လိုတချို့က နားရတယ်ပေါ့။ ပြီးတော့ အပြင်ပိုင်း သန့်ရှင်းရေးလုပ်ကြတဲ့သူတွေက မတူဘူး အချို့ ကုမ္ပဏီတွေက ပေးနားတယ်။ တချို့ ကုမ္ပဏီတွေက ပေးမနားဘူး။ “
ထိုင်းရောက် မြန်မာအမျိုးသားတစ်ဦး
“ကျနော်တို့ကတော့ အလုပ်ပိတ်ပေးတယ်။ဒါပေမဲ့ အလုပ်ဆင်းလည်းရတယ်။နားလည်းရတယ်ပေါ့နော်။ဒီလို အလုပ်ပိတ်ရတဲ့ နေ့မျိုးဆို အလုပ်ဆင်းရင် လုပ်အားခပိုတောင်ရတယ်။ ဒါကတော့ သူဌေးအပေါ်လည်းမူတည်မှာပေါ့ အချို့သူဌေးက ပေးမနားတာလည်းရှိတယ်။”
ထိုင်းရောက် မြန်မာ အမျိုးသမီးတစ်ဦး
“ကျမက မနားရပါဘူး အလုပ်ထဲမှာပါ။ ဒါပေမဲ့ အလုပ်က အရမ်းကြီး ပင်ပင်ပန်းပန်းမဟုတ်တော့ ထွေထွေထူးထူးမရှိပါဘူး။ အခွင့်အရေးရရင်တော့ နားချင်ပါတယ် လွတ်လွတ်လပ်လပ် နေချင်တာပေါ့နော်။”





