KNPP ထိန်းချုပ်နယ်မြေထဲက စစ်ဘေးရှောင်တွေ ထပ်ဆင့် စစ်ဘေးရှောင်နေရ

0
218

ကန္တာရဝတီတိုင်း(မ်)

ကရင်နီတပ်မတော်(K.A) ထိန်းချုပ်နယ်မြေထဲကို လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေဟာ ယမန်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲတွေအပြင်၊ စကစ ရဲ့ လေကြောင်းအသုံးပြုမှုတိုက်ခိုက်၊ကင်းထောက်မှုတွေကြောင့် ထပ်ဆင့် စစ်ဘေးရှောင်နေရတယ်လို့ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောပါတယ်။

“ ချက်ပြုတ်စားသောက်ပြီးတော့ တော်တော်ကြာတော့ လေယာဥ်တော့ လာဝဲလာတယ်။ လေယာဥ်လာဝဲတယ်။ ပြန်ကွေ့သွားတယ်။ နောက်တစ်ခေါက်လာဝဲတယ်။ ပြန်ကွေ့သွားတယ်။ နှစ်စီးပေါ့နော။ နောက်တတိယတစ်ခေါက်တော့ ထပ်လာဝဲပြီးတော့ သူ လက်နက်ကြီးတွေ ပစ်ချသွားတယ်ကျမတို့နဲ့ ခပ်လှမ်းလှမ်းနေရာလောက်မှာ အဲ့လိုပေါ့နော။ ပြီးတော့ ကျမတို့ ဆက်ပြေးရတော့တာပေါ့။ စစ်ပြေး ဒုက္ခသည်ဘဝကတော့ နှစ်ခါရှိသွားပြီ။“ လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၇ရက်နေ့မှာ စစ်ကောင်စီက KNPP ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီကလေယာဥ်နဲ့ အကြိမ်ရေများစွာ လာဝဲနေခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်တွေဟာ ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းနီးပတ်ဝန်းကျင်မှာ စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီကာကွယ်ရေး ဒုဝန်ကြီး ခူဒယ်နီယာက ပြောပါတယ်။

“ လူထုတွေကတော့ ထွက်ပြေးကုန်ပြီ သူတို့လည်း စိုးရိမ်တာပေါ့နော။ ဒီလေယာဥ်တွေလာပစ်တော့ လေယာဥ်တွေ လာဝဲတော့ သူတို့ အဲ့ဒီဒေါနိုးကူးကနေ တစ်ခြားတစ်နေရာ ပြောင်းသွားပြီ။ ထိုင်းနယ်ထဲကို သူတို့ ဝင်သွားပြီ။ ထိုင်းဒုက္ခသည်စခန်းနဲ့ သိပ်မဝေးဘူး။ အဲ့ဒီမှာ သူတို့ နှစ်ဖွဲ့ရောက်နေတယ်။ နှစ်ဖွဲ့သွားနေတယ်။ တစ်ဖွဲ့က လူ၂၀၀လောက်ရှိတယ်။ နောက်တစ်ဖွဲ့က လူတစ်ထောင်လောက်ရှိတယ်။ အဲ့ဒါကထိုင်းနယ်ထဲမှာ အရင်က ရွာဟောင်းတစ်နေရာမှာ“ လို့ ကရင်နီကာကွယ်ရေး ဒုဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

စစ်ရှောင်တွေအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ နီးတဲ့အတွက် ရှောင်ထားကြဖို့ ခူဒယ်နီယာကဆက်ပြောပါတယ်။ KNPP ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းဟာ ကရင်နီပြည်နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစစ်ဘေးရှောင်တွေ လာရောက်ခိုလှုံပြီး စစ်ရှောင်စခန်းတစ်ခုအဖြစ် ၂၀၂၁ ဇူလိုင်လမှာ စတင်နေထိုင်ကြတာဖြစ်ပါတယ်။