Homeအင်တာဗျူး“မိုးရာသီစိုက်ပျိုးချိန်နဲ့ ကရင်နီဒေသက စားနပ်ရိက္ခာစိန်ခေါ်မှု” နဲ့ပတ်သက်ပြီး IEC ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနမှ ဒုဌာနမှူး -၁ နဲ့...

“မိုးရာသီစိုက်ပျိုးချိန်နဲ့ ကရင်နီဒေသက စားနပ်ရိက္ခာစိန်ခေါ်မှု” နဲ့ပတ်သက်ပြီး IEC ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနမှ ဒုဌာနမှူး -၁ နဲ့ အင်တာဗျူး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီဒေသမှာ မိုးရာသီ စိုက်ပျိုးချိန်ရောက်ရှိလာပြီဖြစ်ပေမယ့် တဖက်မှာလည်း စစ်ရေးပဋိပက္ခတွေ၊ နေရပ်စွန့်ခွာမှုတွေ၊ စားနပ်ရိက္ခာအခက်အခဲတွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ဒီလိုအခြေအနေ တွေကြားထဲက ကရင်နီဒေသရဲ့ စိုက်ပျိုးရေးအခြေအနေ၊ တောင်သူတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ စားနပ်ရိက္ခာဖူလုံရေးအခြေအနေတွေကို သိရှိနိုင်ဖို့အတွက် IEC ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနမှ ဒုဌာနမှူး -၁ ကိုတင့်ဆွေနဲ့ အခုလို မေးမြန်းထားပါတယ်။

IEC ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနမှ ဒုဌာနမှူး -၁ ကိုတင့်ဆွေ

အမေး။ ။ အရင်ဆုံး ကရင်နီပြည်ရဲ့ ဒီနှစ်မိုးရာသီ စိုက်ပျိုးရေးအခြေအနေကို အရင်ဆုံး ခြုံငုံပြီး ပြောပြပေးပါဦးရှင်။
အဖြေ။ ။ ကျနော်တို့ ကရင်နီပြည်နယ်ရဲ့ စိုက်ပျိုးရေး အခြေအနေကတော့ ၂၀၂၄ – ၂၅ နဲ့ စာရင်တော့ ၂၀၂၆ ကတော့ တော်တော်လေး အကျပ်ရိုက်တဲ့နှစ်လို့ ပြောလို့ရတာပေါ့လေ။
အစစအရာရာမှာ အကုန်လုံးက စိန်ခေါ်မှု အခက်အခဲတွေ အကြီးကြီးတွေ ဖြစ်နေကြတယ်ပေါ့။ တောင်သူတွေအတွက်က ဥပမာ – ကျနော်တို့ ဒီ စျေးနှုန်းတက်တာက အစ၊ ပြီးလို့ရှိရင် ဒီ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကအစ ပေါ့နော်။ အားလုံးက အစစအရာရာ အခက်အခဲ ဖြစ်နေတော့။ ကျနော်တို့ စိုက်ဧကတွေ တောင်သူတွေရဲ့ စိန်ခေါ်မှု အခက်အခဲတွေက ကြီးလာတာနဲ့အမျှ စိုက်ဧကတွေ လျော့နည်းလာတာတွေ တွေ့ရပါတယ်။

အမေး။ ။ဟုတ်ကဲ့ ဆရာ။ ဒီနှစ် ကရင်နီဒေသမှာ စိုက်ပျိုးနိုင်တဲ့ဧက ဘယ်လောက်ခန့်မှန်း ထားပါသလဲရှင်။

အဖြေ။ ။ဒီနှစ်ကတော့ စိုက်ဧကက ကျနော်ထင်တယ် မြို့နယ်အားလုံးတော့ မလွှမ်းခြုံနိုင်ဘူး။ ဒီ အနီးအနား ပတ်ဝန်းကျင်တော့ ကျနော်တို့ လွှမ်းခြုံနိုင်တယ်ပေါ့။ ဖယ်ခုံရယ်၊ မိုးဗြဲဆို အရှေ့အနောက် ရယ်၊ ဒီ လွိုင်နန်းဖ ပေါ့နော်။ ပြီးတော့ ကေးလျားမြို့နယ်အရှေ့နဲ့ အနောက်ဘက်ခြမ်းလောက် ဆိုလို့ရှိရင်တော့ အားလုံးပေါင်းကတော့ ဒီးမော့ဆို ဆိုရင်တော့ ဧကပေါင်း နှစ်သောင်းလောက်တော့ စိုက်နိုင်မယ်လို့ ထင်ပါတယ်။ နှစ်သောင်းအကျော်မှာပဲ ရှိမှာပေါ့လေ။

အမေး။ ။ ဒေသတွင်း အဓိကစိုက်ပျိုးနေတဲ့ သီးနှံတွေက ဘာတွေလဲ။ ပြီးတော့ အရင်နှစ်ကနဲ့ ယှဉ်ပြီး ပြောပြပေးလို့ ရမလား။

အဖြေ။ ။အထူးသဖြင့်တော့ စပါးပါမယ်။ မြေပဲပါမယ်ပေါ့လေ။ စပါး၊ မြေပဲရယ် တခြားသော ဒီ နှံစားပြောင်းပေါ့နော်။ ပြောင်းကတော့ နှံစားပြောင်း ဆိုတာထက် ပြောင်းဖူး ပေါ့။ စီပီပြောင်းတွေလည်း စိုက်ကြတာတွေ့ရတယ်ပေါ့လေ။ အဓိကတော့ ကျနော်တို့ ဒေသ ကြက်စာ၊ ဝက်စာအတွက်လည်း စိုက်ကြတာရှိတယ်။ တချို့ကလည်း ရောင်းဖို့အတွက် စိုက်ကြတာ ရှိကြတယ်ပေါ့။ ယာစပါးကတော့ ပိုများတယ်ပေါ့လေ။ လယ်စပါးကတော့ သေချာတယ် ကျနော်တို့ ဒီ နန်းမယ်ခုံတကြောကတော့ နွေမှာပဲ အဓိက စိုက်ကြတော့ သူတို့က။ အရင်တုန်းကတော့ မိုးမှာ စိုက်ကြတယ်။ ဒါပေမဲ့ မိုးမှာက ဟို ၂၀၂၄ခုနှစ်နဲ့ ၂၀ ၂၅ ခုနှစ်မှာက ရေနစ်(ရေကြိီး)တဲ့ ပြဿနာတွေ ကြုံရတော့ တောင်သူတွေက ကြောက်သွား ကြတယ်။ မိုးမှာ စိုက်လို့ရှိရင် မသေချာဘူး။ မရဘူး။ ဆိုတော့ သူတို့က နွေကိုပဲ အဓိက အားထား စိုက်ကြတယ်။ နွေမှာ စိုက်ပြီးလို့ရှိရင် မိုးကိုမစိုက်ကြတော့ သူတို့က အဲ့လိုဖြစ်ကြတော့ မိုးစပါးမှာက နွေစပါးနဲ့ စိုက်ဧကက သိပ်မယှဉ်နိုင် ဖြစ်သွားတယ်ပေါ့လေ။ ဒါကတော့ ဒီ နန်းမယ်ခုံ တကြောမှာပေါ့။ သို့သော်လည်း ကေးလျား မြို့နယ်ဖက်မှာ ဆိုလို့ရှိရင်လည်း စစ်ကြောင်း ထိုးမှုတွေကြောင့် စိုက်ဧကတွေ တချို့ လက်လွတ်ဆုံးရှုံးရတာတွေလည်း အများကြီး ရှိတယ်ပေါ့လေ။ ဥပမာ – ကေးလျားနောက်ခြမ်းဘက်မှာဆိုရင် လုံးဝစိုက်လို့ အဆင်မပြေတဲ့ အနေအထားတွေရှိတယ်။ စစ်ကြောင်း ခဏခဏထိုးနေတယ်ဆိုတော့ စိုးရိမ်ပူပန်မှုတွေနဲ့ တောင်သူတွေက မစိုက်ဖြစ်ကြတဲ့ အနေအထားတွေ ရှိပါတယ်။

ကေးလျားမြို့နယ်ကတော့ မြေပဲ ‌တော်တော်ထွက်တယ်။ ပြီးရင် စပါးပေါ့နော်။ တောင်ယာစပါးနဲ့ သူတို့ မိသားစုစားဖို့လောက်ပဲ သူတို့ စိုက်ကြတာ များတယ်ပေါ့လေ။ အထူးတလည်တော့ ဒီကရင်နီ ပြည်နယ်ရဲ့ လူထု အများစုကို အဓိကစိုက်ပြီး ကျွေးနေတဲ့ ဒေသကတော့ လွိုင်နန်းဖရယ် ဒီ နန်းမယ်ခုံနဲ့ ဖယ်ခုံ၊ မိုးဗြဲ တကြောပေါ့လေ။ အဲ့ဒီ တကြောကပဲ အဓိကဆန်ထွက်တဲ့ပမာဏ ပိုများတာ ဆိုတော့။ အဲ့ဒီ ပမာဏ အဲ့ဒီဒေသတွေကလည်း အခုဥပမာ ဖယ်ခုံ၊ မိုးဗြဲ ပေါ့နော်။ အဲ့ဒီ တကြောကဆိုလို့ရှိရင် တော်တော်များ တောင်သူ သိပ်မစိုက်နိုင်ကြတော့တဲ့ အပိုင်းတွေရှိတယ်။

ဒါကလည်း စစ်ကြောင်းထိုးတာတွေပါတယ်။ အဓိကတော့ စစ်ကြောင်းထိုးတာပါပဲ။ သူတို့ကတော့ ဒီ ရေကြီး နစ်မြုပ်တာတွေကို သူတို့ ရှောင်ပြီးတော့ စိုက်တတ်ကြတယ် တောင်သူတွေကလေနော်။

အမေး ။ မိုးရွာသွန်းမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဒီနှစ် စိုက်ပျိုးရေးမှာ စိန်ခေါ်မှုတွေရှိနေပါသလား။

အဖြေ ။ ။ အမှန်တော့ ရာသီဥတု ပြောင်းလဲမှုကြောင့်တော့ အရမ်းကြီးတော့ ပြဿနာတော့ မကြုံသေးဘူး ပေါ့နော်။ ပြဿနာ မကြုံသေးဘူးဆိုပေမဲ့ ၂၀၂၄ တုန်းကတော့ မုန်တိုင်းနဲ့ ကြုံဖူးတာရှိတယ်။ အဲ့ဒီ မုန်တိုင်းကြောင့်မို့ အထူးသဖြင့် ဒီနန်းမယ်ခုံ တကြောပေါ့လေ၊ အရှေ့ဘက် တကြော အားလုံးက ရေကြီးနစ်မြုပ်သွားတဲ့ ပြဿနာတော့ ကြုံခဲ့တာပေါ့။ ဒါကတော့ ဟို ၂၀၂၄ တုန်းက ကြုံခဲ့တယ်။ အခုနောက်ပိုင်းကတော့ အဲ့လောက်ကြီး ဒီ ရာသီဥတုကြောင့် ထူးထူးခြားခြားကြီး ပြောင်းလဲတာတော့ စိုက်ပျိုးရေး ကဏ္ဍမှာ အရမ်းကြီး ထိခိုက်မှုတော့ မရှိသေးတာတော့ တွေ့ရတယ် ပေါ့လေ။

အထူးသဖြင့်ကတော့ ဒီစစ်ကြောင်းထိုးတာနဲ့ နယ်မြေ မလုံခြုံတာတွေကြောင့် နောက်ပြီးရင် စောနလိုပဲ ဟို စိုက်ပျိုးရေးမှာ သုံးတဲ့သွင်းအားစုတွေ စျေးအရမ်းမြင့်လာတာကြောင့် စိုက်ဧကတွေ တချို့ နည်းသွားတာ ရှိတယ်။ တချို့ တောင်သူတွေကလည်း ကိုယ့်မိသားစု အတွက်ပဲ၊ စားဝတ်နေရေး အတွက်ပဲ အဓိကစိုက်ကြတဲ့ အတိုင်းအတာတွေဖြစ်သွားတာတွေ ရှိတာပေါ့လေ။

အမေး။ ။ လွိုင်ကော်မြို့နယ်ထဲကနဲ့ ဆိုမိုဖရေစိုးလေး(ရှားတော) မြို့နယ်ဘက်ကရော စိုက်ပျိုးရေး အခြေအနေက ဘယ်လိုရှိလဲ။

အဖြေ။ ။ အမှန်တိုင်းပြောမယ် ဆိုရင်တော့ ကျနော်တို့လည်း အဲ့ဘက်ကို အရမ်းကြီးတော့ မရောက်ဖြစ်ဘူးပေါ့နော်။ အဓိကက ဝန်ထမ်းလည်း မရှိသေးတာလည်းပါတယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေး သွားရတာလည်း ခက်တယ် ပေါ့လေ။ ဒါပေမဲ့ အဲ့ဒီဘက် ဒေသတွေမှာ အတွက်လည်း ကောင်းကောင်းစိုက်ပျိုးနိုင်ဖို့ ပြီးရင်တော့ စောနလိုပဲ လုံးဝ ပြည်သူတွေ တချို့ ပြည်သူတွေက အသစ်ကနေ ပြန်စိုက်ပြီး မှ တောင်ယာပြန်ခုတ်ရတဲ့ မြေနေရာတွေ ပြန်ပြီးမှ အသစ်ပြန်လုပ်နေရတဲ့ အနေအထားတွေ ရှိတော့လေ။ အဲ့ဒီအတွက်လည်း ကျနော်တို့ဘက်ကနေ နိုင်လောက်သော supporting ပေးဖို့တော့ ဟို စဉ်းစားထားတာတော့ ရှိတော့ရှိတယ်ပေါ့လေ။

အဲ့ဒီဘက် ဒေသကတော့ တောင်သူတွေ ဆိုတဲ့ သဘောမျိုးကတော့ သူတို့ရဲ့ ဓလေ့အရ မိုးကျရင် သူတို့ စိုက်မယ် ပျိုးမယ် ဆိုတာကတော့ သူတို့ မိသားစုအတွက်လည်း ဟုတ်သလို သူတို့ရဲ့ရှင်သန်ရပ်တည်ဖို့အတွက်လည်း သူတို့ စဉ်းစားပြီးမှ စိုက်ကြတာလည်း ရှိတယ် ။ ကျနော်တို့ဘက်က ပံ့ပိုးမှု မပေးခဲ့ရင်တောင်မှ သူတို့က သူ့သူ ရပ်တည်သွားနေတယ်ဆိုတာမျိုးတော့ ရှိတယ် ပေါ့လေ။
ဒါပေမဲ့ အဲ့ဒီမှာက စိုက်ပျိုးနိုင်ဖို့ ရှင်သန် ရပ်တည်နိုင်ဖို့ ဆိုတာက ဖူလုံမှု၊ လုံလောက်မှုရှိဖို့ဆိုတာက ကျနော်တို့ ဌာနနဲ့ တခြားသောအဖွဲ့တွေနဲ့ပေါင်းပြီးမှပဲ တောင်သူတွေကို ပံ့ပိုးနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေပါတယ်ပေါ့။ ဒါပေမဲ့ လောလောဆယ် ကျနော်တို့ ဌာနကနေ ဟို မရောက်နိုင်သေးတာ တချို့တော့ နည်းနည်း အားနာပါတယ်။

အမေး။ ။ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြုပ်မိုင်းအန္တရာယ်တွေက တောင်သူတွေအပေါ် ဘယ်လောက်ထိ သက်ရောက်နေပါသလဲ။

အဖြေ။ ။ ကျနော်တို့ အလှူရှင်အဖွဲ့အစည်းတခုနဲ့ ချိတ်ထားတာ ရှိတယ်ပေါ့နော်။ ဒီ ၂၆ ထဲမှာပဲ ဖြစ်ဖို့ များတယ်။ ဒီ ၂၆ ထဲမှာပဲ ဒီ conflict (ပဋိပက္ခ) ဇုန်ဧရိယာတွေမှာ ရှိတဲ့ တောင်သူတွေ ပြီးရင် လုံးဝ အခက်အခဲကြားမှာ တောင်သူတွေပေါ့နော်။ စိုက်ပျိုးရေးနဲ့ပဲ ဒီ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ၊ မိုင်းကြောင့်ဖြစ်ခဲ့တဲ့ နစ်နာခဲ့တဲ့ တောင်သူတွေကို ကျနော်တို့ ပြန်လည် ရပ်တည်နိုင်အောင်ဆိုတဲ့ dimension (အတိုင်းအတာ) နဲ့ သူတို့ကို supporting(ထောက်ပံ့) ပေးဖို့ရှိတယ်။ အထူးသဖြင့်တော့ ဒီ စစ်ဇုန် conflict area မှာရှိတဲ့ တောင်သူတွေကို အဓိကထားပြီးမှ ပေးဖို့ရှိတယ်ဆိုတာမျိုးတော့ ဒီ ၂၀၂၆ခုနှစ် ထဲမှာ လျာထားတာ ရှိတယ်ပေါ့။

အမေး။ ။ အခုကလည်း မိုးဦးလည်း ကျပြီ ဆိုတော့။ တချို့ စစ်ရှောင်တွေ၊ နေရာစွန့်ခွာတဲ့ တောင်သူတွေက သူတို့ ပြန်လည် အနီးအနားမှာလည်း ဟို ပြန်လည် စိုက်ပျိုးကြတဲ့ အခြေအနေတွေ ရှိမလားရှင်။

အဖြေ။ ။ တောင်သူ အများစုကတော့ သူတို့ပြန်ပြီးမှ စိုက်ချင်ကြတယ်။ သို့သော်လည်း စောန ကျနော် ပြောတဲ့သွင်းအားစုပေါ့နော်။ စိုက်ပျိုးကုန်ကျစရိတ် စျေးနှုန်းမြင့်မားတဲ့ ပြဿနာတွေကြောင့် သူတို့မှာ အခက်အခဲ တခုတော့ရှိတယ်။

အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ကို ဘယ်လိုမျိုး သွားလို့ရတယ်ဆိုတဲ့ နည်းပညာပိုင်းက ပံ့ပိုးမှုတွေတော့ ရှိတယ်။ ဒါ အားလုံးလည်း လွှမ်းမခြုံပေမဲ့လည်း လက်လှမ်းမီသလောက်တော့ ကျနော်တို့ ပြောပြနေတာ ရှိတယ်။ နောက်ပြီး နည်းပညာ ပံ့ပိုးတဲ့ အပိုင်းတွေ ရှိတယ် ပေါ့နော်။ တခြားသော supporting မပေးနိုင်ပေမဲ့ နည်းပညာ အရတော့ supporting ပေးပြီး မှ သွားနေတာ ရှိတယ်။ ဥပမာ ကျနော်တို့ရုံးက အခုဆိုလို့ရှိရင်လည်း မိုးစပါးမှာ ပြန်စိုက်ချင်တဲ့ တောင်သူတွေ စိုက်ဖို့အတွက် မျိုးစေ့မရှိဘူး ဆိုလို့ရှိရင် အဓိကတော့ စပါးပေါ့။ စပါးမျိုးစေ့ မရှိဘူးဆိုရင် ရုံးကနေ မျိုးစေ့စပါးကို ပေးတယ်။ ပေးပြီးမှပဲ အလကားတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့ကတော့ တောင်သူတွေကို ခြောက်ပုံကို တစ်ပုံ ပေါ့လေ။ ခြောက်ပုံကို တစ်ပုံ ပုံစံမျိုးနဲ့ သူတို့ သီးနှံပေါ်မှ ပြန်ပေးပုံစံမျိုးနဲ့ တောင်သူတွေ မျိုးစေ့နဲ့ပံ့ပိုးပေးတာလည်း ရှိတယ်။

အမေး။ ။ဟုတ်ကဲ့ ဆရာတို့ ဌာနအနေနဲ့ တောင်သူတွေကို မျိုးစေ့တွေ ပံ့ပိုးပေးတာလည်း ရှိတယ် ပေါ့နော်။ ပြီးတော့ တခြားတိုးပြီး ပံ့ပိုးပေးနိုင်တဲ့ အနေအထားမှာ ရှိမလားရှင်။

အဖြေ။ ။ အဓိကတော့ အမတော်ကြေး ပုံစံမျိုး တောင်သူတွေကို ချေးငွေ ထုတ်ပေးနိုင်ဖို့ သူတို့ စိုက်စရိတ် ထုတ်ပေးနိုင်ဖို့ ဆိုတဲ့ ကျနော်တို့ ရည်မှန်းချက်ထဲမှာ ရှိပါတယ်။ သို့သော်လည်း အခု အကောင်အထည် မဖော်နိုင်သေးတာနဲ့ အဓိကတော့ budget (ငွေကြေး ) ပေါ့လေ။ budget လုံလုံလောက်လောက် မရှိသေးတာနဲ့ဆိုတော့ ဌာနရဲ့ အခက်အခဲ တခုပေါ့လေ။ ဒါပေမဲ့ စောနပြောတဲ့ အလှူရှင်တဖွဲ့ကနေ အဓိက တောင်းခံထားတဲ့ budget ကတော့ အကယ်၍ ရခဲ့မယ် ဆိုရင်တော့ ပါတယ်ပေါ့။ အဲ့ဒီမှာ စိုက်စရိတ် ပေးတာ ရှိတယ်။ ပြီးရင် သူတို့ အတွက် cash ပေါ့နော်။ ငွေကြေး ထောက်ပံ့ပေးတာ ရှိတယ်။ အဓိကတော့ စိုက်ပျိုးရေး ကဏ္ဍ လည်ပတ်နိုင်ဖို့ ဆိုပြီး မှ ရထားတဲ့ အပိုင်း ရှိတယ်။ ဒါကလည်း ဒီ ၂၆ ထဲမှာ ဖြစ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ တောင်သူတွေလည်း ပိုပြီး အကျိုးရှိဖို့ အတွက် ကျနော်တို့လည်း ကြိုးစားနေပါတယ်။

အမေး။ ။ နည်းပညာလို့ပြောတဲ့ နေရာမှာက ဆရာတို့ဌာန အနေနဲ့ ဘယ်လို ပုံစံနဲ့ ပံ့ပိုးပေးရလဲ ဆိုတာကိုလည်း ရှင်းပြပေးလို့ ရမလားရှင့်။

အဖြေ။ ။ နည်းပညာပိုင်းကတော့ နှစ်ခုလုံးပါတယ်ပေါ့။ စာတွေ့ လက်တွေ့ နှစ်ခုလုံး ပါတယ် ပြီးရင် လိုအပ်လို့ရှိရင် သူတို့ရဲ့ တောင်သူတွေရဲ့ လိုအပ်ချက်အရ ကွင်းဆင်းပေးတယ်။ စောနပြောတဲ့ စာတွေ့ လက်တွေ့ ဆိုတာ ကတော့ အခု ဒီ ခေတ် ဒီကာလမှာက ဓာတု သွင်းအားစုတွေက စျေးလည်း အရမ်းကြီး ကြီးနေသလိုပဲ ပြီးရင် သဘာဝ ပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေမှု မရှိတဲ့ အတွက်ကြောင့်မို့ ဌာနရဲ့ မူ policy အရကလည်း ဓာတုသွင်းအားစု လျော့ချမယ်၊ ပြီးရင် သဘာဝ သွင်းအားစုတွေကို အစားထိုး သုံးစွဲနိုင်ဖို့ ဆိုတဲ့ မူ policy လည်း ရှိထားတယ် ဆိုတော့လေ။ အဲ့တော့ အဓိက အားဖြင့်တော့ သင်တန်းတွေ ပို့ချတဲ့ အခါမှာတော့ သူတို့ရဲ့ စိုက်ပျိုးရေးမှာ၊ စိုက်ပျိုးရေးကဏ္ဍမှာလိုအပ်တဲ့ ဒီ သွင်းအားစု ပေါ့လေ။ မြေဩဇာ လိုအပ်ချက် ရှိမယ်။ ပြီးရင် ဟို တခြားတော့ ပိုးသတ်ဆေးတွေ အားဆေးတွေ လိုအပ်ချက် ရှိမယ်။ သဘာဝ အရင်းအမြစ်တွေကို အဓိက အရင်းခံပြီးမှ ထုတ်လုပ်သုံးစွဲတဲ့ ဒီ organic production အပိုင်း ပေါ့နော်။ organic သွင်းအားစုတွေကို အဓိက တောင်သူတွေ လက်တွေ့ကျကျ ထုတ်လုပ် သုံးစွဲနိုင်အောင် ဆိုတဲ့ နည်းပညာတွေကို စာတွေ့ လက်တွေ့ လိုက်ပေးတာ ရှိတယ်။ ပြီးရင် စိုက်ပျိုးတဲ့ စနစ်တွေကိုလည်း သင်တန်းပို့ချပေးနေတာတွေ ရှိပါတယ်။

အမေး။ ။ဟုတ်ကဲ့ပါ။ ဒီနှစ်က ကရင်နီရဲ့ စိုက်ပျိုး ဧရိယာက လျှော့နည်းသွားလာတာနဲ့ အမျှ ဒီနှစ်ကရင်နီဒေသရဲ့ စားနပ်ရိက္ခာဖူလုံမှုအခြေအနေကို ဘယ်လိုသုံးသပ်ပါသလဲ။

အဖြေ။ ။ ဒီတနှစ်ပေါ့နော် စိုက်ဧကတွေ နည်းလာတယ်။ အထွက်နှုန်းတွေလည်း ကျလာတယ် ပေါ့။ ဒါကလည်း အားလုံးလည်း အသိပဲ ဖြစ်တယ်။ သေချာတာ တခုကတော့ ဟို စားနပ်ရိက္ခာ ဖူလုံဖို့ကတော့ ဟို စိန်ခေါ်မှုကြီးတခု ဖြစ်လာလိမ့်မယ်ပေါ့။ အခက်အခဲရှိလိမ့်မယ်။ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ပမာဏနဲ့ ပြည်တွင်း စားသုံးမှု ပမာဏနဲ့က တွက်ခြေ မကိုက်တဲ့ အနေအထား ဖြစ်သွားလိမ့်မယ်။ ဘယ်လောက်မှ မများတဲ့အပိုင်းတော့ ဖြစ်နိုင်တယ်။ အဲ့ဒါ လုံးဝ သေချာတယ် ပေါ့လေ။ ဘာလို့လဲ ဆိုတော့ စောစောက ကျွန်တော် ပြောခဲ့ လိုပဲ။ တချို့သော တောင်သူတွေ ပေါ့နော်။
ဥပမာ ဒီ နန်းမယ်ခုံ တကြောက ပိုဆိုးတယ် ပေါ့။ ပိုဆိုးတယ် မိုးဗြဲ ဘက်တကြော တောင်သူတွေအများစုက သူတို့က အရင်ကတည်းက ဓာတု သွင်းအားစုတွေနဲ့ အသားကျနေတဲ့ အဖွဲ့တွေ ပေါ့နော်။ အခု ဓာတု သွင်းအားစု တွေကလည်း စျေးတွေ အရမ်း တက်လာတယ်။ ပြီးရင် စိုက်စရိတ်၊ ကုန်ကျစရိတ်တွေကလည်း အရမ်း စျေးမြင့်နေတဲ့ အချိန်မှာ ဆိုလို့ရှိရင် သူတို့က လျှော့သုံးရတဲ့ပမာဏ ဖြစ်သွားတယ်။ ဥပမာ ဓာတု သွင်းအားစု အမြဲတမ်းသုံးတဲ့စိုက်ခင်းတွေက ဓာတု သွင်းအားစုကို လျှော့သုံးတဲ့ အခါမှာ အထွက်နှုန်းက အော်တို ကျတယ်။

ဓာတုသွင်းအားစု ဆိုတဲ့ သဘောမျိုးက သူက အမြဲတမ်း သုံးပေးရတဲ့ သဘောမျိုး သွားတယ် ဆိုတော့လေ။ အခုဟာက စျေးတွေ အရမ်းမြင့်နေတော့ လျှော့သုံးတယ်။ လျှော့သုံးတဲ့ အလျောက်ပဲ နောက်မှာလည်း အထွက်နှုန်းက ကျလာတယ်။

အဲ့တော့ စိုက်ဧကလည်း လျော့တယ်။ အထွက်နှုန်းလည်း လျော့လာပြီ ဆိုမှတော့ သေချာတယ် ပြည်နယ်မှာတော့ ထုတ်လုပ်တဲ့ ဟို ဆန် စပါး ဖူလုံမှုနဲ့ ထုတ်လုပ်မှုနဲ့ စားသုံးတဲ့ ပမာဏနဲ့က ဘယ်လိုမှ ဖူလုံနိုင်ဖို့ မလွယ်ဘူး။ အဲ့ဒါကတော့ သေချာပဲပေါ့။

တောင်သူတွေအတွက် ဆန် စပါး စားနပ်ရိက္ခာ ဖူလုံမှု ဘက်ကတော့ တော်တော်လေးကို စိန်ခေါ်မှုကြီးတခု ဖြစ်နိုင်တယ်လို့ သုံးသပ်မိတယ် ပေါ့။ ဒီ ၂၆ အလွန် ၂၇ လောက်မှာ ဆိုရင် အဲ့လောက် အဲ့လို ဖြစ်နိုင်ခြေ ရှိတယ် ပေါ့လေ ဟုတ်။

အမေး။ ။ စစ်ရှောင် စခန်းမှာက ဒီ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တနိုင်တပိုင် စိုက်ပျိုးရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေတာရှိပါသလား။

အဖြေ။ ။ ဌာနကနေ သီးသန့် လုပ်မယ့် plan (အစီအစဉ်) လည်း ရှိသလို အခု လက်ရှိလည်း တခြားသော မိတ်ဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးမှ ဌာနနဲ့ ချိတ်ပြီး လုပ်ဆောင်နေတာ ရှိတယ်။ အထူးသဖြင့်တော့ စစ်ရှောင်တွေကို ပဲ အဓိက ဦးတည်ပြီးသွားတယ်။ စစ်ရှောင် အဖွဲ့တွေကို ဦးတည်ပြီး ရွေးတယ်။ ဒီ လ ဆိုစပြီ။ ဟင်းသီး ဟင်းရွက် အဓိက စိုက်နိုင်ဖို့အတွက်၊ ပြီးရင် တနှစ်ပတ်လုံး စိုက်ပျိုးနိုင်ဖို့အတွက် ဆိုတဲ့နည်းပညာ ပေးတာနဲ့ ပံ့ပိုးမှုတွေ တချို့ ပါတယ်။

အမေး။ ။ လက်ရှိအခြေအနေမှာက တောင်သူတွေအတွက် အရေးကြီးဆုံး ဘာဖြစ်မလဲ။

အဖြေ။ ။ အရေးကြီးဆုံးကတော့ သူတို့ အရင်းအနှီးပေါ့လေ။ လုပ်ချင်ကိုင်ချင်တယ်။ သို့သော်လည်း အရင်းနှီးမရှိတာ တပိုင်း ရှိတယ်။ နောက်တခုကတော့ နယ်မြေ မလုံခြုံတာပေါ့။ တချို့ တောင်သူတွေ စစ်ရှောင်တွေကတော့ နယ်မြေ လုံခြုံမှု ရှိတယ်။ နည်းနည်း safe(လုံခြုံ) ဖြစ်တဲ့ နေရာတွေမှာ နေပေမဲ့လည်း အဓိကတော့ အဲ့ဒီက ငွေကြေးက သူတို့ရဲ့ ပထမ စိန်ခေါ်မှုတခု ဖြစ်နေတာပေါ့။ အစစအရာရာ စျေးတွေအရမ်းမြင့်နေတဲ့ အချိန်မှာ သူတို့မိသားစုရဲ့စားဝတ်နေရေးကိုပဲ သူတို့ လည်ပတ်နေတောင် မှပဲ အလုပ်အကိုင်ကလည်း ရှားပါးတဲ့ ပြဿနာတွေရှိတယ်ဆိုတော့၊ စိုက်ပျိုးရေးအပိုင်းကို သွားပြီးမှ ရင်းနှီးမြှုပ်နှံနိုင်ဖို့ ငွေကြေးအရမ်း ခက်ခဲနေတော့ ငွေကြေးရှိမယ်ဆိုရင် သူတို့ လုပ်ချင်တဲ့ ဆန္ဒ ရှိတယ်။

အမေး။ ။ဟုတ်ကဲ့ပါရှင်။ IEC ရဲ့ စိုက်ပျိုးရေး ဆည်မြောင်း ဌာန အနေနဲ့ ပြည်သူတွေကို အထူးသဖြင့် တောင်သူတွေကို ဘာများတိုက်တွန်းချင်ပါသလဲရှင်။

အဖြေ။ ။ တောင်သူတွေဆိုတာကျေးဇူးရှင် တောင်သူတွေ ဖြစ်တယ်။ အားလုံး အတွက် စားဖို့အတွက်၊ မဖြစ်မနေနေ့စဉ် စားသုံးတဲ့ အစားအစာတွေကို ကနဦး ဖော်ထုတ်ပေးတဲ့ ကျေးဇူးရှင် တောင်သူတွေ ဖြစ်တယ်။ ဌာန အနေနဲ့ကလည်း တောင်သူတွေကို အမြဲတမ်း supporting ပေးနိုင်ဖို့အတွက်၊ တောင်သူတွေနဲ့ အမြဲတမ်း ပူးပေါင်းပြီးမှ ဆောင်ရွက်နိုင်ဖို့အတွက် ကြိုးစားသလို၊ တောင်သူတွေနဲ့ လည်း အမြဲ အဆင်ပြေရင်ပြေသလို စိုက်ပျိုးပေးကြဖို့လည်း တိုက်တွန်းချင်တယ် ပေါ့လေ။

ဒါမှသာလျှင် ကျနော်တို့ပြည်နယ်ရဲ့ စားနပ်ရိက္ခာ ဖူလုံမှုလည်း အဆင်ပြေနိုင်သလို၊ ပြီးရင် ဒီ တော်လှန်ရေးမှာလည်း တဖက်တလမ်းကနေ အထောက်အကူ ပြုနိုင်တဲ့အနေအထား ဖြစ်တယ်လို့လည်း ယုံကြည်တယ်။

အမေး။ ။အခုလို ဒီ ကရင်နီ ဒေသရဲ့ မိုးရာသီ စိုက်ပျိုးမှု အခြေအနေ ဒီလိုမျိုး တောင်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ စားနပ်ရိက္ခာအခြေအနေတွေကို အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့ အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်ရှင့်။

အဖြေ။ ။ဟုတ် ကျေးဇူးပါ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ